ဟာဝိုင်ယီ တောမီးကြောင့် သေဆုံးသူ ရာဂဏန်းနီးပါး ရှိနေပြီ - ဩဂုတ်လ ၁၃ ရက် ထိပ်တန်း နိုင်ငံတကာ သတင်း

ရေးသားခဲ့သည်။

ဟာဝိုင်ယီ ကျွန်းစုတွေထဲက မောင်အီ Maui ကျွန်းပေါ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူသေဆုံးရမှု ဆက်ပြီး တိုးမြင့်လာဖွယ် ရှိနေတယ် ဆိုပြီး ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ချ်ဂရင်းက သတိပေးပါတယ်။

လက်ရှိ အတည်ပြုထားနိုင်သမျှ စာရင်းအရကို သေဆုံးသူ အနည်းဆုံး ၉၃ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ ကျော် အတွင်း အမေရိကန် ပြည်ထောင်စု ကြုံတွေ့ရသမျှ တောမီးတွေထဲမှာ လူသေရမှု အများဆုံး တောမီး ဖြစ်ပါတယ်။

ဒီ တောမီးလောင်ကျွမ်းမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ဘယ်လို တုံ့ပြန် ကိုင်တွယ်သလဲ ဆိုတာကို ပွင့်လင်းမြင်သာတဲ့ စုံစမ်းမှုတွေ ပြုလုပ်သွားမယ်လို့ အုပ်ချုပ်ရေးမှူး ဂရင်းက ဆိုပါတယ်။

အခုတောမီးမှာ ဒေသခံတွေကို တရားဝင် သတိပေးမှုတွေ မထုတ်ပြန်ခဲ့ဘူးလားဆိုပြီး ဘီဘီစီက မေးခဲ့တာမှာ မစ္စတာ ဂရင်းက အခုလို ဖြေဆိုပါတယ်။

“ဖြစ်ပျက်ခဲ့တာတွေဟာ တကယ့်ကို ပမာဏကြီးကြီးမားနဲ့ အားလုံး တပြိုင်နက်ထဲတွေ ဖြစ်ခဲ့တာပါ။ ဟာရီကိန်းမုန်တိုင်း ရှိနေခဲ့ပြီး၊ ဟာရီကိန်း လေပြင်းတွေဟာ တောမီးကို ပိုအားကောင်း သွားစေပါတယ်။ ဒီလို အခြေအနေမျိုးကို ကျွန်တော်တို့ ဒေသမှာ တခါမှ မကြုံခဲ့ရဖူးပါဘူး။ မီးသတ်သမားတွေ အပါအဝင် ကျွန်းအနှံ့ အရေးပေါ် တုံ့ပြန် ကိုင်တွယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်” ဆိုပြီး ပြောသွားတာပါ။

အီရန်မှာ ဟေဂျပ်ဘ်ခေါင်းဆောင်း ဥပဒေသစ်ကို ပါလီမန်တွင်း ပြန်သုံးသပ်မယ်

အီရန်နိုင်ငံမှာ အမျိုးသမီးတွေ ဟေဂျပ်ဘ် ခေါင်းဆောင်းပုဝါ မဖြစ်မနေ ဆောင်းရမယ် ဆိုတဲ့ ဥပဒေသစ်ကို အများပြည်သူတွေကြား ငြင်းခုန်ဆွေးနွေးတာတွေ မလုပ်ပဲ ပါလီမန်ထဲမှာပဲ တံခါးပိတ် ဆွေးနွေးပြီး ပြန်လည် သုံးသပ်သွားဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

အီရန်ရဲ့ အခြေခံဥပဒေ အပိုဒ် ၈၅ အရ၊ ဥပဒေအသစ်တစ်ရပ်ကို ပါလီမန် ကော်မတီ အနေနဲ့ တံခါးပိတ် ဆွေးနွေးခွင့် ရှိပြီး၊ စမ်းသပ်ကာလ ၃ နှစ် ကနေ ၅ နှစ်အထိ ဥပဒေသစ်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ကြည့်ခွင့် ပေးထားပါတယ်။

အီရန်မှာ အမျိုးသမီးတွေ ဝတ်စားဆင်ယင်ပုံတွေ အပေါ် စောင့်ကြည့် အပြစ်ပေးနိုင်တဲ့ ကျင့်ဝတ်သိက္ခာပိုင်း ထိန်းချုပ်ရေး ရဲ အဖွဲ့လို့ ခေါ်တဲ့ လုံခြုံရေး တပ်ဖွဲ့ရဲ့ လက်ထဲ အမျိုးသမီးငယ် တစ်ဦး သေဆုံးခဲ့ရာကနေ ဟေဂျပ်ဘ် မဆောင်းမနေရ တင်းကျပ်မှု အပေါ် ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲကြီးတွေ တိုင်းပြည် အနှံ့ ပေါ်ထွန်းခဲ့ပါတယ်။

ဒီ အပေါ် အီရန် အာဏာပိုင်တွေကလည်း အလျှော့မပေးပဲ ဟေဂျပ်ဘ်နဲ့ သန့်စင်ရေး လို့ ခေါ်တဲ့ ဥပဒေသစ်ကို အတည်ပြုဖို့ စိုင်းပြင်းနေကြတာ ဖြစ်ပါတယ်။

ဒမတ်စကပ်စ်မြို့တော်တဝိုက် ပေါက်ကွဲသံတွေ ထွက်ပေါ်လာ

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တော်ရဲ့ ဆင်ခြေဖုံး အရပ်တွေမှာ ပြီးခဲ့တဲ့ ညက ပေါက်ကွဲသံတွေ ထွက်ပေါ် လာခဲ့တယ် ဆိုပြီး ဆီးရီးယား အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သမ္မတ အာဆတ်အပေါ် သစ္စာခံတဲ့ အီရန် ကျောထောက်နောက်ခံပြု လက်နက်ကိုင်တွေရဲ့ မစ်ဆိုင်းဒုံးကျည်တွေ သိုလှောင်ရာ နေရာတွေ ပေါက်ကွဲကုန်တာ ဖြစ်တယ်လို့ ဆီးရီးယားအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီ လက်နက်ကိုင်တွေရဲ့ နေရာတွေ၊ လက်နက်ခဲယမ်း သိုလှောင်ရုံတွေကို ပစ်မှတ်ထားပြီး အစ္စရေးကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် နေခဲ့ပါတယ်။ အခု ပေါက်ကွဲမှုတွေဟာ လေကြောင်းတိုက်ခိုက် ခံရလို့လား၊ ဒါမှ မဟုတ် မြေပြင် တိုက်ခိုက်မှုတွေကြောင့်ပဲ ပေါ်ပေါက် လာတာလား ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစ္စရေးဟာ အီရန် ကျောထောက်နိုင်ခံပြု ဆီးရီးယား လက်နက်ကိုင်တွေ၊ သမ္မတ အာဆတ်ရဲ့ အစိုးရစစ်တပ် နေရာတွေနဲ့ လက်ဘနွန်မှာ အခြေပြု စတည်တဲ့ ဟစ်ဇ်ဘိုလာ လှုပ်ရှားမှု လက်နက်ကိုင်တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ အခုနှစ်ပိုင်းတွေမှာ အကြိမ်ရေ ရာနဲ့ချီပြီး ပြုလုပ်ထားပါတယ်။

ထိုင်ဝမ်ဒုသမ္မတ နယူးယောက်မြို့မှာ ခရီးတထောက်နားလို့ ဘေဂျင်းအစိုးရ ဒေါသူပုန်ထ

ထိုင်ဝမ် ဒုသမ္မတ ဝီလီယမ်လိုင် အမေရိကန် နယူးယောက်မြို့ကို သွားရောက်တာနဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံး တုံ့ ပြန် အရေးယူတာတွေ ပြုလုပ်မယ် ဆိုပြီး တရုတ် ပြည်မကြီး အစိုးရက ကြေညာပါတယ်။ ဝီလီယမ်လိုင်ဟာ ထိုင်၀မ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေး ဆက်လက် ထားရှိတဲ့ နိုင်ငံ အနည်းငယ်ထဲက တစ်ခုဖြစ်တဲ့ ပါရာဂွေးနိုင်ငံကို အသွား လမ်းမှာ နယူးယောက် မြို့ကို ခဏဝင်တာ ဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ တရုတ်ရဲ့ ပိုက်နက်မြေ တစ်ခုသာ ဖြစ်တယ်လို့ ကြေညာထားတဲ့ ပြည်မကြီး အစိုးရဟာ ထိုင်ဝမ်ကသူတွေ အမေရိကန် အရာရှိတွေနဲ့ တွေ့ဆုံတိုင်း ဒေါသတကြီး တုံ့ပြန်လေ့ ရှိပါတယ်။ မစ္စတာလိုင်ဟာ ထိုင်ဝမ် လုံးဝ လွတ်လပ်ရေး လမ်းကြောင်းအပေါ် သက်ဝင်ယုံကြည်တဲ့ အဓိက ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး၊ နောက်နှစ် ဇန်နဝါရီ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရမယ့်သူ အဖြစ် တစ်ပြေးနေသူ ဖြစ်ပါတယ်။

အင်ဒို မယ်စကြဝဠာ ပွဲမှာ လိင်ပိုင်း အနိုင်ကျင့်မှုတွေ ရှိနေကြောင်း တိုင်ချက်တွေ ရှိနေ

မယ်စကြာဝဠာပြိုင်ပွဲ ကျင်းပတဲ့ အဖွဲ့ဟာ အခုဆိုရင် အင်ဒိုနီးရှားက မယ်စကြာဝဠာ အဖွဲ့ခွဲနဲ့ ဆက်ဆံရေး လုံးဝ ဖြတ်တော်လိုက်ပြီလို့ ကြေညာပါတယ်။ အဲဒီ အင်ဒိုအဖွဲ့ခွဲနဲ့ ပတ်သက်ပြီး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ၊ အမြတ်ထုတ်မှုတွေ၊ စော်ကားမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်လာခဲ့တဲ့နောက် အခုလို ပင်မ မယ်စကြာဝဠာအဖွဲ့ကြီးက အခုလို ဆက်ဆံရေး ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

မယ်စကြာဝဠာ ပြိုင်ပွဲဝင် အလှမယ် တချို့ဟာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ တွေ့ကြုံ ခံစားနေရကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့ထံမှာ တိုင်ချက် ဖွင့်ထားပါတယ်။ အပေါ်ပိုင်း အဝတ်မပါ ကိုယ်ဗလာချွတ်ခိုင်းတာ အပါအဝင် မဖွယ်မရာ ကိုယ်နေဟန်ထားတွေနဲ့ ဓာတ်ပုံတွေ ရိုက်ဖို့ စေခိုင်းခံရတာမျိုးတွေ ကြုံရတယ်လို့ ဆိုပါတယ်။ အင်ဒို မယ်စကြာဝဠာပွဲကို ဦးစီးတဲ့ ကုမ္ပဏီကပဲ မလေးရှားမှာလည်း တာဝန်ယူထားတာကြောင့်၊ အခုနှစ် မလေးရှားမှာ လုပ်မယ့်ပွဲကိုလည်း ဖျက်သိမ်းလိုက်တယ် ဆိုပြီး မယ်စကြာဝဠာအဖွဲ့ကတပါတည်း ကြေညာထားပါတယ်။