ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖလော်ရီဒါမှာ သူခိုး မျိုချခဲ့တယ်ဆိုတဲ့ ဒေါ်လာ ၇ သိန်းကျော်တန် စိန်နားကပ်တွေ ရဲပြန်ရှာတွေ့
- ရေးသားသူ, အယ်နာ ဖဂိုင်း
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်လောက်က သူခိုး မျိုချ ဖျောက်ဖျက်ခဲ့တယ်ဆိုတဲ့ စုစုပေါင်း ဒေါ်လာ ၇၆၉,၅၀၀ ဖိုး စိန်နားကပ် နှစ်ရံ ကို အော်လန်ဒို ရဲတပ်ဖွဲ့က ပြန်ရှာတွေ့ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂျေသန် ဂေလ်ဒါ ဟာ သူအထိန်းသိမ်းခံခဲ့ရတဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့နား တဝိုက်မှာ (Tiffany & Co) တစ်ဖနီ စိန်ကုမ္ပဏီထုတ် စိန်နားကပ်တွေကို မျိုချခဲ့တာလို့ ရဲက ပြောပါတယ်။
သူ့အူလမ်းကြောင်းကနေ စိန်နားကပ်တွေ ပြန်မထုတ်နိုင်ခင် မစ္စတာ ဂေလ်ဒါကို အော်လန်ဒိုဆေးရုံတစ်ခုမှာ စုံထောက်တွေက ၁၀ ရက်ကျော်ကြာ မပြတ်စောင့်ကြည့်နေခဲ့ကြတယ်လို့ အော်လန်ဒို ရဲဌာနက ပြောပါတယ်။
မစ္စတာ ဂေလ်ဒါဟာ မျက်နှာဖုံး စွပ်ပြီး ဓားပြတိုက်ခဲ့မှု၊ ပြစ်မှုကြီးမြောက်တဲ့ ခိုးမှု စတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
တစ်ဖနီ စိန်ကုမ္ပဏီက အဲဒီစိန်နားကပ်တွေ ပြန်ရပြီးကတည်းက ဆေးကြောသန့်စင်မှုတွေ လုပ်ခဲ့ပြီးပြီလို့ သိရပါတယ်။
မစ္စတာ ဂေလ်ဒါ ဟာ ဖေဖော်ဝါရီလ ၂၆ ရက်က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့က တစ်ဖနီ စိန်ကုမ္ပဏီ စတိုးဆိုင်တစ်ခုက VIP အခန်းထဲမှာ တန်ဖိုးကြီး လက်ဝတ်ရတနာတွေ သူ့ကို ပြနိုင်အောင် NBA ဘတ်စ်ကက်ဘောလုံးသမားတစ်ဦးရဲ့ လက်ထောက်အဖြစ် ယောင်ဆောင်ခဲ့တယ်လို့ ရဲက ဆိုပါတယ်။
မစ္စတာ ဂေလ်ဒါ ဟာ စတိုးဆိုင် ဝန်ထမ်းတွေကို အာရုံလွဲအောင် လုပ်ပြီး စိန်နားကပ် နှစ်ရံနဲ့အတူ စတိုးဆိုင်ထဲကနေ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ စတိုးဆိုင်ကနေ ထွက်ပြေးသွားချိန်မှာ တန်ဖိုး ဒေါ်လာ ၅၈၇,၀၀၀ ရှိတဲ့ စိန်လက်စွပ်တစ်ကွင်း ပြုတ်ကျ ကျန်ရစ်ခဲ့ပါတယ်။
အဲဒီနေ့နှောင်းပိုင်းမှာ သူ့ကို ရဲတွေ ဖမ်းမိချိန်မှာ မစ္စတာ ဂေလ်ဒါ ဟာ ခိုးရာပါ စိန်နားကပ်တွေလို့ ယူဆရတဲ့ ပစ္စည်း အတော်များများကို မျိုချနေတာ တွေ့ရတယ်လို့ ရဲက ပြောပါတယ်။
မစ္စတာ ဂေလ်ဒါကို အကျဉ်းထောင်ဆီ ခေါ်ဆောင်သွားချိန်မှာ မစ္စတာ ဂေလ်ဒါက ဒီပစ္စည်းတွေကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်ဖို့ ကောင်းတယ် ဆိုပြီး ပြောနေတာကို ရဲတွေ ကြားခဲ့ရတယ်လို့ ဘီဘီစီရဲ့ မိတ်ဖက် CBS အမေရိကန်သတင်းဌာနက ဆိုပါတယ်။
အကျဉ်းထောင်ရောက်ချိန်မှာ မစ္စတာ ဂေလ်ဒါက "ကျွန်တော့်ဗိုက်ထဲမှာ ရှိတဲ့ ပစ္စည်းတွေအတွက် ကျွန်တော်တရားစွဲ ခံရမှာလား" ဆိုပြီး ထောင်ဝန်ထမ်းတွေကို မေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ ပုံမှန်မဟုတ်တဲ့ ပစ္စည်းတစ်ခု ရှိနေတဲ့ လူတစ်ဦးရဲ့ ဝမ်းဗိုက်ကို ရိုက်ထားတဲ့ ဓာတ်မှန်ပုံကို ရဲက ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ ဂေလ်ဒါကို ရပ်ကွက်ဆေးရုံတစ်ခုဆီ ခေါ်ဆောင်သွားပြီး စိန်နားကပ်တွေ ပြန်မရမချင်း သီတင်းနှစ်ပတ်လောက် မပြတ် စောင့်ကြည့်ခဲ့တယ်လို့ အော်လန်ဒိုရဲဌာနက ပြောပါတယ်။
ဒီအမှုတွဲက သာမန်နှုန်းနဲ့ အပြေးလုပ်တဲ့ အမှုတွဲမျိုး မဟုတ်ဘဲ မာရသွန်နှုန်းနဲ့ အပြေးလုပ်ရတဲ့ အမှုတွဲမျိုး ဖြစ်တယ်လို့ စုံထောက် အာရွန် ဂေါ့စ် က ဖော်ညွှန်းပြောပြခဲ့ပါတယ်။
မတ်လ ၁၂ ရက်နေ့မှာတော့ စတုတ္ထမြောက် တစ်ဖနီ စိန်နားကပ်ကို ပြန်ရခဲ့တယ်လို့ ရဲက ပြောပါတယ်။
စိန်နားကပ်တွေကို တစ်ဖနီ စိန်ကုမ္ပဏီ စတိုးဆိုင်ဆီ ပြန်ယူလာချိန်မှာ စတိုးဆိုင်ရဲ့ ပန်းတိမ်ဆရာ အကြီးအကဲက ဒီစိန်နားကပ်တွေပေါ်က အမှတ်အသား နံပတ်တွေက အခိုးခံခဲ့ရတဲ့ စိန်နားကပ်တွေနဲ့ ကိုက်ညီတယ် ဆိုတာကို အတည်ပြုခဲ့တယ်လို့ မစ္စတာ ဂေါ့စ်က ပြောပါတယ်။
ခုလောလောဆယ်မှာတော့ ဂေလ်ဒါ ကို အော်ရိန်းဂျ် ကောင်တီ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
သူ့ရဲ့ ရာဇဝတ်သမိုင်းကြောင်းအရ ဂေလ်ဒါ ဟာ ၂၀၂၂ ခုနှစ်က တက္ကဆက်ပြည်နယ်က တစ်ဖနီ စိန်ဆိုင်တစ်ခုမှာလည်း ဓားပြတိုက်မှု လုပ်ခဲ့တယ်ဆိုတာကို တွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
ကော်လိုရာဒိုပြည်နယ်မှာ သူ့ကို ဖမ်းဆီးဖို့ သီးခြားဝရမ်းပေါင်း ၄၈ ခုထုတ်ထားတယ်လို့ သိရပါတယ်။