ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟားမတ်စ် လိုဏ်ခေါင်း၀င်ပေါက် ရာကျော် ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးပြော - နို၀င်ဘာ ၈ ရက် ညနေခင်း နိုင်ငံတကာသတင်းများ
ဂါဇာစီးတီးမြို့လယ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ အချက်အချာကျတဲ့ ဆက်သွယ်ရေး လိုဏ်ခေါင်းဝင်ပေါက် တရာကျော်ကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ် က ပြောပါတယ်။
ဒါ့အပြင် အရပ်သားအဆောက်အအုံတွေမှာ ကွယ်ဝှက်ထားတဲ့ ဒုံးကျည်တွေ အပါအဝင် လက်နက်ပေါင်း ၄,၀၀၀ ကိုလည်း သိမ်းဆည်းရမိတယ်လို့ အစ္စရေး စစ်တပ်ပြောခွင့်ရသူက ဆိုပါတယ်။
ဟားမတ်စ် အဖွဲ့ရဲ့ လက်နက်ထုတ် အဓိက စက်ရုံတခုကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။
ဟားမတ်စ် ကျန်းမာရေး အရာရှိတွေကတော့ လက်ရှိ ဂါဇာစစ်ပွဲ စကတည်းက သေဆုံးသူပေါင်း တသောင်းကျော် ရှိလာပြီး အဲဒီအထဲက ထက်ဝက်နီးပါးက ကလေးတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဟက်ဇ်ဘိုလာက ဟားမတ်စ်ကို ချီးကျူး
ပြီးခဲ့တဲ့လ အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်အဖွဲ့ကို လက်ဘနွန် စစ်သွေးကြွ ဟက်ဇ်ဘိုလာခေါင်းဆောင်တယောက်က ချီးကျူးစကား ပြောကြားလိုက်ပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁,၄၀၀ သေဆုံးခဲ့ပြီး ၂၀၀ကျော် ဓားစာခံ အဖြစ် အဖမ်းခံထားရတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ သတ်ဖြတ်မှုတွေဟာ ပြန်လည်တော်လှန်ဖို့နဲ့ ခုခံကာကွယ်ဖို့ ရှောင်လွှဲလို့ မရတဲ့အတွက် ပေါ်ပေါက်လာရတာလို့ ဟက်စ်ဇဘိုလာ ဒုတိယ အကြီးအကဲ ရှိတ်ခ် နင်းမ် ကွာဆမ်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် အစ္စရေးတို့ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပါလက်စတိုင်း ပြည်သူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
အခု လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခကနေ ဒေသတွင်းစစ်ပွဲ အဖြစ် ပျံ့နှံ့သွားနိုင်တယ်လို့ သူက သတိပေးထားပါတယ်။
ဂါဇာစစ်ပွဲအပြီး အခင်းအကျင်း ဘလင်ကင်ချပြ
တလကျော် ရှိလာတဲ့ ဂါဇာအရေးနဲ့ ပတ်သက်လို့ ဒီပဋိပက္ခအပြီး ဖြစ်လာနိုင်ခြေရှိတာတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ချပြလာပါတယ်။
ဂျော်ဒန်မြစ် ဂါဇာနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသဟာ ပူးပေါင်းပြီး ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ လက်အောက်မှာ ရှိသင့်တယ်လို့ အန်တိုနီဘလင်ကန်က ဂျပန်မှာကျင်းပနေတဲ့ G7 အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဂါဇာကို အစ္စရေးတို့ သိမ်းပိုက်ထားမှာမျိုး ဒါမှမဟုတ် ပိတ်ဆို့ထားမယ့် အခြေအနေမျိုး မရှိသင့်ဘူးလို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဂါဇာဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ အသုံးချခံ မဖြစ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။
G7 နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ ဂါဇာမှာ လူသားချင်းစာနာမှုတွေ လုပ်ဆောင်ဖို့ ပစ်ခတ်မှုတွေ ရပ်ဆိုင်းပြီး စာနာမှု အကူအညီတွေ ဝင်ပေးခွင့် ရသင့်တယ်လို့ ပန်ကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လစာတိုးပေးဖို့ ဆန္ဒပြသူတွေကို ရဲဖြိုခွဲလို့ တယောက် သေဆုံး၊အများအပြား ဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒက္ကာမြို့နားက ဆန္ဒပြမှုအတွင်း ရဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရာက အလုပ်သမား အမျိုးသမီးတယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
အထည်ချုပ်အလုပ်သမားတွေဟာ လက်ရှိ လစာရဲ့ ၃ဆအထိ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတာ သီတင်းပတ်နဲ့ချီ ရှိလာပါပြီ။
အခုနောက်ဆုံး တိုးမြှင့်ပေးတဲ့ လစာ ပမာဏကို ပယ်ချခဲ့ပြီး တရက်အကြာ အထည်ချုပ် အလုပ်သမားတွေ လမ်းပေါ်ပြန်ထွက် ဆန္ဒပြခဲ့ကြတာပါ။
လမ်းတွေကို ဘလောက်တုံးတွေနဲ့ပိတ် ရဲတွေကို ခဲနဲ့ပစ်တဲ့ ဆန္ဒပြသမားတွေကို မျက်ရည်ယိုဗုံးတွေ ၊ ရာဘာကျည်တွေနဲ့ ဖြိုခွဲခဲ့တယ်လို့ ရဲက ပြောပါတယ်။
အလုပ်သမားတွေ လစာကိစ္စနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးဖို့ အစိုးရ ခန့်ထားတဲ့ ခုံသမာဓိအဖွဲ့က လာမယ့် ဒီဇင်ဘာကစပြီး တလကို လစာ ၅၆ ရာနှုန်း ၊ ပမာဏအားဖြင့် ၁၁၄ ဒေါ်လာအထိ တိုးပေးဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် အလုပ်သမား သမဂ္ဂတွေက အဲဒီပမာဏရဲ့ နှစ်ဆ ပေးဖို့ တောင်းဆိုနေပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်ပြီးရင် ကမ္ဘာမှာ ဒုတိယ အကြီးဆုံး အဝတ်အထည် ပြည်ပတင်ပို့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
တပတ်အတွင်း တရုတ်ဗိုလ်ချုပ်ကြီးနဲ့ ၂ ကြိမ်တွေ့ခဲ့တဲ့ ရုရှားကာကွယ်ရေး ဝန်ကြီး ဆက်ဆံရေးကိစ္စ ဘာတွေပြောသလဲ
ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှိုင်ဂူးဟာ တရုတ်နဲ့ စစ်ရေးမဟာမိတ်အဖွဲ့တခု တည်ထောင်နေတယ်ဆိုတဲ့ ပြောဆိုချက်ကို ငြင်းလိုက်ပါတယ်။
မော်စကိုမြို့မှာ တရုတ်ထိပ်တန်း ကာကွယ်ရေး အရာရှိတယောက်နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ သူက အခုလို ပြောလိုက်တာပါ။
မစ္စတာ ရွှေဂူး တပတ်အတွင်း ဒုတိယအကြိမ် အဖြစ် တွေ့ဆုံခဲ့တဲ့ တရုတ် ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ဟာ ရုရှား သမ္မတ ပူတင်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
သူတို့ဟာ နောက်ထပ် ဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကြောင်း ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ရွှိုင်ဂူးက ဆိုပါတယ်။
မနှစ်တုန်းက ယူကရိန်းက စစ်ပွဲ အပြည့်အဝ ဆင်နွှဲပြီးကတည်းက ရုရှားဟာ တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်လာတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်သွားလိုကြောင်း တရုတ်ပြော
ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ တင်းမာမှုရှိခဲ့တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်လိုတယ်လို့ တရုတ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ ကဏ္ဏတိုင်းမှာ ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်လို့ တရုတ်ဒုသမ္မတ ဟန်ကျန့် က စင်ကာပူမှာပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ လာမယ့်သီတင်းပတ်မှာ ဆန်ဖရန်စစ္စကိုမှာ အမေရိကန် သမ္မတ ဘိုင်ဒန်က တွေ့ဆုံဖို့ ရှိပါတယ်။
အခုနှစ်အတွင်း အမေရိကန်က ဆက်ဆံရေး တိုးမြှင့်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ တရုတ် နိုင်ငံ ဆီကို ထိပ်တန်းအရာရှိတော်တော်များများ စေလွှတ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ကုန်သွယ်ရေး ၊ လုံခြုံရေး နဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ သဘောထား ကွဲပြားမှုတွေ အကြီးအကျယ် ရှိနေတာကြောင့် ဆက်ဆံရေး အစစ်အမှန် တိုးမြှင့်ဖို့ အတွက် ဒါတွေက အဟန့်အတားဖြစ်နေပါတယ်။