ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဥရောပက ကိုကင်းသယ် လက်လုပ်ရေငုပ်သင်္ဘောတွေ
တောင်အမေရိကတိုက်က မူးယစ်ဆေးဝါးတွေကို ဥရောပတိုက်ကို သယ်လာတဲ့ နာကိုဆပ် လို့ခေါ်တဲ့ ပထမဆုံး ရေငုပ်သင်္ဘောတစင်းက မီတာ ၂၀၊ ပေအားဖြင့် ၆၅ ပေပဲ ရှည်ပါတယ်။ ဖိုင်ဘာဂလာ့စ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး လက်လုပ် - တနည်းအားဖြင့် စက်ရုံထွက်မဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘော တစင်း ဖြစ်ပါတယ်။
အဲဒီ ရေငုပ်သင်္ဘောနဲ့ လူ ၃ ယောက်ဟာ ၂၇ ရက်တိုင်တိုင် အတ္တလန္တိတ် သမုဒ္ဒရာရဲ့ လှိုင်းကြမ်းရေပြင်အောက်ကနေ ခရီးနှင်ခဲ့ကြတာ ဖြစ်ပါတယ်။
ကျဉ်းမြောင်း၊ ပိတ်လှောင်နေပြီး စိတ်မသက်မသာ ဖြစ်စရာကောင်းတဲ့ ခေတ်မမီတဲ့ အကြမ်းစား ရေငုပ်သင်္ဘောဖြစ်ပါတယ်။
အခုချိန်မှာတော့ သင်္ဘောရဲ့ နံရံအက်တွေ အကြားက နေရောင်ပျပျကို မြင်နိုင်သလို ပဲ့ကိုင်ဘီးနဲ့ အတူ ဒိုင်ခွက်တွေအပြင် သံချေးအထပ်ထပ် ကပ်နေပြီ ဖြစ်တဲ့ သော့တချောင်းက စက်နှိုးဖို့ သော့ပေါက်မှာ တပ်လျက်သား ရှိနေဆဲ ဖြစ်ပါတယ်။ ဒီသင်္ဘောရဲ့ အခြေအနေက သာမန် မာလိန်မှူးတဦးအဖို့ မြင်လိုက်တာနဲ့ ခေါင်းတလား တလုံးအလား ထင်ယောင်မှား မိသွားနိုင်ပါတယ်။
သင်္ဘောမှာ သယ်လာတဲ့ လောင်စာဆီ လီတာ ၂၀၀၀၀ နဲ့ ပဲ့ပိုင်းက အင်ဂျင်ကို သုံးပြီး ခုတ်မောင်းတာကြောင့် အထဲမှာ တော်တော်ပူပြီး တော်တော်ဆူမယ်လို့ ယူဆရပါတယ်။
အီကွေဒေါနိုင်ငံသား ဆွေမျိုးတော်စပ်သူ ၂ ယောက်နဲ့ အရင်က လက်ဝှေ့သမား စပိန်လူမျိုး တဦးတို့ ဟာ ဘရာဇီး မုတ်သုန်တောတွေအကြားက အမေဇုံမြစ်ကြော အတိုင်း ခရီးနှင်ခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့မှာ အားဖြည့် စားစရာမုန့်တွေ၊ ငါးသေတ္တာဘူးတွေ ပါသလို မိလ္လာကိစ္စတွေ ဖြေရှင်းဖို့ ပလပ်စတစ်အိပ်တွေလည်း ယူခဲ့ကြပါတယ်။ သူတို့မှာ ဒါတွေပဲ ပါသလား ဆိုတော့ မကပါဘူး။ ကာလတန်ဘိုး ဒေါ်လာ သန်း ၁၅၀ လောက် ရှိတဲ့ ကိုကင်း ၃ တန်လည်း ပါလာခဲ့ပါတယ်။
ဒါပေမယ့် ဒီခိုးကြောင်ခိုးဝှက် ခရီးဟာ ချောချောမွေ့မွေ့နဲ့ အကျိုးအမြတ်ရခဲ့တာမျိုးတော့ မဟုတ်ပါဘူး။
၂၀၁၉ နှစ်ကုန်ပိုင်း သူတို့ ခရီးစဉ်စတင်ခဲ့တဲ့ အချိန်ကတည်းက ယူကေက အမျိုးသား ရာဇဝတ် အေဂျင်စီ အပါအဝင် အာဏာပိုင်အဖွဲ့အစည်းတွေက စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။
ဂါလစ်ဆီယာ ကမ်းလွန်မှာ သင်္ဘောဝမ်းပေါက်သွားခဲ့ ပြီးနောက်မှာတော့ သူတို့တွေ အဖမ်းခံခဲ့ရသလို ထောင်ဒဏ်ပါ ကျသွားခဲ့ကြပါတော့တယ်။
နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်ရောင်းချမှု တိုက်ဖျက်ရေး သမိုင်းဝင် ပစ္စည်းတခုလို ဖြစ်သွားတဲ့ ဒီရေငုပ်သင်္ဘောကို စပိန်က အဗီလာ မှာရှိတဲ့ ရဲသင်တန်းကျောင်းရဲ့ ကားရပ်နားရာ အနီးမှာ ပြသထားပါတယ်။
ဒါပေမဲ့ ဒီသင်္ဘောဟာ တချိန်က ရဖူးတဲ့ အောင်သေအောင်သားမျိုး မဟုတ်ပါဘူး။ လူမသိ သူမသိ တစစနဲ့ ကြီးထွားလာနေပြီ ဖြစ်တဲ့ ဖြစ်စဉ်တခုရဲ့ အမှတ်သင်္ကေတလို့ ပြောရမှာပါ။
ပြီးခဲ့တဲ့ လပိုင်းကပဲ စပိန်ရဲ့ ဂလစ်ဆီယာဒေသ ကမ်းလွန်ပင်လယ်မှာပဲ နောက်ထပ် ရေငုပ်သင်္ဘောတစင်းကို ထပ်တွေ့ခဲ့ကြရပါတယ်။
စပိန် အမျိုးသား ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ရဲ့ တပ်မှူး ဖြစ်တဲ့ ရဲမှူးချုပ် အန်တိုနီယို မာတီနက်ဇ် ဒွာတေက မူးယစ်ဆေးဝါး သယ်တဲ့ လူတွေ ဒီလို ရေငုပ်သင်္ဘောတွေနဲ့ အာဖရိကနဲ့ ဥရောပကို လာနေကြတာ နှစ်ပေါင်း ၂၀ ကျော်နေပါပြီ။ ဒါပေမယ့် နှစ်စင်းကို ပထမဆုံး စဖမ်းမိတာ ဖြစ်တယ်၊ ဒီသင်္ဘောတွေကို ခြေရာခံဖို့ သိတ်ခက်ပါတယ်လို့ ပြောပါတယ်။
တကယ်တော့ ဥရောပတိုက်ကို လာနေကြတဲ့ ကိုကင်းရေငုပ်သင်္ဘောတွေ ရာနဲ့ချီ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ဥရောပဟာ အမေရိကန် ပြည်ထောင်စု ပြီးရင် ဒုတိယအကြီးဆုံး ကိုကင်း ဈေးကွက်ကြီး ဖြစ်ပြီး ကိုဗစ် ကပ်ရောဂါ ကာလအလွန်မှာ အလျင်အမြန်နဲ့ ကြီးထွားလာနေပါတယ်။
နောက်ပြီး အတ္တလန္တိတ် သမုဒ္ဒရာထဲက ကနေရီ ကျွန်းစုတွေနဲ့ အဇော့စ်ကျွန်းတွေ အနားမှာဆို ကိုကင်းသယ် ရေငုပ်သင်္ဘောတွေရဲ့ သင်္ချိုင်းရာတောင် ရှိတယ်လို့ ဆိုကြပါတယ်။ ဒီသင်္ဘောတွေကို သယ်လာတဲ့ ကိုကင်းတွေ အကုန်သယ်ထုတ်ပြီးတဲ့ နောက်မှာ တမင်တကာ မြှုပ်နှံပစ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီလို ခိုးဝှက်လာရတဲ့ ခရီးစဉ်တိုင်းဟာ တောင်အမေရိကတိုက်က ဂီယာနာနဲ့ ဆူရီနမ်က တောနက်တွေထဲမှာ တိတ်တဆိတ် ရေငုပ်သင်္ဘောတွေ တည်ဆောက်ကြတဲ့ အဖွဲ့တွေ အတွက်လည်း အောင်မြင်မှု တခုလို ဖြစ်စေပါတယ်။
ဒါပေမယ့် လောလောဆယ် အောင်ပွဲခံနေတာကတော့ စပိန်က ရဲတွေပါ။ ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲရဲ့ အောင်ပွဲတခုအဖြစ် ဖော်ကျူးနေကြပါတယ်။ ရဲမှူးချုပ် ဒွာတေကလည်း ဥရောပမှာ ဒီလို ၁ တန်ခွဲလောက် ရှိတဲ့ ကိုကင်းထုတ်မယ့် အနှစ်တွေ ဖမ်းမိတာ ပထမဆုံး အကြိမ်ဖြစ်လို့ ဒါဟာ အင်မတန်အရေးပါတဲ့ အောင်မြင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒါဟာ ကိုကင်း ထုတ်ယူလို့ ရမယ့် ကိုကာ အနှစ်ကို ဥရောပတိုက်ပေါ်မှာ အများဆုံး တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဖမ်းမိတဲ့ ပမာဏတင်မက တခြား အရေးပါတဲ့ အချက်တွေလည်း ရှိပါတယ်။
ရဲမှူးချုပ် ဒွာတေက ဒါကို ကြည့်ရင် ကိုလံဘီယာနဲ့ မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေက စပိန်က ဂိုဏ်းတွေနဲ့ ချိတ်ပြီး လုပ်နေကြပြီ ဆိုတဲ့ ကွင်းဆက်ကို သိနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ အောင်မြင်မှု အတွက် ဂုဏ်ယူနေကြတဲ့ ရဲတွေက သတင်းစာ ရှင်းလင်းပွဲမှာပါ အဲဒီ ကိုကာ အနှစ်တွေကို ကုတ်ကိန်းဖြစ်တဲ့ အထိ ဓာတ်ခွဲထုတ်ယူပုံနဲ့ တကွ ပြသခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲမှာလည်း အဲဒီ ကိုကာ အနှစ်တွေရဲ့ ရှလကာရည်နဲ့ ဆင်တဲ့ အနံ့က ပျံ့နေခဲ့ပါတယ်။ မူးယစ်ဆေးဝါး ထုတ်ပုံ ထုတ်နည်းကိုလည်း ပြသထားပါတယ်။ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့ စည်တွေ၊ မိုက်ခရိုဝေ့ဗ်၊ ဟိုက်ဒလောလစ် ဖိစက်နဲ့ အလေးချိန်စက်တွေ စတဲ့အရာတွေနဲ့အတူ အနှစ်ကနေ နောက်ဆုံးအဆင့် ကိုကင်း ဖြစ်သည်အထိ ထုတ်ပုံတွေကိုပါ ပြသထားပါတယ်။
အဲဒီ သတင်းစာ ရှင်းလင်းပွဲခန်းမထဲက တထောင့်မှာတော့ အုတ်ခဲတလုံးစာလောက်ရှိပြီး စူပါမန်း လိုဂို တံဆိပ်တွေ တပ်ထားတဲ့ အညိုရောင် အထုပ်တွေ ဒါဇင်နဲ့ ချီပြီး တင်ထားပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေက သူတို့ကို ဘယ်သူမှ ထိခိုက်အောက် မလုပ်နိုင်ဘူးဆိုတဲ့ အနေနဲ့ စူပါမန်း လိုဂိုကို ရွေးသုံးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီ အထုပ်တထုပ်ကို ယူရို ၂၇၀၀၀ ကနေ ၃၀၀၀၀ ကြား လောက်ပေးရတယ်လို့ ဆိုပါတယ်။ အဲဒီကနေ လမ်းပေါ်က ဈေးကွက်မှာ ပြန်တင်ရောင်းရင်တော့ ၂ ဆလောက် တက်သွားမှာ ဖြစ်ပါတယ်။ ပြန်ရောင်းတဲ့အခါ ရမယ့် အမြတ်ကလည်း ဒီကိုကင်းနဲ့ ထုံဆေးလိုမျိုးက အစ တခြားဈေးပေါတဲ့ ကက်ဖိန်းနဲ့ ဂလူးကို့စ်လို အရာတွေ ဘယ်လောက်ရောမလဲ ဆိုတဲ့ အပေါ်မှာ မူတည်တာ ဖြစ်ပါတယ်။ သူတို့ ရောလို့ ရတဲ့အထဲမှာ တိရစ္ဆာန်ဆရာဝန်တွေ သုံးတဲ့ သန်ချဆေးလို အရာတွေတောင် ရှိပါတယ်။
ဂလစ်ဆီယာက ပွန်တီဗေဒြာမှာ ဖမ်းမိခဲ့တဲ့ ဓာတ်ခွဲခန်းတခုဆိုရင် တနေ့ကို သန့်စင်မှု ၉၅ ရာခိုင်နှုန်းရှိတဲ့ ကိုကင်း ကီလို ၂၀၀ လောက် ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီရေငုပ်သင်္ဘောတွေနဲ့ ဓာတ်ခွဲခန်းကို ကြည့်ရင်ပဲ မူးယစ်ဆေးဝါး လောကဟာ ဘယ်လောက်အထိ အားကောင်းကောင်းနဲ့ ချဲ့ထွင်လာနေပြီလဲဆိုတာကို မှန်းဆနိုင်ပါတယ်။
ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အေဂျင်စီကလည်း ၂၀၂၀ နဲ့ ၂၀၂၁ အတွင်းမှာ ကိုကင်းထုတ်လုပ်မှု ၃ ဆ တက်လာတယ်လို့ ပြောပါတယ်။ ဒါဟာ နှစ်အလိုက်ဆိုရင် ၂၀၁၆ နောက်ပိုင်းမှာ အများဆုံး ဖြစ်ပါတယ်။ ဘဲလ်ဂျီယံက အန်တဝပ်ဆိပ်ကမ်းမှာလည်း မူးယစ်ဆေးဝါးတွေ အများဆုံး ဝင်ရောက်လာခဲ့တာကို တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။
၂၀၂၂ အတွင်းက ကိုကင်း တန်ချိန် ၁၁၀ လောက်ကို အဲဒီမှာ ဖမ်းမိခဲ့ကြပါတယ်။ များလွန်းလို့ မီးရှို့ ဖျက်ဆီးပစ်ဖို့တောင် မနိုင်မနင်း ဖြစ်ခဲ့ကြရပါတယ်။ အဲဒီ ဆိပ်ကမ်းကို ဝင်လာတဲ့ ကိုကင်းတွေထဲက ၁၀ ရာခိုင်နှုန်းလောက်ကိုသာ ဖမ်းမိကြတာပါ။ ကျန်တာက နယ်သာလန်အထိ ရောက်သွားပြီး အဲဒီကမှ တဆင့် ယူကေအပါအဝင် ဥရောပ တလွှားကို ဖြန့်ဖြူးကြတာဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဆိပ်ကမ်းက အကောက်ခွန်ဌာနရဲ့ အကြီးအကဲကလည်း ကိုကင်းတွေက ဆူနာမီလိုပဲ ဝင်လာနေတာဖြစ်လို့ ဘယ်တော့မှ နှိမ်နင်းနိုင်မယ် မထင်ဘူးလို့ ပြောပါတယ်။
နောက်ပြီး ကိုကင်းကြောင့်ပဲ အန်တဝပ်မြို့ထဲက လမ်းတွေပေါ်မှာလည်း သတ်ဖြတ်မှုတွေ ရှိလာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက မြို့ထဲမှာ ကိုကင်း ရောင်းဝယ်တဲ့ ဂိုဏ်းအချင်းချင်း ပစ်ကြခတ်ကြ ဖြစ်ပြီး ၁၁ နှစ်အရွယ် မိန်းကလေးငယ်တဦးပါ ထိမှန်သေဆုံးခဲ့ရပါတယ်။
ဘဲလ်ဂျီယံရဲ့ တရားရေး ဝန်ကြီး ဗင်းဆင့် ဗန် ကွစ်ကန်ဘောန်းဆိုရင်လည်း ပြီးခဲ့တဲ့ နှစ်အတွင်းက လုံခြုံရာမှာ သွားနေရလိုက် မနေရလိုက်နဲ့ ဖြစ်နေပါတယ်။ သူ့ကို ဒုစရိုက်ဂိုဏ်းတွေက ပြန်ပေးဆွဲဖို့ စီစဉ်နေတာကို ဒတ်ချ် ရဲတပ်ဖွဲ့က သတင်းရခဲ့လို့ ဖြစ်ပါတယ်။ သူ့ အိမ်ပြင်ပမှာလည်း သေနတ်တွေ တင်ထားတဲ့ ကားတစင်းကို ဖမ်းမိခဲ့ကြပါတယ်။ ဘဲလ်ဂျီယံက ထိပ်တန်း စုံစမ်းဖော်ထုတ်ရေးတရားသူကြီး တဦးဖြစ်တဲ့ မီရှဲလ် ကလဲ့စ်ကတော့ ကိုကင်း ဈေးကွက်ဟာ ထိန်းမရတော့ဘူးလို့ ယူဆပါတယ်။
ဘရပ်ဆဲလ်မြို့တော်က တရားရုံးကြီးမှာ ဘီဘီစီနဲ့ တွေ့ဆုံစဉ်မှာ သူက မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ တော်တော်ဝင်ငွေကောင်းကြတယ်လို့ ပြောပါတယ်။ သူတို့ကို ဥပဒေအရ အရေးယူဖို့ ကြိုးစားနေတဲ့ လူတွေအပေါ်လည်း သူတို့ရဲ့ ကြွယ်ဝမှုနဲ့ လက်တံရှည်မှုတွေကို အသုံးချပြီး ဟန့်တားဖို့ လုပ်လာကြကြောင်း ပြောပါတယ်။
ငွေခဝါချမှုတွေနဲ့ အဂတိမှုတွေက အတိုင်းအဆမရှိ ဖြစ်ချင်တိုင်း ဖြစ်နေတာ၊ ဆိပ်ကမ်းကလူတွေ၊ ရဲတွေနဲ့ တခြားလူတွေကိုလည်း ပေးကမ်းနေတော့ ရာဇဝတ်ဂိုဏ်းတွေကို ထိန်းချုပ်ဖို့ ဘယ်လို လုပ်တော့မလဲ၊ မရတော့ဘူးလို့ သူက ပြောပါတယ်။
ဘဲလ်ဂျီယံက ကိုကင်းပြဿနာက ဥရောပရဲ့ ကိုကင်း ပြဿနာ ဖြစ်ပါတယ်။
တဖက်မှာလည်း ကုလသမဂ္ဂက အရင်ပြိုင်ဘက် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေဟာ အရင်ကလို မဟုတ်ဘဲ လက်တွဲပြီး လုပ်ကိုင်နေကြပြီဖြစ်တယ်လို့ သတိပေးနေပါတယ်။
ဒီရာဇဝတ်ဂိုဏ်းတွေဟာ ဥရောပတိုက်မှာ အောင်မြင်ပြီးတာနဲ့ မကြာခင်အတွင်းမှာ ဝင်ငွေတွေ အတိုင်းအဆမရှိအောင် ထပ်ရနိုင်ဖို့ အတွက် အာရှနဲ့ အာဖရိကအထိပါ ချဲ့ထွင်သွားကြလိမ့်မယ်လို့ သတိပေးထားပါတယ်။