ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၈ရက် ထိပ်တန်းသတင်းများ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ အစိုးရအဖွဲ့ဝင်ဟောင်းတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင် ၁၅နှစ် ပြစ်ဒဏ်ကို ဒီဇင်ဘာ ၂၈ရက်နေ့၊ ဒီကနေ့မှာအမိန့်ချခဲ့တယ်လို့ ပြစ်ဒဏ်ချမှတ်မှုကိုသိရှိတဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဒီကနေ့မနက်ပိုင်း အိုးဘိုထောင်တွင်းတရားရုံးကနေ ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှု)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ်ချမှတ်လိုက်တာလို့ သိရပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဒေါက်တာဇော်မြင့်မောင်အပေါ် ရွေးကောက်ပွဲဆိုင်ရာဥပဒေ ကျူးလွန်တယ်ဆိုတဲ့ အမှုနဲ့ အဂတိလိုက်စားမှုတွေ၊ NLD အစိုးရလက်ထက် မန္တလေးတိုင်းလျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေအပြင် NLD ပါတီနာယက ဦးဝင်းထိန်ရဲ့ အမှုတွေအတွက်လည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို၊ ၂၀၂၂ ဧပြီ ၂၇ရက်နေ့၊ ဒေါက်တာဇော်မြင့်မောင်ရဲ့ တရားရုံးချိန်း အပြီးမှာ စစ်တပ်ဘက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ ၂၀၁၉ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားအမှုကိုလည်း လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးလည်းဖြစ်ပါတယ်။
ပြစ်ဒဏ်အမိန့်ချမှတ်ပြီးနောက်ပိုင်း အယူခံနဲ့ စစ်ကောင်စီဘက်က ဆက်လက်လုပ်ဆောင်မယ့်အပိုင်းတွေကို တော့ တိတိကျကျထပ်မံသိရှိရတာမရှိသေးပါဘူး။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ဘက်ခြမ်းက ကံပြား၊ မင်းတဲကုန်းကျေးရွာတွေထဲကို ဒီဇင်ဘာ ၂၇ရက်၊ မနေ့က ညနေပိုင်းကစလို့ စစ်ကြောင်း ထိုးတာတွေရှိနေတယ်လို့ ကံပြားဒေသခံတွေက ဘီဘီစီကိုပြော ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့၊ မနက်ပိုင်းမှာတော့ မင်းတဲကုန်းကျေးရွာအတွင်းက မီးလောင်တဲ့ မီးခိုးတွေတက် လာတာကို တိမ်းရှောင်ရာနေရာတွေကနေ ဒေသခံတွေက တွေ့မြင်နေရတယ်လို့ ဘီဘီစီကိုပြောကြပါတယ်။
မင်းတဲကုန်း နည်းတူ ကံပြားရွာဘက်ကလည်း ပေါက်ကွဲ၊ ပစ်ခတ်မှုအသံတွေကိုလည်း ကြားရသလို မီးခိုးအချို့ တက်လာ တာကိုလည်း တွေ့မြင်ရတယ်လို့ ကံပြားဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
မင်းတဲကုန်းနဲ့ ကံပြားရွာက တစ်မိုင်လောက်သာဝေးတဲ့ ရွာစဥ်ပုံစံမျိုးရှိတဲ့နေရာတွေလို့လည်း ဆိုကြပါတယ်။ မင်းတဲကုန်းနဲ့ ကံပြားရွာအတွင်း မီးလောင်မှုဖြစ်စဥ်နဲ့ ပျက်ဆီးမှုတွေကိုတော့ ဒေသခံတွေက တိတိကျကျ မသိရှိ ကြရသေးပါဘူး။
မနေ့က ညနေပိုင်းကတည်းက စစ်တပ်ဝင်လာနိုင်တာကြောင့် ကံပြားရွာက အိမ်ထောင်စု ၈၀၀ ကျော်က ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့သလို မနှဲကုန်းဒေသခံတွေလည်း အလားတူတိမ်းရှောင်နေကြရတယ် လို့ စစ်ဘေးတိမ်းရှောင်နေရသူတွေက ဘီဘီစီကိုပြောပါတယ်။
အဲဒီစစ်ကြောင်းတွေက မန်ကျည်းစောက်ရွာက နေအိမ် ၂၄လုံးလည်း ဒီကနေ့မှာဘဲ မီးရှို့ခဲ့တယ်လို့ ဒီပဲယင်းသတင်းတွေတင်ဆက်နေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီကတဆင့် မင်းတဲကုန်းနဲ့ ကံပြားကိုလည်း ဆက်လက်မီးရှို့တာတွေလုပ်နေတာလို့ ဒေသခံတွေထံကသိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီဇင်ဘာလအတွင်း ကျေးရွာ ၂၂ ရွာက ဘုန်းကြီးအချို့၊ စာသင်ကျောင်း တွေအပါအဝင် လူနေအိမ် ၂၉၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်း မြို့နယ် ညီနောင်များ အဖွဲ့က ထုတ်ပြန်ပြောကြားထားပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းတွေဝင်ရောက်တာနဲ့ ၊ မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။
လွတ်လပ်ရေးရပြီးကတည်းက ၇၅နှစ်ကြာသည့် ဒီကနေ့တိုင်အောင်ကို နယ်ချဲ့ကိုလိုနီလက်ဟောင်းနဲ့ လက်သစ်တွေကပါ တိုင်းပြည်အပေါ် နည်းမျိုးစုံသွေးခွဲတာကြောင့် ပဋိပက္ခမျိုးစုံဖြစ်ပွားခဲ့သလို ဒီကနေ့ အထိကို ဖြစ်ပွားနေဆဲလို့ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ ၂၇ရက်နေ့က ပြောခဲ့ပါတယ်။
ရန်ကုန်မြို့၊ မှော်ဘီဗိုလ်သင်တန်းကျောင်းမှာပြုလုပ်တဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားမှာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အခုလို ပြောခဲ့တာပါ။
အဲဒီလိုသွေးခွဲမှုကြောင့် ဝါဒရေးရာအယူအဆ၊ လူမျိုးရေးရာအယူအဆ၊ ဘာသာရေးရာအယူအဆ ကွဲလွဲမှု တွေကနေ တိုင်းရင်းသားတွအကြား ပဋိပက္ခမျိုးစုံ အခုချိန်ထိဖြစ်နေဆဲလို့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်းသူတွေကို သူက မိန့်ခွန်းပြောခဲ့ပါတယ်။
အဲဒီလိုဖြစ်ရပ်တွေ အမြန်ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် လက်နက်ကိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း နေတယ်လို့လည်း ညွှန်းဆိုပြောပြပြီး ထာဝရငြိမ်းချမ်းရေးရဲ့သမိုင်းကြောင်းကို နားလည်အောင်ကြိုးစားလေ့ လာဖို့ကို တိုက်တွန်းခဲ့ပါသေးတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းဆင်းဘွဲ့ရအမျိုး သမီးဗိုလ်လောင်းတွေကို စစ်ဘက်ရေးရာ အကြောင်းအရာများနဲ့ စစ်တပ်နဲ့ နိုင်ငံတော်အတွင်းလုပ်ဆောင်ချက်များကိုလည်း မိန့်ခွန်းအတွင်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့၊ ဗိုလ်တထောင် ၄၄ လမ်းဖြစ်စဥ်က ဖမ်းဆီးခံ လူငယ်တွေကို မနေ့ ဒီဇင်ဘာ ၂၇ရက်က အင်းစိန်ထောင်တွင်းတရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦးလို့တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပြီး ဒီအထဲ အမျိုးသမီးငယ်ဖြစ်တဲ့ မပိုးကျော့ကျော့ခန့် လည်းပါဝင်ပါတယ်။ ကျန်တဲ့ အမျိုးသား၆ဦးထဲ လူငယ် ၅ဦးကဖြစ်စဥ်မှာဖမ်းဆီးခံရသူတွေဖြစ်ပြီး နောက်ထပ်အမျိုးသား ၁ ဦးကတော့ အငှားယာဥ်မောင်းဖြစ်ပါတယ်။
လူငယ်တွေကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ နဲ့ထောင်ဒဏ် ၅နှစ် ၊ ဆက်စပ်ပုဒ်မဖြစ်တဲ့ ပုဒ်မ ၃/၆ နဲ့ ထောင်ဒဏ် ၇နှစ် တို့ကို သီးခြားစီကျခံဖို့ ချမှတ်ခဲ့လို့ တစ်ဦးကို ထောင်ဒဏ် ၁၂နှစ်အထိကျခံရမှာဖြစ်ပါတယ်။
အငှားယာဥ်မောင်း အမျိုးသားကတော့ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေ ပုဒ်မ၃/၆ နဲ့ ထောင်ဒဏ် ၇နှစ်ချမှတ်ခံရတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် သြဂုတ် ၁၀ရက်က ဗိုလ်တထောင် ၄၄ လမ်းက တိုက်ခန်းတစ်ခု ကိုစစ်ကာင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့လို့တိုက်ပေါ်ကနေ လူငယ်တချို့ခုန်ချခဲ့ပါတယ်။
အဲဒီဖြစ်စဥ်မှာလူငယ် ၂ဦးဖြစ်တဲ့ ကိုဝေဇော်ဖြိုး နဲ့ မဝေဝေမြင့် (ခေါ်) ပန်းသီးတို့ ကတော့ နေရာမှာတင် သေဆုံးသွားခဲ့တာပါ။ အဲဒီနေ့မှာပဲ ကိုဝေဖြိုးအောင်၊ မောင်သီဟကောင်းဆက်နဲ့ မပိုးကျော့ကျော့ခန့် တို့ကိုတော့ စစ်ကောင်စီက ဖမ်းသွားခဲ့သလို ကိုရဲမင်းဦး၊ကိုမင်းသစ္စာအောင် ၊ကိုဝေယံထက်တို့ ကတော့ ပြင်းထန်ဒဏ်ရာရခဲ့လို့ ဆေးရုံတက်ခဲ့ရပြီးနောက် ထောင်ကိုရောက်ခဲ့တာပါ။
အဲဒီကာလတုန်းက စစ်ကောင်စီဘက်ကထုတ်ပြန်ချက်မှာတော့ လူငယ် ၅ယောက်ကို ဖမ်းဆီးမိပြီး နှစ်ယောက်သေဆုံး၊ သုံးယောက်ဒဏ်ရာရကာ အားလုံးကို စစ်ဆေးရုံကို ပို့ဆောင်ထားသလို သုံးယောက် ဖမ်းမိထားတယ်လို့ ဖော်ပြခဲ့တာပါ။
ဒါ့အပြင် ဖမ်းမိတဲ့အထဲ ကိုသီဟကောင်းဆက်၊ ကိုဝေဖြိုးအောင်နဲ့ မပိုးကျော့ကျော့ခန့် တို့ကို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုး အပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူဖမ်းမိတယ်လို့လည်းထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီကရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပေမယ့် အဲ့ဒီရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်က နေရာစုံမှာ ကျင်းပနိုင်ဖို့ မဖြစ်နိုင်သလို၊ အခွင့်အရေးနည်းပါးနေတယ်လို့ ပြည်နယ်တွင်းက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက ဘီဘီစီကို ပြောဆိုကြပါတယ်။
သူတို့ရဲ့စောင့်ကြည့်လေ့လာမှုအတွေ့အကြုံတွေအရ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာတောင် ပြည်သူ တွေစိတ်ဝင်စားမှုနည်းပါးခဲ့ပြီး အခုစစ်ကောင်စီကကျင်းပပြုလုပ်မယ့်၂၀၂၃ ရွေးကောက်ပွဲအပေါ် ပြည်သူ တွေရဲ့စိတ်ဝင်စားမှုက ပိုပြီးကျဆင်းနိုင်တယ်လို့ ထောက်ပြကြပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာမှာလည်း မငြိမ်မသက်မှုတွေရှိနေတာကြောင့် ရွေးကောက်ပွဲကို နေရာရွေးချယ် ကျင်းပသွားမယ့်အခြေအနေ တွေကိုမြင်တွေ့နေရသလို၊ အများစုပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာ နိုင်ဖို့ခက်ခဲတယ်လို့ ထောက်ပြပြောဆိုမှုတွေရှိ နေပါတယ်။
လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း အပစ်ခတ်ရပ်စဲထားပြီး တည်ငြိမ်မှုတွေရှိနေပေမယ့် ရွေးကောက်ပွဲ ကာလအထိ တည်ငြိမ်မှုတွေရရှိနေမလားဆိုတာက ပြောဖို့ခက်ခဲနေတာကြောင့် ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအလားအလာက အတိအကျမပြောဆိုနိုင်ကြသေးဘူးလို့ စောင့်ကြည့်သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေထံကသိရပါတယ်။
ဒါကြောင့် ရခိုင်အခြေစိုက် နိုင်ငံရေးပါတီတွေဘက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ တစ်စုံတစ်ရာလှုပ်ရှား ဆောင်ရွက်မှုတွေ မတွေ့ရသေးသလို ကြိုတင်ပြင်ဆင်မှုတွေလည်း မရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေထံက သိရပါတယ်။
စစ်ကောင်စီဘက်က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပေမယ့် ရခိုင်ဒေသနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုတွေ မရှိသေးတာဟာ ရွေးကောက်ပွဲအပေါ် ရက္ခိုင့်တပ်တော် အေအေရဲ့ ရပ်တည်လုပ်ဆောင်ချက်အပေါ် နိုင်ငံရေးပါတီတွေနဲ့ အခြားဆက်စပ်အဖွဲ့အစည်းတွေဘက်က စောင့်ကြည့် နေကြတာမျိုးကြောင့်လို့ ထောက်ပြပြောဆိုမှုတွေလည်းရှိပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်ဩဂုတ်လမှာကျင်းပမယ်လို့ပြောဆိုထားတဲ့ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက အခု ၂၀၂၂ ခုနှစ် ကုန်ပိုင်းကစလို့ စစ်ကောင်စီကနေ ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် အေအေကတော့ ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေက ရခိုင်ပြည်နဲ့ ပြည်သူတွေအတွက် အကျိုးရှိတဲ့ရွေးကောက်ပွဲတွေမဖြစ်ခဲ့ဘူးဖို့ အေအေကပြုလုပ်ပြီးစီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ပြောဆိုထားပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း အေအေစိုးမိုးမှု ရရှိထားတဲ့နယ်မြေတွေနဲ့ အခြားနေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီရဲ့ ပြင်ဆင်မှုတွေနဲ့ နှစ်ဖွဲ့ အကြား ပြောဆိုထားမှုတွေကိုတော့ ချပြပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။