ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အဂတိအရှုပ်တော်ပုံကြောင့် ဂျပန်ဝန်ကြီး ၄ ဦး နုတ်ထွက်
ဂျပန်နိုင်ငံမှာတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၄ ဦးဟာ အာဏာရပါတီထဲက အင်အားကြီးတဲ့အစုအဖွဲ့ ပါဝင်နေတဲ့ ရန်ပုံငွေရှာဖွေမှုဆိုင်ရာ အရှုပ်တော်ပုံတစ်ခုကြောင့် ကြာသပတေးနေ့မှာ ရာထူးကနေ နုတ်ထွက်သွားကြပါတယ်။
ပါတီဟာ ၂၀၂၂ ခုနှစ်အထိဆိုရင် ၅ နှစ်နီးပါးအတွင်း တရားမဝင်တဲ့ကိစ္စတွေမှာ ရန်ပုံငွေ ဂျပန်ယန်းငွေ သန်း ၅၀၀ ကျော် အထိရှိခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။
တိုကျိုအစိုးရရှေ့နေတွေကတော့ အဂတိမှုမြောက်မလားဆိုတာကို စုံစမ်းမှုတစ်ခုပြုလုပ်နေပြီလို့ နစ်ကေးသတင်းဌာနက သတင်းဖော်ပြပါတယ်။
ဒါဟာ လူထုထောက်ခံမှု သဘောထားမှာ ကျဆင်းနေတဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါရဲ့ အစိုးရအတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်လာပါတယ်။
၁၉၅၅ ခုနှစ်ကတည်းက ဆက်တိုက်အာဏာရလာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP)ဟာ ၂၀၁၂ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအကြိမ်အနေနဲ့ လူထုထောက်ခံမှု ၃၀ ရာခိုင်နှုန်းအောက်ကို ကျဆင်းခဲ့တယ်လို့ NHK ရဲ့ လေ့လာချက်တစ်ခုမှာ ပြသပါတယ်။
ငွေကြေးဖောင်းပွမှုကို မဲဆန္ဒရှင်တွေက ဒေါသထွက်ကြသလို အစောပိုင်းက အရှုပ်တော်ပုံတွေကိုလည်း မစ္စတာ ကီရှီဒါရဲ့ကိုင်တွယ်မှုပုံကို မဲဆန္ဒရှင်တွေက ဒေါသထွက်ကြပါတယ်။
ဝန်ကြီးချုပ်ရဲ့ ညာလက်ရုံးလို မကြာခဏမြင်တွေ့ခဲ့ရတဲ့ အစိုးရအဖွဲ့အတွင်းဝန်လည်းဖြစ်၊ အစိုးရရဲ့ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဟီရိုကာဇု မာဆုနိုဟာ နုတ်ထွက်တဲ့ဝန်ကြီး ၄ ဦးထဲမှာ အထင်ရှားဆုံးဝန်ကြီးဖြစ်ပါတယ်။
စီးပွားရေးနဲ့စက်မှုဝန်ကြီး ယာဆိုတိုရှိ နီရှီမုရာ၊ ပြည်ထဲရေးဝန်ကြီး ဂျွန်ဂျီ ဆူဇူကီးနဲ့ စိုက်ပျိုးရေးဝန်ကြီး အီချီရို မီယာရှီတာတို့လည်း တစ်နေ့တည်းမှာ ရာထူးကနေ ဆင်းပေးခဲ့ကြပါတယ်။
သူတို့နေရာကို အစားထိုးတာကိုတော့ ကြာသပတေးနေ့နှောင်းပိုင်းမှာပဲ ကြေညာနိုင်ခြေရှိပါတယ်။
ဒါအပြင် အရင်က ဝန်ကြီးချုပ် ရှင်ဇို အာဘေးဦးဆောင်ခဲ့တဲ့ ပါတီထဲက တစ်ခုတစ်ဖွဲ့တည်းမှာပါဝင်တဲ့ အကြီးတန်းဒုဝန်ကြီး ၅ ဦးနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့လည်း ရာထူးကနေ နုတ်ထွက်သွားကြပါတယ်။
အခုလို အစိုးရဝန်ကြီးတွေအများစု တစ်ပြိုင်နက်တည်းနုတ်ထွက်ကြတာဟာ အစိုးရအဖွဲ့အတွင်းမှာ ပါတီရဲ့ အင်အားအရှိဆုံး အစုအဖွဲ့အတွက် ကိုယ်စားပြုမယ့်သူမရှိတော့သလို LDP ပါတီအတွက်လည်း ပုံမှန်မဟုတ်တဲ့အခြေအနေနဲ့ကြုံလိုက်ရတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ရာထူးစယူခဲ့တဲ့မစ္စတာ ကီရှီဒါကတော့ စွပ်စွဲချက်တွေကို ‘‘တိုက်ရိုက် ရင်ဆိုင်’’ ဖြေရှင်းမယ်လို့ ဗုဒ္ဓဟူးနေ့မှာပဲ ပြောထားပါတယ်။
နုတ်ထွက်ကြတဲ့ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေပါဝင်တဲ့ ပါတီထဲက အစုအဖွဲ့ဟာ ရန်ပုံငွေရှာဖွေချိန်ရရှိတဲ့ယန်းငွေ သန်းရာချီကို တင်ပြထုတ်ပြန်တာမလုပ်ခဲ့ဘူးလို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
ဝေးဝါ့ မူဝါဒအဖွဲ့အဖြစ်သိကြတဲ့ အဲဒီအစုအဖွဲ့ဟာ ပါတီရန်ပုံငွေရှာဖွေတဲ့ပွဲတွေမှာ လက်မှတ်ရောင်းချတာတွေကို သက်ဆိုင်ရာပါတီဝင်တွေကို ခွဲတမ်းချပေးတာဖြစ်ပါတယ်။
ပါတီဝင်တွေဟာ အဲဒီခွဲတမ်းကို ကျော်လွန်ပြီး လက်မှတ်ရောင်းချနိုင်တဲ့အခါ အပိုရတဲ့ရန်ပုံငွေတွေကို ရရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဂျပန်မှာ ဥပဒေချိုးဖောက်မှုတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ အခုဖြစ်ရပ်မှာ ရာဇဝတ်မှုဆိုင်ရာတိုင်တန်းချက်အနေနဲ့ စွပ်စွဲတာတွေကတော့ အပိုရတဲ့ငွေတွေဟာ မှတ်တမ်းမှတ်ရာနဲ့စာရင်းမသွင်းထားဘဲ အဲဒီအစား တရားဝင်မဟုတ်တဲ့ကိစ္စတွေမှာသုံးဖို့လျာထားမယ့် ရန်ပုံငွေတွေဖြစ်သွားတယ်လို့ ပြောထားပါတယ်။
မစ္စတာ မာဆုနိုဟာ သူ့ရဲ့ဝင်ငွေ ယန်းငွေ ၁၀ သန်းကျော်ကို တင်ပြဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။
မစ္စတာ ခီရှီဒါ ဦးဆောင်ခဲ့ဖူးတဲ့ LDP ပါတီတွင်းက အုပ်စုတစ်ခုအပါအဝင် အခြားအဓိက အုပ်စုတွေဟာ ရန်ပုံငွေရရှိမှုကို အစီရင်ခံစာတွေမှာ မဖော်ပြခဲ့ဘူးလို့ စွပ်စွဲတာတွေလည်း ကြုံနေရပါတယ်။
ဗုဒ္ဓဟူးနေ့တုန်းကတော့ ဂျပန့် အောက်လွှတ်တော်ဟာ ဝန်ကြီးချုပ်ရဲ့အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းတဲ့ အတိုက်အခံတွေရဲ့အဆိုကို ပယ်ချခဲ့ပါတယ်။
LDP ပါတီဟာ နောက်နှစ် စက်တင်ဘာလမှာ ပါတီခေါင်းဆောင်ပိုင်းရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကတော့ ၂၀၂၅ ခုနှစ်မှာ ကျင်းပမှာဖြစ်ပါတယ်။
အကဲခတ်တချို့ကတော့ မစ္စတာ ခီရှီဒါတစ်ယောက် သူ့နေရာကို ဆက်ပြီးရတယ်ဆိုရင်တောင် သူ့အပေါ် အများယုံကြည်လက်ခံမှုဟာ လက်ရှိဖြစ်နေတဲ့ အရှုပ်တော်ပုံတွေကြောင့် လျော့ပါးနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
‘‘ခီရှီဒါဟာ လက်ရှိမှာ အာဏာဆက်ရှိနေဦးပါမယ်။ သူနဲ့ ထင်ထင်ပေါ်ပေါ် ယှဥ်ပြိုင်နိုင်မယ့် နောက်ထပ် ပါတီဥက္ကဋ္ဌလောင်း ဆိုတာလည်း မရှိသေးဘူးဆိုတော့လေ။ ဒါပေမဲ့ ခိုင်မာတဲ့ပြိုင်ဘက် ထွက်ပေါ်လာတဲ့အခါ ခီရှီဒါကို ဖြုတ်ချဖို့ လုပ်လာနိုင်ပါတယ်’’ လို့ တိုကျိုတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ယု အူချီယာမက ရိုက်တာသတင်းဌာနကို ပြောပါတယ်။