နီဂျဲသမ္မတကို သမ္မတအိမ်တော် အစောင့်တပ်သားတွေက ထိန်းသိမ်းထား၊ အာဏာသိမ်းမှုလို့ ယူဆရ- ဇူလိုင် ၂၆ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

နီဂျဲနိုင်ငံမှာ သမ္မတ မိုဟာမက် ဘက်ဇွန်းကို သမ္မတအိမ်တော် အစောင့်တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားလိုက်ပြီး ဒါဟာ အာဏာသိမ်းမှုလို့ ယူဆရပါတယ်။

နီယာမေမြို့တော်က သမ္မတ အိမ်တော်ရှိရာ အလားတူ ရပ်ကွက်ထဲက ဝန်ကြီးဌာန အများအပြားဆီသွားရာ လမ်းတွေလည်း ပိတ်ဆို့ခံထားရပါတယ်။

နီဂျဲနိုင်ငံဟာ ဂျီဟာ့ဒ်ဝါဒီ လက်နက်ကိုင် နှစ်ဖွဲ့ အခြေစိုက်ရာ နိုင်ငံဖြစ်ပါတယ်။

အနောက်အာဖရိကဒေသမှာ အစ္စလာမစ် လက်နက်ကိုင်တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ နီဂျဲဟာ ပြင်သစ်နဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံအတော်များများရဲ့ အရေးပါတဲ့ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က သူ့သားအကြီးဆုံးကို ရာထူးလွှဲပေးတော့မယ်လို့ ကြေညာ

ကမ္ဘာပေါ်မှာ သက်တမ်း အကြာဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ လာမယ့် လကျရင် ရာထူးကနေ ဆင်းပေးတော့မှာ ဖြစ်ပါတယ်။

ရုပ်မြင်သံကြားပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ဟွန်ဆန်က ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်တော့မှာ မဟုတ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။

သူ ရာထူးမှာဆက်ရှိနေရင် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တာကြောင့် သားအကြီးဆုံး ဟွန် မနိုက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်းနဲ့ ဆီးနိတ်လွှတ်တော်ကိုလည်း ဟွန်မနိုက် က ဦးဆောင်သွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

သူ့ရဲ့ မိန့်ခွန်းထဲမှာ ဟွန်ဆန်က ဝန်ကြီးချုပ်သစ် ဒါမှမဟုတ် အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေမှာ သူဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ကတိပြုပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ အစိုးရပါတီက အနိုင်ရခဲ့အပြီးမှာ အခုလို လုပ်ခဲ့တာပါ။ အဲဒီရွေးကောက်ပွဲဟာ တရားမမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ခမာနီကွန်မြူနစ်အစိုးရအဖွဲ့ရဲ့ တပ်မှူးတစ်ဦး ဖြစ်ခဲ့ဖူးသူ ဟွန်ဆန် ဟာ ကမ္ဘောဒီးယားနိုင်ငံကို ၁၉၈၅ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တာပါ။

နိုင်ငံရေးသမား သက်တမ်းအတွင်း ဟွန်ဆန်ဟာ အစိုးရပါတီရဲ့ ဥက္ကဋ္ဌအဖြစ်ရော၊ ဘုရင်မင်းမြတ်မရှိချိန် နိုင်ငံရဲ့ ယာယီအကြီးအကဲ အဖြစ်ပါ ဆောင်ရွက်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ပြုံယမ်းမှာ ရောက်ရှိနေ

ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲမှု နှစ်ပေါင်း ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့အတွက် ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေး ရွှေဂူ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ ရောက်ရှိနေပါတယ်။

ဆာဂေး ရွှေဂူ ဟာ ကိုဗစ်ကပ်ဘေးကြီး ဖြစ်ပွားပြီးကတည်းက မြောက်ကိုရီးယားနိုင်ငံကို လာရောက်တဲ့ ပထမဆုံး နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့ထဲက ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ မြောက်ကိုရီးယားကို သံတမန်ရေးနဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်နိုင်ငံတစ်ခုအဖြစ် အခုအခါ သတ်မှတ်လာတဲ့ ရုရှားရဲ့ အရေးထားမှုအဖြစ် ယူဆနေကြပါတယ်။

ရုရှားဟာ ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုဖို့ အမြောက်ကျည်အများအပြားနဲ့ ရော့ကက်ဒုံးတွေကို မြောက်ကိုရီးယားထံကနေ ဝယ်ယူခဲ့တယ်လို့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ သိရပါတယ်။

အိန္ဒိယပါလီမန်မှာ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုနဲ့ ဝန်ကြီးချုပ် ရင်ဆိုင်နေရ

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က လူမျိုးစုအကြား အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ပါလီမန်တွင်း ဆွေးနွေးပြောဆိုမှုတွေ ရက်နဲ့ချီ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်ခဲ့အပြီး အခုအခါ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီအနေနဲ့ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုတစ်ခုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီလို အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်ဖို့ အဆိုကို မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ အတိုက်အခံညွန့်ပေါင်း အဖွဲ့သစ် INDIA အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

မဏိပူရပြည်နယ်မှာ အခြေအနေတွေ ယိုယွင်းလာနေတဲ့ကိစ္စ ပါလီမန်မှာ တင်ပြဆွေးနွေးရေး မစ္စတာ မိုဒီကို သူတို့ ဖိအားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

လူများစု ဟိန္ဒူဘာသာဝင် မိုင်သည်း ခေါ် ကသည်း လူမျိုးစုနဲ့ လူနည်းစု ခရစ်ယာန် ဘာသာဝင် ကူကီး လူမျိုးစုအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တဲ့ မေလကတည်းကစလို့ မဏိပူရပြည်နယ်မှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီမှာ ကူကီး လူမျိုးစုဝင်တွေအပေါ် အကြမ်းဖက် ရက်စက်မှုတွေ တစ်နေ့တခြား တိုးပွားလာနေပြီး သောင်းနဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။