ချာ့ဒ်နိုင်ငံ မြို့တော် နေရာအတော်များများမှာပစ်ခတ်မှုတွေ ဖြစ် - ဖေဖော်ဝါရီလ ၂၈ ရက် နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ချာ့ဒ်နိုင်ငံ အန်ဂျာမီနာ မြို့တော်က နေရာ အတော်များများမှာ သေနတ်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

နိုင်ငံတော်လုံခြုံရေး အေဂျင်စီရဲ့ ဌာနချုပ်ရုံးကို အတိုက်အခံပါတီတစ်ခုက တိုက်ခိုက်ခဲ့တယ်လို့ အစိုးရက ပြီးခဲ့တဲ့ နာရီပိုင်းက စွပ်စွဲပြောဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယာယာ ဒေလို ဦးဆောင်တဲ့ အတိုက်အခံ PSF ပါတီရဲ့ လက်ချက်ဖြစ်တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက စွပ်စွဲ ပြစ်တင်ခဲ့ပါတယ်။

မစ္စတာ ယာယာ ဒေလိုဟာ သူ့ရဲ့ ဝမ်းကွဲ ညီအစ်ကို တော်စပ်သူ လက်ရှိသမ္မတ ဗိုလ်ချုပ်ကြီး မဟာမက် ဒက်ဘီ အပေါ် ပြောင်ပြောင်တင်းတင်း ဝေဖန်ပြောဆိုလေ့ ရှိသူ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ အခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့်ပုံ ရှိပါတယ်။

ဗိုလ်ချုပ်ကြီး ဒက်ဘီဟာ နိုင်ငံကို နှစ်ပေါင်း ၃၀ ကျော် အုပ်ချုပ်လာခဲ့တဲ့ ဖခင် ကားမတော်တဆမှုမှာ သေဆုံးခဲ့အပြီး သမ္မတရာထူး ရခဲ့တာ ဖြစ်ပါတယ်။

နာဗယ်လ်နီရဲ့ ဇနီးက ရုရှားသမ္မတပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုတ်တရက် ကွယ်လွန်သွားတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်လ်နီရဲ့ ကျန်ရစ်သူ ဇနီးသည် ယူလီယာ နာဗယ်လ်နာယာက သူ့ရဲ့ ခင်ပွန်းသည်ဟာ လုပ်ကြံမခံရခင် သမ္မတပူတင်ရဲ့ အမိန့်နဲ့ ၃ နှစ်ကြာ နှိပ်စက်ညှင်းပန်း ခံခဲ့ရတယ်လို့ စထရာ့စ်ဘာ့ဂ်မြို့ ဥရောပါလီမန်မှာ ပြောသွားခဲ့ပါတယ်။

မစ္စတာ နာဗယ်လ်နီရဲ့ ရုပ်အလောင်းကိုလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့လည်း ယူလီယာ နာဗယ်လ်နာယာ က မစ္စတာ ပူတင်ဟာ နိုင်ငံရေးသမားတစ်ဦး မဟုတ်ဘဲ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင် သွေးဆာနေတဲ့ မကောင်းဆိုးဝါး တစ်ယောက်သာ ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ကြောင်း ပြောသွားပါတယ်။

ဒါ့ကြောင့် အီးယူအနေနဲ့ ပူတင်ကို လုပ်ငန်းလည်ပတ်ခွင့်တွေ ပြုနေတဲ့ ရှေ့နေတွေ၊ ငွေကြေးလုပ်ငန်းရှင်တွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူ သင့်တယ်လို့ ယူလီယာ နာဗယ်လ်နယာ က ပြောပါတယ်။

ရုရှားခေါင်းဆောင် ပူတင်အနေနဲ့ သူ့လုပ်ရပ်တွေအတွက် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ကြောင်းနဲ့ လွတ်လပ်တဲ့ ရုရှားနိုင်ငံ ဖြစ်လာရေး ခင်ပွန်းဖြစ်သူရဲ့ ဆန္ဒအတိုင်း သူ့အနေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ယူလီယာ နာဗယ်လ်နယာက ကတိပြုသွားပါတယ်။

ဒီအတောအတွင်းမှာပဲ အလက်ဆီ နာဗယ်လ်နီရဲ့ စျာပနကို လာမယ့် သောကြာနေ့ကျရင် မော်စကိုမြို့မှာ ကျင်းပမယ်လို့ သူ့ရဲ့ ပြောခွင့်ရသူ ကီရာ ယာမစ်ရှ် ကပြောပါတယ်။

မာရီနို ရပ်ကွက်က ဘုရားကျောင်းတစ်ခုမှာ စျာပနအခမ်းအနား ကျင်းပမှာ ဖြစ်ပြီး အဲဒီနောက်မှာ ဘိုရစ်ဆော့ဗ်စ်ကိုယီ သင်္ချိုင်းမှာ မြှုပ်နှံမယ်လို့ သူက ပြောပါတယ်။

မစ္စတာ နာဗယ်လ်နီဟာ သူ့ကို ထိန်းသိမ်းထားတဲ့ အာတိတ်ဒေသက တင်းကျပ်တဲ့ အကျဉ်းထောင်တစ်ခုမှာ လွန်ခဲ့တဲ့ ၁၂ ရက်က ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

စျာပန တက်ရောက်မယ့်သူ မပါဘဲ စျာပန အခမ်းအနားကျင်းပဖို့ မစ္စတာ နာဗယ်လ်နီရဲ့ မိခင် သဘောတူလာအောင် အစိုးရတာဝန်ရှိသူတွေက အတင်းအဓမ္မ အကျပ်ကိုင်ခဲ့ကြတယ်လို့ မစ္စတာ နာဗယ်လ်နီရဲ့ အဖွဲ့က အစောပိုင်းက စွပ်စွဲပြောဆိုထားပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေမှာ ခိုလှုံခွင့်တောင်းသူ တဟုန်ထိုး တိုးလာ

ဥရောပသမဂ္ဂနိုင်ငံတွေထဲ ခိုလှုံခွင့် တောင်းခံမှုတွေက ပြီးခဲ့တဲ့နှစ်က တဟုန်ထိုး တိုးလာခဲ့ပြီး ၂၀၁၅ ခုနှစ် နိုင်ငံရွှေ့ပြောင်း ဒုက္ခသည်အကြပ်အတည်းကာလကတည်းကဆိုရင် အမြင့်ဆုံး အဆင့်ကို ရောက်သွားခဲ့ပါတယ်။

ခိုလှုံခွင့်တောင်းခံသူအရေအတွက်က ၁.၁ သန်း ရှိပြီး ၁၈ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ အီးယူ ခိုလှုံခွင့်တောင်းခံသူဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။ အဲဒီထဲမှာ ဆီးရီးယားနဲ့ အာဖဂန်လူမျိုးတွေက အများဆုံး ပါဝင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အီးယူနိုင်ငံတွေမှာ ခိုလှုံခွင့် တောင်းခံခဲ့သူတွေထဲမှာ ယူကရိန်း အရေအတွက်ဟာလည်း ၄.၄ သန်း ရှိတယ်လို့ သိရပါတယ်။ သူတို့ကတော့ တရားဝင် ခိုလှုံခွင့် တောင်းခံစရာ မလိုတဲ့အတွက် စာရင်းထဲမှာ မထည့်သွင်းထားပါဘူး။

ခိုလှုံခွင့်တောင်းခံလာသူတွေထဲမှာ အခုအခါ တူရကီလူမျိုး ၈၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တတိယအများဆုံး အုပ်စု ဖြစ်လာခဲ့ပါတယ်။

ပါလက်စတိုင်းလူမျိုး ခိုလှုံခွင့်တောင်းခံသူတွေလည်း စံချိန်တင်ရလောက်အောင် တိုးလာတယ်လို့ သိရပါတယ်။ နိုင်ငံရွှေ့ပြောင်း ခိုလှုံလာမှု ကိစ္စရပ်ဟာ ဇွန်လမှာ ကျင်းပမယ့် ဥရောပပါလီမန် ရွေးကောက်ပွဲ မတိုင်ခင်မှာ အခြေအတင် သဘောထားကွဲစရာ ကိစ္စရပ် ဖြစ်လာနေပါတယ်။

တောင်ကိုရီးယား ကလေးမွေးဖွားမှုနှုန်း ကမ္ဘာပေါ်မှာ အနိမ့်ဆုံးအဆင့်မှာ ရှိ

တောင်ကိုရီးယားနိုင်ငံမှာ စုံတွဲတွေကို ကလေးတွေ များများ ထပ်ယူကြဖို့ ငွေဘီလျံနဲ့ချီသုံးပြီး လှုံ့ဆော်တိုက်တွန်းနေတဲ့ ကြားကပဲ ကလေးမွေးဖွားနှုန်းဟာ အနိမ့်ဆုံး အဆင့်ကို ထိုးကျသွားခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးဟာ ကလေးတစ်ယောက်တောင် မမွေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

အဲဒီမှာ ကလေးမွေးဖွားမှုနှုန်းဟာ သုည ဒဿမ ၇၂ သာ ရှိပြီး ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးအဆင့်မှာ ရှိနေပါတယ်။

ကျား-မ မညီမျှမှု၊ အမျိုးသားတွေသာ ဦးစီးတဲ့ ဓလေ့နဲ့ ပြိုင်ဆိုင်ရတဲ့ ပညာရေးစနစ်တွေကြောင့် ကလေးမွေးဖွားမှုနှုန်း နည်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။

နောင်တချိန်မှာ တောင်ကိုရီးယားကလူတွေ မျိုးသုဉ်း ပျောက်ကွယ်သွားမယ့်ပုံ ရှိတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဂျပန်နိုင်ငံမှာလည်း အလားတူ အခြေအနေမျိုးနဲ့ ကြုံနေရပြီး အဲဒီမှာ ပြီးခဲ့တဲ့နှစ်က လူဦးရေ တစ်သန်းနီးပါး လျော့ကျသွားတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။