ဒီမိုကရေစီရေးအတွက် မြန်မာကို တွန်းအားပေးရမယ်- ဇူလိုင် ၁၄ ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အရင် ၂ နှစ်က သဘောတူထားခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကနေ မြန်မာစစ်ခေါင်းဆောင်တွေကို တွန်းအားပေးရမယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြား လိုက်ပါတယ်။

အကြမ်းပတမ်းလုပ်ရပ်တွေကို ရပ်ပြီး အာဆီယံရဲ့ ငါးချက်မူကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကို ဖိအားပေးရမယ် ဆိုပြီး မစ္စတာ ဘလင်ကင်က ပြောပါတယ်။

ဂျာကာတာမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မစ္စတာ ဘလင်ကင် မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

အာဆီယံ အဆင့်မြင့် အရာရှိများ အစည်းအဝေးတွေမှာ မြန်မာ မတက်ဖို့ တားမြစ်ထားတာပါ။

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အရေးပေါ် အခြေအနေ သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတယ်လို့ အာဏာသိမ်းမှုကို ခုခံနေတဲ့ အင်အားစုတွေရဲ့ တိုက်ခိုက်မှုကို ရည်ညွှန်းပြီး စစ်ခေါင်းဆောင်က ပြောပါတယ်။

ဟောလီးဝုဒ်က ရုပ်ရှင်သပိတ်ကြီး

ဟောလီးဝုဒ်က သောင်းနဲ့ ချီတဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာတွေ အလုပ်မဆင်းဘဲ သပိတ်မှောက်နေတဲ့အတွက် အမေရိကန် ရုပ်ရှင်နဲ့ ရုပ်သံလုပ်ငန်းကို ကနေ့ ရပ်တန့်ထားလိုက်ရပါတယ်။

ဒါဟာ နှစ် ၆ဝ ကျော်အတွင်း ပထမဆုံး ရုပ်ရှင်လုပ်ငန်းတခုလုံးရဲ့ သပိတ်လည်း ဖြစ်ပါတယ်။

ဒီသပိတ်က အမေရိကန် ပြင်ပမှာ ရောက်နေတဲ့ သရုပ်ဆောင်အသင်းဝင်တွေကို ခန့်ထားတဲ့ ထုတ်လုပ်ရေးလုပ်ငန်း အားလုံးကိုပါ သက်ရောက်မှာ ဖြစ်ပါတယ်။

စတူဒီယိုကြီးတွေနဲ့ ရုပ်သံလွှင့်လုပ်ငန်းကြီးတွေက ထပ်ဆင့်လွှင့်တဲ့ကြေး တိုးပေးဖို့ ရုပ်ရှင် သမဂ္ဂက တောင်းဆိုနေခဲ့တာပါ။

နောက်ပြီး ဉာဏ်ရည်တု နည်းပညာသုံးတာနဲ့ ပတ်သက်ပြီး အာမခံချက်ကိုလည်း သမဂ္ဂက ရချင်ပါတယ်။

လပေါ်ကို အိန္ဒိယအာကာသယာဉ်လွှတ်တင်

လမျက်နှာပြင်ပေါ် ဆင်းသက်မယ့် အာကာသယာဉ်ကို အိန္ဒိယ အာကာသအေဂျင်စီက အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။

အိန္ဒိယတောင်ပိုင်း အန္ဒရာ ပရာဒက်ရှ်ပြည်နယ်က လွှတ်တင်လိုက်တဲ့ ဒုံးပျံတစင်းပေါ်မှာ ချန်ဒရာယန် (စန္ဒာယာဉ်) ၃ အာကာသယာဉ်ကို တင်ဆောင်သွားတာ ဖြစ်ပါတယ်။

လရဲ့ တောင်ဝင်ရိုးစွန်းနားမှာ နောက်လ ဆင်းသက်ဖို့ မကြိုးစားခင် အာကာသယာဉ်က ကမ္ဘာကို လှည့်ပတ်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ် အောင်မြင်သွားရင်တော့ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စုဟောင်းနဲ့ တရုတ်တို့လိုပဲ လပေါ် ဆင်းသက်နိုင်တဲ့ နိုင်ငံတွေထဲ အိန္ဒိယလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

အရင် ၄ နှစ်က လကို သွားဖို့ ကြိုးစားခဲ့တဲ့ အိန္ဒိယရဲ့ ကြိုးပမ်းမှုကတော့ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

ဗီယက်နမ် သတင်းဌာနကို သုံးလပိတ်

ဗီယက်နမ်က အကြီးဆုံး အင်တာနက် မီဒီယာ တခုဖြစ်တဲ့ ဇင်း သတင်းဌာနကို အစိုးရစုံစမ်းရေး ဝင်ပြီးနောက် သုံးလ ပိတ်ပစ်ခဲ့ပါတယ်။

အကြောင်းပြချက် သေချာမပေးပေမဲ့ အစိုးရရဲ့ မီဒီယာ အစီအစဉ် လျှောက်လွှာမှာ လိုအပ်ချက်တွေ ပြုပြင်ရေးကို အာရုံစိုက်သွားမယ်ဆိုပြီး ဇင်း သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဗီယက်နမ် ကွန်မြူနစ် အစိုးရက မီဒီယာ ထိန်းချုပ်မှုကို ပိုတင်းကျပ်ခဲ့ပြီး သတင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေမှာ ပိုထိန်းချုပ်ပါတယ်။

ဇင်းသတင်းဌာနကို အင်တာနက် မဂ္ဂဇင်းအဖြစ် မှတ်ပုံတင်ထားပေမဲ့ နေ့စဉ် သတင်းနဲ့ သတင်းထူးတွေကိုလည်း ဖော်ပြလေ့ရှိပါတယ်။

ပြင်သစ် အမျိုးသားနေ့ မိုဒီတက်

ဒီနှစ် ပြင်သစ် အမျိုးသားနေ့မှာ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီ တက်ရောက်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံတလွှား အဓိကရုဏ်းတွေဖြစ်ပြီး နှစ်ပတ်အကြာမှာ လုံခြုံရေး တင်းကျပ်မှုအပြည့်နဲ့ ကျင်းပတဲ့ အမျိုးသားနေ့ ဖြစ်ပါတယ်။

ဆူပူမှုတွေ ထပ်မဖြစ်အောင် ထောင်နဲ့ချီတဲ့ ရဲတွေကို ချထားပါတယ်။

စောစောပိုင်းကပဲ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်းက မစ္စတာမိုဒီကို နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

အိန္ဒိယ အရှေ့မြောက်ပိုင်းက မဏိပူရ ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို အဆုံးသတ်အောင် ကြိုးစားဖို့ မစ္စတာ မိုဒီ အစိုးရကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း မနေ့က ဥရောပပါလီမန်မှာ ချမှတ်ခဲ့ပါတယ်။

တရုတ်မှာ ကလေးတွေကို အဆိပ်ခတ်တဲ့ ဆရာမကို ကွပ်မျက်

ကလေးတယောက် သေဆုံးပြီး ၂၄ ယောက် အစာအဆိပ်သင့်ဖြစ်အောင် ဆန်ပြုတ်ထဲ အဆိပ်ခတ်မှုနဲ့ မူကြို ဆရာမဟောင်းတယောက်ကို ကွပ်မျက်လိုက်ပြီလို့ တရုတ်အစိုးရက ပြောပါတယ်။

တရုတ်ပြည် အလယ်ပိုင်းက ဟယ်နန်ပြည်နယ်မှာ လွန်ခဲ့တဲ့ သုံးနှစ်က သူ့ကို ချမှတ်ခဲ့တဲ့ သေဒဏ်အပေါ် ဝမ်ယွန်း အယူခံတင်တာလည်း ပယ်ချခံခဲ့ရပါတယ်။

ကျောင်းက ဆရာမတယောက်နဲ့ စကားများပြီးနောက် အဲဒီဆရာမတပည့်တွေ စားတဲ့ မနက်စာထဲ ဝမ်ယွန်းက ဆိုဒီယမ်နိုက်ထရိတ် ထည့်ခဲ့ကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ကလေးတယောက် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးပြီး သေဆုံးခဲ့ရပါတယ်။

မီယာဇာကီရဲ့ ကာတွန်းကားသစ်

ဂျပန်က ဝါရင့် ကာတွန်းရုပ်ရှင် ဒါရိုက်တာ ဟေယောင် မီယာဇာကီရဲ့ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးရိုက်တဲ့ ရုပ်ရှင်ကားက ပေးတဲ့ နက်နဲမှုကို ပရိသတ်တွေ နားလည်အောင် ကြိုးစားနေကြပါတယ်။

ဘယ်လိုနေထိုင်သလဲ ဇာတ်ကားရဲ့ အသေးစိတ်ကို ကုမ္ပဏီဘက်က အနည်းအကျဉ်းပဲ ထုတ်ပြန်ထားခဲ့ပါတယ်။

ကြိုတင်ပြသမှုတွေအရ ဒီကားဟာ ဗျိုင်းတကောင် ပို့ပေးလို့ တခြားစကြာဝဠာတခုကို ရောက်သွားတဲ့ ယောက်ျားလေးတယောက်ရဲ့ အကြောင်းလို့ သိရပါတယ်။

သူ့အမေ သေသွားတဲ့အကြောင်း လျှို့ဝှက်ချက်တွေကို အဲဒီ စကြာဝဠာမှာ တဖြည်းဖြည်း ဖော်ထုတ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မီယာဇာကီဟာ ကျွန်မအိမ်နီးချင်း တိုတိုရိုနဲ့ အော်စကာဆုရတဲ့ ဝေးလွင့်ဝိညာဉ်လို ကမ္ဘာကျော် ကာတွန်းကားတချို့ကို ထုတ်လုပ်ခဲ့ပါတယ်။