ဇူလိုင် ၁၃ ရက် နိုင်ငံတဝန်း သတင်းများအနှစ်ချုပ်- နာဂဒေသထဲက အာသံလက်နက်ကိုင်တပ် ULFA-I စခန်းတွေကို အိန္ဒိယစစ်တပ် ဗုံးကြဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

အိန္ဒိယ- မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ နာဂဒေသဘက်မှာ အိန္ဒိယ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ အာသံလွတ်မြောက်ရေးတပ်ဦး (ULFA-I) စခန်းတွေကို အိန္ဒိယစစ်တပ်က ဒီနေ့ ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ ဒရုန်းတွေသုံးပြီး ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ULFA-I စခန်းတွေကို အိန္ဒိယစစ်တပ်က ဗုံးအလုံးရေ ဆယ်ချီ ကြဲချ တိုက်ခိုက်ခဲ့တာလို့လည်း ဒေသတွင်းသတင်းဌာန Naga News နဲ့ အိန္ဒိယသတင်းဌာနတွေက ဖော်ပြပါတယ်။

မြန်မာဘက်ကခြမ်း နန်းယွန်းနဲ့ လဟယ်မြို့နယ်ထဲက ULFA-I အခြေစိုက် စခန်း ၄ ခုကို အိန္ဒိယစစ်တပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ဇူလိုင် ၁၃ ရက် မနက် ၂ နာရီကနေ ၄ နာရီအထိ ပစ်ခတ်တာလို့ Naga News သတင်းခန်း တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

အိန္ဒိယနဲ့ မြန်မာနယ်စပ် နာဂဒေသဟာ လက်နက်ကိုင် နှစ်ဘက် လက်နက်ကိုင် အဖွဲ့တွေ ကူးသန်းသွားလာတာတွေ ရှိနေတာဖြစ်ပါတယ်။

နာဂလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K နဲ့ ခွဲထွက်အဖွဲ့ဖြစ်တဲ့ NSCN အဖွဲ့တွေလည်း ရှိနေတဲ့ ဒေသပါ။

"အိန္ဒိယဘက်က ပစ်ခတ်တာနဲ့ပတ်သက်ပြီး နာဂ နှစ်ဖွဲ့စလုံးက ဝင်ရောက် စွက်ဖက်တာ မတွေ့ရဘူး။ ပစ်ခတ်တဲ့နေရာတွေကလည်း ပြည်သူတွေ နေထိုင်တဲ့ နေရာနဲ့ မနီးတဲ့နေရာဆိုတော့ ပြည်သူတွေ ထိခိုက်တာ မရှိဘူး"လို့ Naga News သတင်းခန်း တာဝန်ရှိသူက ပြောပါတယ်။

အိန္ဒိယစစ်တပ်ဘက်က ဒရုန်းနဲ့ ဗုံးအလုံးရေ ရာနဲ့ချီပြီး တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယ သတင်းဌာနတချို့ကလည်း ရေးသားပါတယ်။

အိန္ဒိယ စစ်တပ်က အိန္ဒိယ- မြန်မာ နယ်စပ်တလျှောက် အခြေချနေတဲ့ အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့တွေကို အထူးစစ်ဆင်ရေးအနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတယ်လို့ Naga News ကနေ သိရပါတယ်။

အိန္ဒိယ- မြန်မာ နယ်စပ်မှာ အိန္ဒိယစစ်တပ်က အခုလိုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာ ရဖို့ ဘီဘီစီက မြန်မာစစ်ကောင်စီကို ဆက်သွယ်မေးမြန်းနေပါတယ်။

ဖားကန့်က ပစ်ခတ်မှုတွေအတွင်း ကျေးရွာဥက္ကဋ္ဌဟောင်းနဲ့ အရပ်သားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ မရှီကထောင် ရပ်ကွက်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် KIA/PDF ပူးပေါင်းတပ်တွေအကြား ပစ်ခတ်မှုအတွင်း ကျေးရွာဥက္ကဋ္ဌဟောင်းတစ်ဦးနဲ့ အရပ်သားတစ်ဦး ဇူလိုင် ၁၂ ရက်ညမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ အင်အားရာချီပါတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်ကို စစ်ကြောင်းထိုးချိန် တိုက်ပွဲနဲ့ဆက်စပ်ပြီး အရပ်သားသေဆုံးတဲ့ နောက်ဆုံးဖြစ်ထားတဲ့ဖြစ်ရပ်ဖြစ်လာပြီး သေဆုံးသူလည်း အယောက် ၅၀ နီးပါးအထိ ရှိလာပါတယ်။

အခုနောက်ဆုံးအရပ်သား သေဆုံးမှုဖြစ်တဲ့ ပစ်ခတ်မှုကတော့ ယူမာကျေးရွာကနေ ဇူလိုင် ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မရှီတောင်ရပ်ကွက် ရွှေမြန်မာဆီဆိုင်နား အရောက်မှာ KIAနဲ့ PDF ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်မှုကနေ စတင်တယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ကားပေါ်ပါလာတဲ့ အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနဲ့ လမ်းမှာ သွားလာနေတဲ့ ဝှေခါကျေးရွာ ဒေသခံ အမျိုးသားတစ်ယောက်တို့ ကျည် ထိမှန်သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပစ်ခတ်သံတွေကို ဇူလိုင် ၁၂ ရက် ည ၇ နာရီဝန်းကျင်ကနေ ၁၁ နာရီ ဝန်းကျင်အထိ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုမှာ လက်နက်ကြီး ပစ်ခတ်တာတွေ ရှိခဲ့ပြီး အေးမြသာယာ ရပ်ကွက်ထဲက အရှင်ကြီးနတ်စင်ကုန်း အနောက်ဘက် မှော်မောင်းလျှံကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်က လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာ ကျေးရွာအပိုင်ထဲမှာ စစ်ကောင်စီစစ်ကြောင်း ထိုးခဲ့တဲ့ မေလ ကုန်ပိုင်းကနေ ဇွန်လလယ်ပိုင်းအထိ သုံးပတ်တာ ကာလအတွင်း အရပ်သား သေဆုံးသူ ၅၀ ဦး ရှိတယ်လို့ သေဆုံးမှုတွေကို စာရင်းပြုစုထားတဲ့ဒေသခံက ပြောပါတယ်။

မိုးကောင်းမြို့အခြေစိုက် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၃)၊ ရှမ်းနီအမျိုးသားတပ် (SNA)နဲ့ ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းဟာ မေ နောက်ဆုံးပတ်ကစပြီး ဇွန် ၁၅ ရက်အထိ လုံးခင်းကျေးရွာအုပ်စုဘက်ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

မှော်စီစာကျေးရွာအပိုင် အောင်သာယာ၊ တောင်ယာကုန်း၊ မြေစာပုံလမ်းကြောတလျှောက်ကို စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ဇွန် ၁၃ ရက်မှာ ၃ ဦး၊ ဇွန် ၁၄ ရက်မှာ ၃ ဦး စုစုပေါင်း ၆ ဦးဟာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အသတ်ခံထားရတာကို တွေ့ရတယ်လို့ ဒေသခံတွေက အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

KNLA နဲ့ ပူးပေါင်းအဖွဲ့တွေ ဝေါလေ ဗျူဟာကုန်းကို ဆက်တိုက်နေ

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA)နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က စစ်တပ်ရဲ့ဝေါလေဗျူဟာကုန်းကို ဆက်ပြီး တိုက်ခိုက်နေတယ်လို့ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

ဝေါလေဗျူဟာကုန်းရဲ့ ကာကင်းစခန်း ၆ ခုထဲက ၅ ခုကို သိမ်းပိုက်နိုင်ပြီး ကျန်နေတဲ့ ကာကင်းစခန်းတစ်ခုက စစ်ကောင်စီတပ်တွေက ဝေါလေဗျူဟာကုန်းကို ပူးပေါင်းသွားတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

"ဒီစခန်းတွေက ကျွန်တော်တို့ရဲ့ စခန်းတွေကို စစ်ကောင်စီက သိမ်းခဲ့တာလေ။ ဒီတော့ ဒီစခန်းတွေရဲ့ ဘယ်နားမှာ ဘာရှိတယ်ဆိုတာ ကျွန်တော်တို့က သိထားပြီးသား။ စစ်ကောင်စီတပ်တွေ ဘက်ကလည်း ဒရုန်းတွေ တော်တော်သုံးတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဝေါလေဗျူဟာကုန်းနားက တီသဲလယ် စခန်းကိုလည်း KNLA နဲ့ပူးပေါင်းတပ်တွေက ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားသလို စခန်းကိုလည်း ဝိုင်းရံပိတ်ဆို့ထားနိုင်ပြီလို့လည်း သိရပါတယ်။

တီသဲလယ်စခန်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ပြောပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ခုခံနေတုန်းပဲလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစပြီး KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ဥကရစ်ထ စခန်းနဲ့ ဝေါလေဗျူဟာကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်ကြပြီး ဇူလိုင် ၁၂ ရက်မှာ ဥကရစ်ထ စခန်းကို သိမ်းပိုက်ခဲ့ပါတယ်။

ဥကရစ်ထ တိုက်ပွဲကနေ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU က ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဧရာဝတီ၊ ချင်းတွင်းနဲ့ စစ်တောင်းမြစ်ရေတွေ စိုးရိမ်ရေမှတ်နားရောက်နေ

ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေတွေက စိုးရိမ်ရေမှတ်နား ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဆက်တိုက် ထုတ်ပြန်နေသလို လူမှုအဖွဲ့အစည်းတွေကလည်း ရေဘေးကြိုတင်ပြင်ဆင်ဖို့ သတိပေးနေကြပါတယ်။

ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့နယ်ရဲ့ စိုးရိမ်ရေမှတ်အောက်မှာ ရှိနေ‌သေးပေမဲ့ နောက်တစ်ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ တစ်ချိန်တည်းမှာပဲ ညောင်ဦးမြို့က မြစ်ရေအခြေအနေကြောင့် မြေနိမ့်ပိုင်းက သီလရှင်စုရပ်က အိမ်ထောင်စုတွေကို မြသိန်းတန်ဘုရား ယာယီရေဘေးရှောင်စခန်းကို ရွှေ့ပေးထားတရတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

စစ်တောင်းမြစ်ရေက တောင်ငူမြို့ မှာ စိုးရိမ်ရေမှတ်အောက်မှာသာ ရှိနေပေမဲ့ မဒေါက်မြို့မှာတော့ စိုးရိမ်ရေမှတ်ရဲ့ အထက်ကို ကျော်လွတ်ရောက်ရှိနေပါတယ်။

ဇူလိုင်လ ၁၂ ရက်တုန်းကတော့ စစ်တောင်းမြစ်ထဲကို စီးဆင်းတဲ့ သိုင်းချောင်းရေဟာ မိုးသည်းအပြီး အလွန်အမင်းမြင့်တက်ခဲ့လို့ ရေတာရှည်မြို့နယ်ထဲက ရေနီ၊ သာဂရနဲ့ ဆွာမြို့တွေထဲ ရေဝင်ရောက်ခဲ့ပါတယ်။

ချင်းတွင်းမြစ်ရေကလည်း မုံရွာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေပါတယ်။

ဒါ့ကြောင့် မြေနိမ့်ပိုင်းမှာ နေတဲ့သူတွေ၊ မြစ်ကမ်းနားမှာ နေတဲ့သူတွေ ရေလွတ်ရာကို ရှောင်ဖို့ မိုးဇလက သတိပေးထားသလို လူမှုအဖွဲ့တွေကလည်း ကြိုတင်ပြင်ဆင်နေကြပါတယ်။

ပျော်ဘွယ်မြို့နယ်မှာလည်း ဧရာဝတီမြစ်ရေ အခြေအနေကို သတိရှိကြဖို့ကို ပျော်ဘွယ်မီးသတ်က သတိပေးထားပါတယ်။

စစ်တောင်းမြစ်ရေတိုးလာတာကြောင့် မြစ်ကမ်းဘေးနေသူတွေ ဂရုစိုက်နေကြဖို့ ၊ နိုးနိုးကြားကြား အိပ်ကြဖို့ တောင်ငူမြို့ခံ လူမှုအဖွဲ့တွေက သတိပေးထားသလို ကယ်ဆယ်ရေး စက်လှေတွေကိုလည်း အဆင်သင့် ပြင်ဆင်ထားကြတယ်လို့ ပြောပါတယ်။

ကျောက်မဲမြို့နယ်ထဲကို စစ်တပ်က တမနက်တည်းတင် ဗုံး သုံးကြိမ်ကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်(TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နယ်ထဲကို ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာ ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှာ ဗုံးနှစ်လုံး၊ မောင်ကောင်းမူရွာမှာ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။

ဗုံးကျရောက်ပေါက်ကွဲတာကြောင့် လူတစ်ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်မှာလည်း ကျောက်မဲမြို့ထဲကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် ကောလီဟိုတယ်၊ မြို့မရဲစခန်းနဲ့ ခရိုင်ရဲရုံးတွေကို ဗုံးကျရောက်ပေါက်ကွဲပြီး အမျိုးသား တစ်ဦးသေဆုံးသလို ၅ ဦးထိခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ TNLA သိမ်းပိုက် မြို့နယ်တွေထဲက နောင်ချိုမြို့ကို စစ်ကြောင်းထိုးနေပါတယ်။

ကျောက်မဲမြို့နယ်ကိုလည်း နမ့်လန်ဘက်ကနေ စစ်ကြောင်းဝင်မယ်ဆိုပြီးတော့လည်း စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာ ‌ရေးသားထားပါတယ်။

ကျောက်မဲကို ကျောက်မဲကို စစ်တပ်က ရက်ခြားဗုံးကြဲနေတာဟာ ပြန်လည်သိမ်းယူဖို့ ခြေလှမ်းစတာလားဆိုတဲ့မေးခွန်းတွေလည်း ရှိနေပါတယ်။

ကျောက်မဲမြို့မှာ လေကြောင်းတိုက်ခိုက်ခံရတာတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်နေကြရပြီး ပြောင်းရွှေ့ဖို့တွေ စဉ်းစားနေကြပြီလို့ လူမှုကွန်ရက်မှာ ရေးသားတာတွေလည်း ရှိနေပါတယ်။

ကျောက်မဲမြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်မှာ စစ်တပ်လက်ထဲကနေ သိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တနှစ်နီးပါးအကြာ ပြီးခဲ့တဲ့ လပိုင်းတွေကမှ မြို့ခံတွေ မြို့ထဲ ပြန်ဝင်ကြလို့ မြို့ ပြန်လည် အသက်ဝင်နေချိန်မှာပဲ စစ်တပ်က အခုလဆန်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေပါတယ်။

ဥကရစ်ထ စခန်းက စစ်ကောင်စီတပ်သား ၉၀ နီးပါး ထိုင်းဘက် ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဝေါလေ- မြဝတီလမ်းပိုင်းက ဥကရစ်ထ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

ပူးပေါင်းတပ်တွေဟာ အဲဒီစခန်းကို ဇွန်လကတည်းက ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီစခန်းကို ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ သိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးခဲ့ကြတာပါ။

မြေပြင်ရင်းမြစ်ရဲ့ အချက်အလက်အရ ၂၄ ယောက်တစ်ကြိမ်၊ ၆၄ ယောက် တစ်ကြိမ် စုစုပေါင်း နှစ်သုတ်ခွဲပြီး ထိုင်းဘက်ခြမ်းကိုထွက်ပြေးသွားတာလို့ဆိုပါတယ်။

'' စုစုပေါင်း ၈၈ ယောက်ထွက်ပြေးတယ်လို့ သိရတယ်။ သူတို့ လက်နက်တွေ မြန်မာဘက်က ပြောင်းခင်းထဲ ပစ်ချထားခဲ့တယ်'' လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ဒါအပြင် KNLA တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒရုန်းဗုံးစမှန်သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးဝန်းကျင်ရှိပြီး ဒဏ်ရာပြင်းထန်တဲ့ ၂ ဦးကို မဲဆောက်မြို့ ဖုတ်ဖရ ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။

'' ဒရုန်းဒဏ် မခံနိုင်လို့ စခန်းစွန့်ထွက်ပြေးကြတာ။စခန်းတစ်ခုလုံးမွစာကြဲ ပျက်စီးနေပြီ'' လို့ စစ်ရေးရင်းမြစ်ကပြောပါတယ်။

ဥကရစ်ထစခန်းဟာ စုကလိမြို့သစ်နဲ့ ဝေါလေဘက်ကို ထောက်ပို့တဲ့ ပင်မ စခန်းဖြစ်သလို ရိက္ခာ၊ ခဲယမ်း တို့ တစ်ဆင့်ဖြန်တဲ့ စခန်းဖြစ်တာကြောင့် စစ်တပ်အတွက် အရေးကြီးတဲ့ ဗျူဟာမြောက်စခန်းဖြစ်ပါတယ်။

အဲဒီစခန်းကို ၁၉၉၀ နှောင်းပိုင်းကတည်းက စစ်တပ်က သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၃၅ နှစ်အကြာမှာ KNU လက်ထဲပြန်ရောက်ခဲ့တာပါ။

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

၀ ထိန်းချုပ်မြို့နယ် ၄ ခုမှာ စစ်ဆေးရေးဂိတ်တွေကို UWSA ပိတ်သိမ်း

'ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်(UWSA) က 'ဝ' သူထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခု ထဲက စစ်ဆေးရေးဂိတ်တ်တွေကို ပိတ်သိမ်းလိုက်ပါတယ်။

'ဝ'ပြည်နယ်တွေထဲက မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမော၊ ဟိုပန် စတဲ့ မြို့နယ်တွေထဲက ဂိတ်တွေအားလုံးကို ပိတ်လိုက်တာတာဖြစ်ပါတယ်။

အများပြည်သူ သွားလာတဲ့အခါမှာ လွယ်ကူမြန်ဆန်ဖို့ ရည်ရွယ်ပြီး ဒီဂိတ်တွေကို ဖယ်ရှားဖို့ UWSA ဗဟိုကော်မတီက ဇူလိုင် ၁၁ ရက်ကစပြီး ညွှန်ကြားလိုက်တာလို့ သိရပါတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း သံလွင်မြစ်ကို ဖြတ်ကျော်ပြီး ဝင်ရောက်နေရာယူခဲ့တဲ့ တန့်ယန်းမှာတော့ ၀ တပ်ဖွဲ့က စစ်ဆေးရေးဂိတ်တွေ အရင်ကထက် တိုးချတာတွေ့ရတယ်လို့ ခရီးသည်ပို့ဆောင်နေသူတွေက ပြောပါတယ်။

''ကွမ်းလုံကနေ ဟိုပန်ကို သွားတဲ့လမ်းကြောင်းမှာ နှစ်ဂိတ် သုံးဂိတ်ပဲရှိတယ်။လားရှိုး - တန့်ယန်းမှာတော့ ပြီးခဲ့တဲ့ ၃ လောက်ကတည်းက ထပ်တိုးချထားတာတွေ့တယ်။မူးယစ်ဆေးနဲ့ တရားမဝင်ပစ္စည်းတွေကို အဓိက ထားစစ်ဆေးတယ်။ သူတို့ သိချင်တာလည်းရှိရင်လည်း မေးတယ်'' လို့ ၀ မြို့တော် ပန်ဆန်းအထိ ခရီးသည် ပို့ဆောင်နေသူတစ်ဦးက ပြောပါတယ်။

ပြည်နယ်အတွင်းက ဂိတ်တွေကိုသာ ပိတ်သိမ်းတာ ဖြစ်ပေမဲ့ နယ်စပ်ဂိတ်တွေ ပိတ်သိမ်းတာမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ဒေသတွင်း သတင်းတွေကနေ သိရပါတယ်။