ဇန်နဝါရီ ၁၉ ရက် ထိပ်တန်းသတင်းများ- လူ ၇ ဦး သေဆုံးတဲ့အထိ လေကြောင်းတိုက်ခိုက်ခံထားရတဲ့ မိုးတားလေးရွာမှာ ဒီနေ့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံနေရ

ရေးသားခဲ့သည်။

လူ ၇ ဦး သေဆုံးခဲ့တဲ့အထိ လေကြောင်းတိုက်ခိုက်ခံထားရတဲ့ မိုးတားလေးရွာ ဒီနေ့ လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခံနေရတယ်လို့ ဆို

မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က မိုးတားလေးကျေးရွာအနီးမှာ ဒီနေ့ ဇန်နဝါရီလ ၁၉ ရက်မွန်းလွဲ  ၁၂နာရီ ခွဲအချိန်မှာလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်တာကိုသိရှိထားရပြီး၊ ထိခိုက်တဲ့နေရာ၊ တိုက်ခိုက်တဲ့နေရာကိုတော့ လတ်တလော အတိအကျမပြောနိုင်သေးဘူးလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

မနေ့ ဇန်နဝါရီလ ၁၈ ရက်၊ ညနေပိုင်းမှာ မိုးတားလေးကျေးရွာထဲကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီလို ပစ်ခတ်ချိန်မှာ ရွာအတွင်း  

ရှင်ပြုနားသအလှူ အကျွေးအမွေးပြီးစီးလို့ သိမ်းဆည်းနေတဲ့နေအိမ်အနီး ထိမှန်ခဲ့တာကြောင့် အလှူ၊ နာရေးအကူအညီပေးတဲ့အဖွဲ့ဝင်တချို့နဲ့ အလှူအိမ်အနီးက နေအိမ်အတွင်းက အမျိုးသမီးတစ်ဦးတို့ အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ ရွှေဂူမြို့နယ်၊ ကျောက်ကြီးရွာဘက်ကနေတဆင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ် ရေးနဲ့ ကာကွယ်ရေးအဖွဲ့တွေအကြားမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဗုံးကြဲတဲ့နေရာက တခြားစီဖြစ်သွားတာ၊ ရွာထဲမှာအလှူလုပ်နေတဲ့ အဲဒီနေရာကို ကြဲသွားတာ၊ တိုက်ပွဲဖြစ်တဲ့နေရာကိုကျတဲ့ဗုံးကနည်းတယ်။ ရွာထဲကိုကျတာကများသွားတာ” လို့ ကသာ မြိုန့ယ် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မနေ့က လေကြောင်းကနေတိုက်ခိုက်မှုအတွင်း တိုက်ပွဲအနီး ဗုံး ၄လုံးကျရောက်ပေါက်ကွဲသလို၊ မိုးတားလေး ကျေးရွာထဲအလှူအိမ်အနီးလည်း ဗုံး ၄လုံးကျရောက်ပေါက်ကွဲခဲ့ပြီး၊ ရွာအနီးနားမှာလည်း ဗုံးတွေ ပေါက်ကွဲခဲ့တယ်လို့ ကသာဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

စစ်ကောင်စီတပ်က မနေ့က တရက်တည်းမှာတင် ဗုံး အလုံး ၂၀ လောက်နဲ့ တိုက်ခိုက်တာကို ပေါက်ကွဲပျက် စီးမှုတွေအရ သိရှိထားရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ စာရင်းတွေအရသိရပါတယ်။ ဗုံးကျဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိကြသူတွေလည်းရှိသလို၊ နေအိမ်မီးလောင် ပျက်ဆီးမှုတွေလည်းရှိခဲ့ပေမဲ့  စာရင်းအတိ အကျကိုတော့ ကောက်ယူရရှိမှုမရှိသေးဘူးလို့ သိရပါတယ်။

 

မိုးတားလေးကျေးရွာအတွင်းက ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကသာဘက်က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကသာမြို့၊ ညောင်ခြေထောက်ကျေးရွာအနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ၊ PDF ယူနီဖောင်းတွေ၊ ဆေးဝါးနဲ့ရိက္ခာတွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့ ငပလီမှာတွေ့ဆုံ

ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် Chalermpol Srisawat နဲ့ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရခိုင်ပြည်နယ်၊ သံတွဲက ငပလီမှာတွေ့ဆုံခဲ့တယ်လို့ထိုင်းဘက်က သတင်းထုတ်ပြန်လာပါတယ်။

သံတွဲမြို့နယ်၊ ငပလီမှာ  ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ​ရက်အထိ  ၃ ရက်ကြာကျင်းပမယ့် ရှစ်ကြိမ်မြောက် ထိုင်းမြန်မာနှစ်နိုင်ငံနှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ ထိုင်းစစ်ဦးစီးချုပ်က ငပလီကို ဒီနေ့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

အခုအစည်းအဝေးဟာ နှစ်နိုင်ငံစစ်တပ်ကြား စစ်ဘက်ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်ဖို့  ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးတဲ့ ပုံမှန် ယန္တရားတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးမှာ နယ်စပ်က ဒုက္ခသည်များအရေး ဆောင်ရွက်နေတဲ့ Regional border committee အစည်းအဝေးနဲ့ တခြား စီမံချက်တွေနဲ့ပတ်သက်လို့ အသိအမှတ်ပြုခဲ့သလို  အနာဂတ်ကာလ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်တစ်ခုကို ချမှတ်ဖို့ သဘောတူနိုင်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်က ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ထိုင်းအစိုးရရဲ့ကူညီမှုတွေအတွက်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ၉ ကြိမ်မြောက် အစည်းအဝေးကိုတော့ ထိုင်းနိုင်ငံမှာကျင်းပမယ်လို့ ဆိုပါတယ်။

ဒီအစည်းအဝေးသတင်းနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ရခိုင်ပြည်နယ်သံတွဲမြို့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာရောက်မယ်လို့ ပြီးခဲ့တဲ့ရက်တွေတည်းက သတင်းထွက်ပေါ်နေခဲ့တာဖြစ်ပြီး မြို့ပေါ်အနီးတဝိုက်လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ထိုင်းစစ်ဦးစီးချုပ် ငပလီကိုမလာရောက်ခင်သီတင်းတစ်ပတ်အလိုမှာပဲ ထိုင်းမှာဖမ်းမိတဲ့မူးယစ်နဲ့လက်နက်ကုန်သည် ဦးထွန်းမင်းလတ်ရဲ့နေအိမ်ကို သိမ်းဆည်းရှာဖွေရာမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို တွေ့ရှိခဲ့တယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ထံက ရရှိတဲ့အချက်အလက်တွေကို ကိုးကားပြီး Justice for Myanmar က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီပစ္စည်းတွေထဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းနဲ့ သမီးဖြစ်သူ နာမည်နဲ့ ထိုင်း ဘဏ်စာအုပ်တို့ကိုသိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပေမဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားတာတော့မတွေ့ရဘူးလို့ JFM ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုအစီရင်ခံစာထွက်ပေါ်ပြီးတဲ့နောက် စစ်ခေါင်းဆောင်နဲ့ သူ့မိသားစုပိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ ထိုင်းအစိုးရက သေချာစုံစမ်းစိစစ်ပြီး ဖော်ထုတ်အရေးယူဖို့  လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းမှုတွေဆက်တိုက်ပေါ်ပေါက်နေချိန်မှာပဲ​ထိုင်းစစ်ဦးစီးချုပ်ရဲ့မြန်မာခရီးစဥ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို တောင်ငူထောင် ရွှေ့ပြောင်းတဲ့သတင်းနဲ့ပတ်သက်လို့ သိရသမျှ

သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက နေပြည်တော်မှာ အကျယ်ချုပ်ပုံစံနဲ့ ထားရှိရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့နီးစပ်တဲ့သတင်းရင်းမြစ်တချို့က ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်ကိုတောင်ငူထောင်ထဲက သီးသန့်တည်ဆောက်ထားတဲ့အဆောက်အဦမှာ ထားရှိတာဖြစ်တယ်လို့သိရပြီး မိသားစုအတူလိုက်ပါလာခြင်းရှိမရှိကိုတော့ မသိရသေးပါဘူး။

ဦးဝင်းမြင့်ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး သူ့ကို စစ်ကောင်စီက ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်သြဇာပြုမှု ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) အပြင် ရဟတ်ယာဥ်ဝယ်ယူငှားရမ်းမှုနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု ငါးမှုတို့နဲ့ စုစုပေါင်း ထောင် ၁၂ နှစ် ချမှတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ သမ္မတကိုရော အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုပါ စွဲဆိုထားတဲ့ အမှုတွေ အပြီးအပြတ်အမိန့်ချလိုက်ပြီဖြစ်တာကြောင့် အဲဒီကတည်းက ထောင်ရွှေ့ပြောင်းမှုရှိနိုင်တယ် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်နိုင်တယ်ဆိုတဲ့မှန်းဆပြောဆိုချက်တွေ ရှိထားခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက လွတ်လပ်ရေးနေ့မှာပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာလည်း သူတို့နှစ်ဦးအပါအဝင် NLD အစိုးရလက်ထက် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ မပါဝင်ခဲ့သလို ပြစ်ဒဏ်လျှော့ပေါ့မှုမှာလည်း ကင်းလွတ်ခွင့်ရတဲ့ ပုဒ်မတွေထဲ သမ္မတနဲ့ အတိုင်ပင်ခံတို့ကို စွဲဆိုထားတဲ့ပုဒ်မအများစုမပါဝင်ခဲ့တာတွေ့ရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကအထိ နေပြည်တော်အချုပ်ထောင်တွင်းမှာ ထားရှိထားတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က အတည်ပြုပါတယ်။

သမ္မတအတွက်ရော ဒေါ်အောင်ဆန်းစုကြည်အတွက်ပါ အစားအသောက်နဲ့ရိက္ခာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့က နေပြည်တော်ကရဲစခန်းတစ်ခုမှာ ပေးပို့ခဲ့ရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပါတယ်။

သမ္မတကို ထောင်နေရာရွှေ့ပြောင်းလိုက်တာ ဟုတ်မဟုတ် သိရဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့အဆက်အသွယ်မရရှိခဲ့ပါဘူး။

စစ်ကောင်စီက ပြစ်ဒဏ်တွေချမှတ်ထားတဲ့အမိန့်တွေအပေါ် သမ္မတရော ဒေါ်အောင်ဆန်းစုကြည်တို့ပါပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ရာဇဝတ်ပြင်ဆင်မိန့်၊ တစ်ခါသက်ဆိုင်ရာတရားရုံးတွေအဆင့်ဆင့်ကနေ အယူခံအဆင့်ဆင့်တင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး လာမယ့် ဖေဖော်ဝါရီ ၈ ရက်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ကြားနာဖို့ ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အရည်အချင်းရှိတဲ့သူကို အုပ်ချုပ်ခွင့်ပေးဖို့ စစ်ကောင်စီကို အင်ဒိုနီးရှားတိုက်တွန်း

မြန်မာမှာ အရည်အချင်းရှိတဲ့သူကို အုပ်ချုပ်ခွင့်ပေးဖို့နဲ့ စစ်ကောင်စီက နောက်ဆုတ်ဖို့ စဥ်းစားသင့်ကြောင်း စစ်ကောင်စီကို အင်ဒိုနီးရှားဝါရင့်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ပင်လယ်ရေကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်းညှိနှိုင်းရေး ဝန်ကြီး Luhut Panjaitan ကတိုက်တွန်းကြောင်း ဘန်ကောက်ပို့စ် သတင်းကရေးပါတယ်။

အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း စစ်တပ်ကအစိုးရကဏ္ဍပေါင်းစုံမှာ ပါဝင်ထိန်းချုပ်ခဲ့တာကနေ နောက်ဆုတ် ဖြေလျှော့ခဲ့တဲ့ ဥပမာကို မြန်မာစစ်တပ်က အတုယူသင့်တယ်လို့လည်း အင်ဒိုနီးရှားဝန်ကြီးက ပြောပါတယ်။

“အစိုးရအဖွဲ့ထဲမှာ စစ်တပ်က လူတွေအများကြီး ရှိနေတယ်။ ဒါပေမဲ့ မင်းမှာအရည်အချင်းမရှိဘူးဆိုရင် ဘာလို့ မင်းက သမ္မတ ဖြစ်သင့်မှာလဲ။ အင်ဒိုနီးရှားမှာလို အရည်အချင်းရှိတဲ့သူတစ်ဦးဦးကို တိုင်းပြည်ကို စီမံခန့်ခွဲခွင့်ပေးသင့်တယ်” လို့ သူက ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အတွင်း ဇန်နဝါရီ ၁၈ ရက်က ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲတစ်ခုအတွင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ  ၁၉၆၆ ခုနှစ်တည်းက အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဆူဟာတိုကို ၁၉၉၈ ခုနှစ်မှာ ဖြုတ်ချခဲ့ပြီးနောက် တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ ပြည်လည်တည်ဆောက်ခဲ့ပါတယ်။

အခုအင်ဒိုနီးရှားဝန်ကြီးရဲ့ပြောကြားချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်တာမရှိဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်လက်နက်ရရှိရေးလွှဲပြောင်းမှု ခွင့်ပြုပေးထားခြင်းမရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆို

မြန်မာစစ်တပ်ကို စစ်လက်နက် သို့မဟုတ် စစ်ဘက်ဆိုင်ရာအသုံးချနိုင်တဲ့ပစ္စည်းတွေ လွှဲပြောင်းပေးပို့မှုအတွက် ခွင့်ပြုပေးထားတာမရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး CNA သတင်းဌာနက ရေးသားပါတယ်။ မြန်မာစစ်တပ်ဟာ သူ့ တို့ကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုကို တိုက်ခိုက်သတ်ဖြတ်ဖို့ အနည်းဆုံး နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီတွေရဲ့ အထောက်ပံ့အကူညီမှုနဲ့ လက်နက်တွေ အမျိုးစုံထုတ်လုပ်နေတဲ့အကြောင်း ကုလသမဂ္ဂ ထိပ်တန်းအရာရှိဟောင်းတွေရဲ့အစီရင်ခံစာ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီးအဲဒီစာရင်းထဲမှာ အမေရိကန်၊ ပြင်သစ်၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေက ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အစီရင်ခံစာရေးတဲ့သူတွေက သူတို့အနေနဲ့ လက်နက်ထုတ်လုပ်ရေးကွန်ရက်ရဲ့ အပိုင်းတစ်ပိုင်းကိုသာ ဖော်ထုတ်နိုင်သေးတယ်လို့ ဝန်ခံထားပေမယ့် ဒီကိစ္စမှာ နိုင်ငံအများအပြား ပါဝင်ပတ်သက်နေတယ်လို့ ယူဆထားကြပြီး မြန်မာနိုင်ငံတွင်း လက်နက်ထုတ်လုပ်နေတဲ့ လမ်းကြောင်းကို လိုက်ကြည့် ခဲ့ရာမှာ တရုတ်နဲ့ စင်ကာပူနိုင်ငံတို့ကတင်သွင်းလာတယ်လို့ ယူဆရတဲ့ ကြေးနီနဲ့ သံအပါအဝင် တရုတ်ပြည်က ကုန်ကြမ်းတွေတင်သွင်းနေတာကိုခြေရာခံရှာဖွေနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၈ ရက်နေ့မှာ တုံ့ပြန်လာတာဖြစ်ပါတယ်။ လက်နက်မဲ့အရပ်သားတွေကို နှိမ်နင်းဖို့ရာ အသုံးပြုနိုင်ဖွယ်ရှိတဲ့ ဒီစစ်ဘက်ဆိုင်ရာသုံးပစ္စည်းတွေဟာ အလွန်အန္တရာယ်များတယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။ စင်ကာပူအနေနဲ့ ဒီအစီရင်ခံစာပါအချက်အလက်တွေကို လေ့လာနေပြီး ဒီထဲမှာပါတဲ့အချက်အလက်တွေဟာ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမတိုင်ခင် စင်ကာပူနိုင်ငံနဲ့ စီးပွားရေးအရ ဆက်သွယ်ဆောင်ရွက်တဲ့အချက်အလက်တွေနဲ့ဆက်နွှယ်နေတာကိုသတိပြုမိကြောင်းနဲ့ စင်ကာပူဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံထဲ စစ်လက်နက်ပစ္စည်းတွေစီးဆင်းမှု တားဆီးရေးဆုံးဖြတ်ချက်ကိုလည်း ထောက်ခံမဲပေးခဲ့ကြောင်း ဆိုပါတယ်။ ဥပဒေချိုးဖောက်မှုတွေရှိလာရင်လည်း အရေးယူဖို့ တုံ့နှေးနေမှာမဟုတ်ဘူးလို့လည်း စင်ကာပူနိုင်ငံခြားရေးပြောခွင့်ရသူက ဆိုပါတယ်။

ရွေးကောက်ပွဲကို ကူညီနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုပြင်းထန်စွာအရေးယူမယ်လို့ မြောက်ယမားကာကွယ်ရေးအဖွဲ့ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲကို သပိတ်မှောက်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲကို အဖက်ဖက်က ကူညီနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုပြင်းထန်စွာအရေးယူမယ်လို့မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ် PDF က ဇန်နဝါရီ ၁၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းရပ်ကွက်တွေမှာ ရွေးကောက်ပွဲအတွက်အိမ်ထောင်စုစာရင်းတွေလိုက်လံကောက်ခံနေတာကို သိရပြီး စာရင်းကောက်ယူရာမှာပါဝင်တဲ့ ဝန်ထမ်းတချို့ရဲ့နာမည်စာရင်းကိုရရှိထားပြီး အဲဒီလုပ်ငန်းတွေမှာမပူးပေါင်းမပါဝင်ကြဖို့ လည်း အဲဒီအဖွဲ့က ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TNLA ကလည်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ထိထိရောက်ရောက်ဟန့်တားကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်က စပြီး စစ်ကောင်စီက နိုင်ငံတဝန်းလူဦးရေးစာရင်းကောက်ယူမှုကို သူ့လက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ အခြားဌာနဆိုင်ရာ အချို့က ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေပေါင်းပြီး ကွင်းဆင်းကောက်ယူနေတာပါ။

အခုလို စာရင်းကောက်ယူတာဟာ စစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူဖို့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်အသိုင်းအဝိုင်းက သိရပါတယ်။ စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတဲ့ အဖွဲ့တွေ တစ်ပတ်အတွင်း တိုက်ခိုက်ခံရမှု ၁၀ကြိမ်မနည်းရှိလာပြီးအနည်းဆုံးငါးဦး သေဆုံးထားသလို မြောင်မြို့နယ်မှာဆို ထွေအုပ်ဝန်ထမ်းအချို့ကို ဖမ်းဆီးမိထားပြီး အရေးယူမယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလို စာရင်းကောက်တဲ့အဖွဲ့တွေ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ထီးချိုင့်မှာ ရွာပေါင်း ၂၂ ရွာက အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာလကုန်ပိုင်းကစလို့ နေ့စဉ်ဆိုသလို ကျေးရွာတွေနေအိမ်တွေ မီးရှို့ခံရပါတယ်။

တစ်လကျော်အတွင်း ထီးချိုင့်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၂ ခုမှာ အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မြေပြင်စစ်ရှောင်ကူညီပေးသူတွေ စစ်တမ်းအရသိရပါတယ်။

ဇန်နဝါရီလဆန်းကနေ ၁၇ ရက်နေ့ထိ ထီးချိုင့် မြို့နယ်တွင်းနဲ့ ဒေသအစပ်ကြား ကျေးရွာတချို့ ထပ်မံမီးရှို့ခံရတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီးရှို့ခံရတဲ့ အိမ်က သွပ်ကလေးတွေဘာလေးတွေသွားခွာ၊ ခွာပြီးတော့တောင်ပေါ်က ဝါးလေးတွေဘာလေးတွေ ဆွဲပြီးကာပြီးတော့ ဒီလိုပဲ​ထိုးပြီးနေကြရတာပေ့ါ။ အဖီတဲလေးတွေနဲ့။ အခုလက်ရှိ ရွာတွေကျတော့လည်း စစ်ကြောင်းဝင်ရင်ကျတော့အရမ်းနီးတဲ့အခါကျတော့ ရွာတွေကိုပဲအဓိကထားတာဆိုတော့ တောထဲက တဲလေးတွေမှာပဲသွားနေကြရတာပေါ့။ မီးလောင်ပြင်နဲ့ ရွာပျက်ပုံစံတွေပဲ များသာအားဖြင့် ကျန်နေခဲ့တာပေ့ါ။ ရွာထဲမှာ နေတဲ့သူတွေကျတော့လည်း အရင်ကလို အသုံးအဆောင်ပစ္စည်းတွေဘာညာမထားတော့ဘူး။ လာရင်ပြေးရလွယ်အောင်လို့။ ကျွန်တော်တို့တွက်ထားသလောက်တော့ ရွာပေါင်း ၂၂ ရွာလောက်ရှိပါပြီ။ အိမ်ခြေပေါင်းကတော့ ၁၄၀၀ ကျော်သွားပါပြီ”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့မှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထီးချိုင့်မြို့နယ်၊​ထန်းကုန်းရွာထဲက ဘုန်ကြီးကျောင်းထဲကိုကျလို့ စစ်ရှောင်အဘိုးအိုတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၁၉ ရက်မနက်ပိုင်းမှာလည်း ထီးချိုင့်မြို့နယ်ထဲက လယ်မီးရွာ မီးရှို့ခံနေရပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းမှာ KIA နဲ့ PDF တို့ခိုအောင်းနေတယ်ဆိုတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး  KIA နဲ့ PDF တို့က ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တုံ့ပြန်ထုတ်ပြန်ထားပါတယ်။