ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကောင်းကင်က ပဟေဠိဆန်တဲ့ အရာဝတ္ထုတွေကို အမေရိကန်စစ်တပ် ဆက်တိုက် ပစ်ချနေရ
ဘီဘီစီသတင်း၊ ဂရက်အီဗန်၊ဝါရှင်တန်
အမေရိကန်စစ်တပ်ဟာ မြောက်အမေရိကတိုက် ကောင်းကင်ယံမှာ မျောနေတဲ့ အရာဝတ္ထု သုံးခုကို မကြာခင်ရက်ပိုင်းက ပစ်ချခဲ့ပြီး၊ သူတို့ပစ်ချလိုက်တဲ့ အရာဝတ္ထုတွေက လေထဲကို ဘယ်လိုမျောပါနေတယ်ဆိုတာ သိနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။
အခုလအတွင်း အမေရိကန်လေပိုင်နက်ထဲကို ရောက်လာတဲ့ စတုတ္ထမြောက် အရာဝတ္ထုတစ်ခုကို ပစ်ချဖို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့က အမိန့်ပေးခဲ့ပါတယ်။
အဲဒီအရာဝတ္ထုက ပေနှစ်သောင်းအမြင့်မှာ မျောနေတာဖြစ်ပြီး၊လေယာဥ်တွေ ပျံသန်းတဲ့ လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
အမေရိကန်နိုင်ငံလေပိုင်နက်ထဲ မျောနေတဲ့ အဆိုပါအရာဝတ္ထုဟာ "ဓာတ်ငွေ့မိုးပျံပူဖောင်း အမျိုးအစား" သို့မဟုတ် "တွန်းကန်အားစနစ်သုံး အမျိုးအစား" ဖြစ်နိုင်တယ်လို့ အမေရိကန် စစ်ဘက်တပ်မှူးတစ်ဦးကလည်း ပြောပါတယ်။
အဲဒီအရာဝတ္ထုတွေက အခြားကမ္ဘာဂြိုဟ်ကလာတဲ့ ပစ္စည်းတွေဖြစ်နေမလားဆိုတဲ့အချက်ကိုလည်း သူ့အနေနဲ့ အဆုံးအဖြတ်မပေးနိုင်ဘူးလို့ ထပ်ဖြည့်ပြောပါတယ်။
အမေရိကန်စစ်တပ် နောက်ဆုံးပစ်ချလိုက်တဲ့ အရာဝတ္ထုက ကနေဒါနယ်စပ်အနီး မစ်ရှီဂန် ပြည်နယ်ထဲက Huron ရေကန်ပေါ် ကောင်းအမြင့်မှာ မျောနေတာဖြစ်ပြီး၊မောင်းသူမဲ့ "အဋ္ဌဂံပုံသဏ္ဍာန်" လိုမျိုး ကြိုးတွေနဲ့လည်း တွဲထားတဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဖော်ပြကြပါတယ်။
အဲဒီအရာဝတ္ထုကို ဒေသစံတော်ချိန် မွန်းလွဲပိုင်း ၂ နာရီ ၄၂ မိနစ်မှာ အက်ဖ် ၁၆ တိုက်လေယာဉ်က ဒုံးကျည်နဲ့ ပစ်ချခဲ့တာပါ။
အခုလအတွင်း မြောက်အမေရိက လေပိုင်နက်ထဲမှာ ပစ်ချခဲ့တဲ့ ကောင်းကင်မှာ မျောပါနေတဲ့ အရာဝတ္ထုတွေနဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာတွေကလည်း ပိုတိုးလာနေခဲ့ပါတယ်။
အမေရိကန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြီး Glen VanHerck ကတော့ အဲ့ဒီအရာဝတ္ထုတွေမှာ ခြိမ်းခြောက်မှုရှိတဲ့ အရိပ်အယောင်လက္ခဏာတစ်ခုမှ မတွေ့ရသေးကြောင်း ပြောပါတယ်။
"ကျွန်တော့်အနေနဲ့ အဲဒီအရာတွေက မိုးပျံပူဖောင်းတွေ ဟုတ်တယ် မဟုတ်ဘူးဆိုတာ အမျိုးအစားခွဲ ပြောပြနေမှာ မဟုတ်ပါဘူး။အကြောင်းပြချက်တစ်ခုကြောင့် အရာဝထ္ထုလို့ ကျွန်တော်တို့ ခေါ်နေတာပါ"လို့ သူက ရှင်းပြပါတယ်။
ပြီးတော့ သူတို့ တွေ့နေရတဲ့ အရာဝတ္ထုတွေက အလွန်သေးငယ်ပြီး ရေဒါနဲ့ကြည့်ရင် မြင်ရဖို့တောင် ခက်တယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း အဲဒီအရာဝတ္ထုတွေဟာ ဘယ်လိုအရာဝတ္ထုတွေဖြစ်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေကလည်း အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။
ဗိုလ်ချုပ် VanHerckကို အဲဒီအရာဝတ္ထုတွေက ဂြိုဟ်သားတွေ ဒါမှမဟုတ် ပြင်ပဂြိုဟ်သားတွေ ဖြစ်နိုင်လားလို့ မေးတဲ့အခါ သူက " ဒီကိစ္စကို အမေရိကန်ထောက်လှမ်းရေး အသိုင်းအဝိုင်းနဲ့ တန်ပြန်ထောက်လှမ်းရေး အသိုင်းအဝိုင်းက အဖြေပေးပါလိမ့်မယ်။ ဒီအချိန်မှာ ကျွန်တော် ဘာမှမပြောချင်သေးဘူး" လို့ လို့ ပြန်ပြောပါတယ်။
အမေရိကန်လေပိုင်နက်ထဲ ရက်အတန်ကြာ ပျံဝဲနေတဲ့ တရုတ်သူလျှိုမိုးပျံပူဖောင်းလို့ သံသယရှိတဲ့ မိုးပျံပူဖောင်းတစ်လုံးကို တောင်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတန်းအထက်က လေပိုင်နက်ထဲမှာ အမေရိကန်က ပစ်ချခဲ့ပါတယ်။
ဒီမိုးပျံပူဖောင်းဟာ တရုတ်က လွှင့်တင်လိုက်တာဖြစ်ပြီး အရေးကြီးတဲ့ နေရာတွေကို ထောက်လှမ်း စောင့်ကြည့်ဖို့ အသုံးပြုတာဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။
အဲဒီ မိုးပျံပူဖောင်းက သူတို့ဟာလို့ တရုတ်ကဝန်ခံထားပြီး ထောက်လှမ်းရေး အတွက် သုံးတာမဟုတ်ဘူး၊ မိုးလေဝသအခြေအနေစောင့်ကြည့်ဖို့ အသုံးပြုတာပါလို့ အမေရိကန်ရဲ့ စွပ်စွဲချက်ကို တရုတ်ဘက်က ပြန်ချေပပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲအနေနဲ့ အမေရိန်ကန်နဲ့ တရုတ်အစိုးရကြား တင်းမာမှုတွေ အရှိန်မြင့်တက်လာနေပါတယ်။
ဒါပေမဲ့ ရက်အတော်ကြာ တုံ့ပြန်မှုတွေမရရှိခဲ့ဘဲ ပထမဆုံးပစ်ချလိုက်တဲ့ အရာဝတ္ထုနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်အစိုးရနဲ့ ဆက်သွယ်စကားပြောခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက တနင်္ဂနွေနေ့က အတည်ပြုပါတယ်။ ဒါပေမဲ့ သူတို့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပထမ အရာဝတ္ထုတစ်ခုကို အမေရိကန် တိုက်လေယာဉ်တွေက ပစ်ချပြီးနောက်ပိုင်းမှာလည်း အမေရိကန်လေပိုင်နက်ထဲကို ရောက်လာတဲ့ နောက်ထပ် အရာဝတ္ထုသုံးခုကို လတ်တလော ရက်ပိုင်းအတွင်း ဆက်တိုက်ပစ်ချခဲ့ပါတယ်။
အလက်စကာပြည်နယ် မြောက်ပိုင်းကောင်းကင်မှာပျံနေတဲ့ အရာဝတ္ထုကို ပစ်ချဖို့ အမေရိကန်သမ္မတ ဘိုင်ဒင်က သောကြာနေ့မှာ အမိန့်ပေးခဲ့ပြီး၊ စနေနေ့မှာ ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းYukon ဒေသက အလားတူ အရာဝတ္ထုတစ်ခုကိုလည်း ထပ်ပစ်ချခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံစလုံးက သူတို့ပစ်ချလိုက်တဲ့ အရာဝတ္ထုက ပဲ့ထွက်လာတဲ့ အစိတ်အပိုင်းအကြွင်းအကျန်တွေကို ပြန်လည်ရယူဖို့ ကြိုးစားလုပ်ဆောင်နေဆဲဖြစ်ပေမယ့်၊ အလက်စကာမှာ ပစ်ချခဲ့တဲ့ အရာဝတ္ထုရဲ့ အစိတ်အပိုင်းတွေ ရှာဖွေဖို့ အာတိတ်ရာသီဥတုအခြေအနေကြောင့် အခက်အခဲတွေရှိနေပါတယ်။
အမျိုးအမည်မသိ အရာဝတ္ထုတွေကို ပစ်ချခဲ့တဲ့ အချိန်ဇယား
ဖေဖော်ဝါရီ ၄ - တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ သံသယရှိတဲ့ မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချခဲ့ပါတယ်။အဲဒီ မိုးပျံပူဖောင်းဟာ အမေရိကန်နိုင်ငံ လေပိုင်နက်ထဲကို ရက်အတန်ကြာ မျောနေတာဖြစ်ပြီး၊အဲဒီ မိုးပျံပူဖောင်းက တရုတ်နိုင်ငံကနေ ရောက်ရှိလာပြီး ထိလွယ်ရှလွယ်ဖြစ်တဲ့ အရေးကြီးတဲ့နေရာတွေကို ထောက်လှမ်းဖို့ ဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ - အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မြောက်ပိုင်း လေပိုင်နက်ထဲကို ဝင်လာတဲ့ တွန်းကန်အား သို့မဟုတ် ထိန်းချုပ်မှုမရှိတဲ့ နောက်ထပ်အရာဝတ္ထုတစ်ခုကို အမေရိကန်က ထပ် ပစ်ချခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁- အမေရိကန်နယ်စပ်နဲ့ မိုင် ၁၀၀ခန့်အကွာ ကနေဒါနိုင်ငံ ယူကွန်ဒေသ လေပိုင်နက်ထဲ မျောနေတဲ့ အရာဝတ္ထုတစ်ခုကို အမေရိကန် တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့။ အဲ့ဒီအရာဝတ္ထု ပထမမီးပုံးပျံထက်သေးငယ်ပြီး ဆလင်ဒါပုံဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၂- အမေရိကန်ဂျက်လေယာဉ်တွေက Huron ရေကန်အနီး ကောင်းကင် အမြင့်ပိုင်းမှာ မျောပါနေတဲ့ စတုတ္ထမြောက် အရာဝတ္ထုတစ်ခုကို "သတိပေးချက်တွေ အများကြီး "ပေးပြီးနောက် ပစ်ချခဲ့။
အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက ABC သတင်းဌာနကို ပြောကြားချက်အရ ဆိုရင်တော့ လတ်တလောရက်ပိုင်းအတွင်းပစ်ချလိုက်တဲ့ အရာဝတ္ထုသုံးခုက မိုးလေဝ သအခြေအနေလေ့လာတဲ့ ကိရိယာတွေဖြစ်ပြီး ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေ မဟုတ်ဘူး ဆိုတာ သိရပါတယ်။
ဒါပေမဲ့ အဲ့ဒီလိုပြောကြားချက်တွေက အစောပိုင်းမှာ မီဒီယာတွေကို ပြောကြားခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် ထိပ်တန်းဒီမိုကရက် တစ်ယောက်ပြောခဲတဲ့ ပစ်ချခဲ့တဲ့ အရာဝတ္ထုတွေက ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေဆိုတာကို ထောက်လှမ်းရေးအရာရှိတွေက ယုံကြည်နေကြတယ်ဆိုတဲ့ ပြောကြားချက်တွေနဲ့ ဆန့်ကျင်နေပါတယ်။
"သူတို့က မိုးပျံပူဖောင်းတွေလို့ ယုံကြည်နေကြတယ်၊ ဟုတ်ပါတယ်" လို့ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumerကပြောခဲ့ပြီး တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ ပထမဆုံး ပစ်ချခဲ့တဲ့ အရာဝတ္ထုထက် နောက်ပစ်ချတဲ့ သုံးခုက အရမ်းသေးတယ်လို့ ပြောပါတယ်။
မွန်တာနာပြည်နယ် ကိုယ်စားပြု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Jon Testerကလည်း ဘီဘီစီရဲ့ လုပ်ဖော်ကိုင်ဖက် အမေရိကန်သတင်းဌာန CBS ကို " ပြီးခဲ့တဲ့ နှစ်ပတ်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေက အရူးထပြီး အလကားဖြစ်ခဲ့တာတွေမဟုတ်ဘူး။ ပြီးတော့ စစ်တပ် အနေနဲ့ အန္တရာယ်ရှိတဲ့ ကိစ္စတွေအဖြစ် ဆုံးဖြတ်လုပ်ကိုင်ဖို့ စီမံချက်ထားဖို့ လိုတယ်"လို့ ပြောပါတယ်။
ရီပတ်ဘလစ်ကန်ပါတီဘက်ကကတော့ သံသယရှိတဲ့ ပထမဆုံး သူလျှိုမိုးပျံပူဖောင်း ကိစ္စကို ဘိုင်ဒင်အစိုးရ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး ကြိမ်ဖန်များစွာ ပြစ်တင်ဝေဖန်ခဲ့ပြီး၊ အဲ့ဒီမိုးပျံပူဖောင်းကို အမြန်ပစ်ချသင့်တယ်လို့တောင် ပြောနေကြပါတယ်။
အခြားနိုင်ငံတွေကလည်း သူတို့နိုင်ငံရဲ့ လေပိုင်နက်အတွင်း ဝင်လာနိုင်တဲ့ အရာဝတ္ထုတွေကို စောင့်ကြည့်နေသလို အမေရိကန်ရဲ့ တုံ့ပြန်မှုကိုလည်း အနီးကပ် စောင့်ကြည့်နေကြပါတယ်။
ယူကေ၀န်ကြီးချုပ် ရစ်ရှီဆူးနက်ကလည်း သူ့အစိုးရအနေနဲ့ နိုင်ငံ လုံခြုံရေးအတွက် လိုအပ်တာမှန်သမျှကို လုပ်ဆောင်မှာဖြစ်ကြောင်း ပြောထားပါတယ်။
"ကျွန်တော်တို့မှာ တိုင်ဖွန်းလေယာဉ်တွေပါ၀င်တဲ့ အလျင်အမြန်တုံ့ပြန်မှုသတိပေးချက် လို့ ခေါ်တဲ့ ကျွန်တော်တို့ လေပိုင်နက်ကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ကာကွယ်တဲ့ အရမ်းအရေးကြီးတဲ့ အစီအစဥ်တစ်ခုလုပ်ထားပါတယ်"လို့ မစ္စတာရစ်ရှီဆူးနက်က ပြောပါတယ်။