ဒုက္ခသည်တွေ ခိုလှုံနေရာ ဂါဇာ စာသင်ကျောင်း တိုက်ခိုက်ခံရ - နိုဝင်ဘာ ၄ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ဂါဇာထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ စစ်ပွဲကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရ သူတွေ ယာယီ ခိုလှုံနေကြရတဲ့ ဂါဇာ စာသင်ကျောင်းတစ်ခု တိုက်ခိုက် ခံလိုက်ရတယ် ဆိုပြီး ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

အယ်လ် ဖာခူရာ ဆိုတဲ့ အဲဒီ စာသင်ကျောင်းကို ပါလက်စတိုင်း ဒုက္ခသည်များ အရေး ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့က ဖွင့်ထားတာဖြစ်ပြီး၊ လက်ရှိမှာ ဒုက္ခသည်တွေ ခိုလှုံ နေထိုင် နေကြပါတယ်။

ဂျဘာလီအာ ဆိုတဲ့ ဂါဇာ‌မြောက်ပိုင်း တိုက်ခိုက်မှုတွေ ပြင်းထန်နေရာ အရပ်မှာ ရှိတဲ့ အဲဒီ စာသင်ကျောင်း ပရိဝုဏ်ထဲ ခိုလှုံနေသူတွေ ထောင်ပေါင်းများစွာ ရှိတယ်လို့ ကုလအေဂျင်စီရဲ့ ပြောခွင့်ရ ဂျူလိယက် တိုမာက ဘီဘီစီကို ပြောပါတယ်။

ကျောင်းဝင်း ပရိဝုဏ်ထဲ အဆောက်အအုံတွေရဲ့ အလယ်မှာ ရှိတဲ့ ကွင်းပြင်ကို ဗုံးနှစ်ကြိမ် ကျခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ကွင်းပြင်မှာ ဆိုရင် ယာယီ ခိုလှုံရာတဲတွေနဲ့ ပြည့်နေသလို၊ အမျိုးသမီးတွေ မုန့်ဖုတ်ရာ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့ လက်ချက် ဆိုပြီး ဟားမတ်စ် အဖွဲ့ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပြီး အနည်းဆုံး ၁၅ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စုံစမ်းနေတယ်လို့ အစ္စရေး စစ်တပ် ပြောခွင့်ရက ဆိုပါတယ်။ အခင်းဖြစ်ရာ စာသင်ကျောင်းဟာ ဟားမတ်စ် အဖွဲ့ ခြေကုပ်ယူပြီး မော်တာကျည်တွေနဲ့ ပစ်ခတ်နေတဲ့ နေရာ အနီးမှာ တည်ရှိပြီး၊ အပြန်အလှန် တိုက်ပွဲတွေ ပေါ်ပေါက်နေတဲ့ နေရာလို့လည်း ဆိုပါတယ်။

ဂါဇာထဲ တောင်ဘက်ပိုင်း နေရာတွေမှာလည်း အစ္စရေး စစ်တပ်က ပြီးခဲ့တဲ့ ညက ညလုံးပေါက် မြေပြင် စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။ လိုဏ်ခေါင်းတစ်ခုထဲကနေ ထွက်လာတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ မြေပြင်စစ်ဆင်ရေး ပြုလုပ်နေကြတဲ့ ခြေလျင်တပ်တွေကို သံချပ်ကာအမြာက်ကား တပ်ဖွဲ့တွေ၊ အင်ဂျင်နီယာ တပ်ဖွဲ့တွေက အထောက်အပံ့ ပြုပေးနေတယ်လို့လည်း ဆိုပါတယ်။

ဂါဇာမြောက်ပိုင်းမှာလည်း ဝေဟင် မြေပြင် စစ်ဆင်ရေးတွေ ပိုတိုးမြှင့် လုပ်လာဦးမှာ ဖြစ်တာကြောင့် ဂါဇာ‌ဒေသခံတွေ ထွက်သွားကြဖို့ အစ္စရေးက ထပ်မံ သတိပေးနေပါတယ်။

ဝန်ကြီးဘလင်ကင်ရဲ့ ဂါဇာအရေး နောက်တချီခရီးစဥ်

ဒီအချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကင်ဟာ ‌ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်မှာ ရောက်ရှိနေပါတယ်။ အဲဒီမှာ အာရပ်ကမ္ဘာ နိုင်ငံတော်တော် များများက နိုင်ငံခြားရေး ဝန်ကြီးတွေလည်း ရှိနေကြပြီး ဝန်ကြီး ဘလင်ကင်နဲ့ ဆွေးနွေးနေကြပါတယ်။

ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ ယူအေအီးနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ မစ္စတာ ဘလင်ကင်နဲ့ တွေ့ဆုံကြမယ်လို့ နားလည်ရပါတယ်။

အာရပ်ဝန်ကြီးတွေဟာ ဂါဇာမှာ ချက်ချင်း အပစ်ရပ်တဲ့ သဘောတူမှု ထွက်ပေါ်လာဖို့ရာ အမေရိကန် အနေနဲ့ ကူညီပေးဖို့ ဝိုင်းဝန်း တိုက်တွန်းကြဖွယ် ရှိပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ မတွေ့ဆုံခင် ဂျော်ဒန်မှာ ရောက်နေကြတဲ့ လက်ဘနွန် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် နာဂျစ်ဘ် မီကာတီနဲ့ တွေ့ဆုံ ခဲ့ပြီး လက်ဘနွန် ဝန်ကြီးချုပ်ကလည်း ဂါဇာ အပစ်ရပ် သဘောတူမှု ရလာရေး အပေါ်မှာပဲ အာရုံစိုက် ပြောသွားပါတယ်။

အာမန်ကို မလာခင် အစ္စရေးနိုင်ငံ တယ်လ်အဗီးမှာ မစ္စတာ ဘလင်ကင် ရှိတုန်းက ဂါဇာထဲ စာနာမှု ဆိုင်ရာ ယာယီ အပစ်ရပ်တာမျိုး၊ တိုက်ခိုက်နေတာတွေ ဆိုင်းငံ့ထားတာမျိုး ပြုလုပ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီ တောင်းဆိုမှုကို အစ္စရေး ဝန်ကြီးချုပ် နက်တန်ညာဟု က ပယ်ချ ခဲ့ပြီး ဖမ်းဆီး ခေါ်ဆောင် သွားခံထားရတဲ့ အစ္စရေး ဓားစာခံတွေ ပြန်လွတ် မလာမချင်း ဂါဇာကို မနေမနား ဆက်ပြီး တိုက်နေဦးမယ်လို့ ဆိုပါတယ်။

အစ္စရေး စစ်တပ်နဲ့ ဟားမတ်စ် အဖွဲ့ကြား စစ်ပွဲကနေ ဒေသတွင်း နိုင်ငံတွေ ပါဝင် ပတ်သက် တိုက်ခိုက်လာကြမှာ၊ တခြားနိုင်ငံတွေထဲထိအောင် စစ်မီး ကူးစက်လာမှာကို အမေရိကန် အနေနဲ့ စိုးရွံ့နေပါတယ်။ အဲဒီလို မဖြစ်အောင် လုပ်ဆောင်ဖို့ အမေရိကန်က စိတ်ပိုင်းဖြတ်ထားတယ် ဆိုပြီး အန်တိုနီ ဘလင်ကင်က ပြောထားပါတယ်။

ဂါဇာထဲက လက်တွေ့ မြေပြင် အခြေအနေကို ကြည့်ရင်တော့ အရပ်သား သေဆုံးရတဲ့ အရေအတွက်ဟာ တုန်လှုပ်ဖွယ်ရာ များပြားနေတယ်လို့ ကုလသမဂ္ဂ က ပြောနေပြီး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးတက် ဖြစ်ပေါ် နေပါတယ်။

The Palestinian National Initiative ဆိုတဲ့ အနောက်ဘက်ကမ်းခြေ ဒေသ အခြေစိုက် လွတ်လပ်တဲ့ ဒီမိုကရက်တစ် အင်အားစုကို ဦးဆောင်နေသူ မူစတာဖာ ဘာဂေါ့ဒီက အခု ဂျော်ဒန် အစည်းအ‌ဝေးကနေ တစုံတရာ အဖြေထွက် လာဖို့ အရေးကြီးတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

“ဂါဇာမှာ ပေါ်ပေါက်နေတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ လူမျိုးစုလိုက် သုတ်သင် ရှင်းလင်း ခံနေရတာတွေ၊ လူပေါင်း ၂ သန်းနဲ့ ၃ သိန်း အပေါ် ဘယ်သူဘယ်ဝါ မခွဲခြားပဲ အပစ်ပေး စီရင်နေတာတွေကို ရပ်နိုင်ဖို့ ဆိုရင် တစ်ခုတည်း သော မျှော်လင့်ချက်က ချက်ချင်း အပစ်ရပ်ဖို့ပါပဲ”

“လက်ရှိမှာကို လူပေါင်း တစ်သောင်းနီးပါးကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီး ဖြစ်တာမှာ သေဆုံးကြရသူတွေထဲ ကလေးသူငယ် အယောက် လေးထောင် အောက် မလျော့ပါဘူး။ ဂါဇာရဲ့ အိုးအိမ်တွေရဲ့ ထက်ဝက် ဖျက်ဆီး ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။ စာသင်ကျောင်း ၂၁၂ ကျောင်း၊ ဗလီဝတ်ကျောင်းတော် ၁၆၂ လုံး၊ ခရစ်ယာန် ချာ့ချ် ဘုရားကျောင်း ၃ လုံး တို့လည်း ပျက်စီးသွားခဲ့ပါပြီ” လို့ မူစတာဖာ ဘာဂေါ့ဒီ ပြောပါတယ်။