ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇန်နဝါရီ ၂၇ ရက်ထိပ်တန်းသတင်းများ-ပခုက္ကူမှာ တရုတ်နိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဥ်မှန်ကန်ကြောင်း တရုတ်သံရုံးအတည်ပြု
ပခုက္ကူမှာ တရုတ်နိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရတဲ့ဖြစ်စဥ်မှန်ကန်ကြောင်း တရုတ်သံရုံးအတည်ပြု
ပခုက္ကူမြို့က အထည်ချုပ်စက်ရုံတစ်ရုံက တရုတ်နိုင်ငံသား ၂ ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားတဲ့ ရုပ်သံဖိုင်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာနဲ့ပတ်သက်လို့ ရန်ကုန်မြို့ တရုတ်သံရုံးကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ဟုတ်မှတ်ကြောင်း အတည်ပြုပါတယ်။ သူတို့နှစ်ဦးဟာ စက်ရုံဝန်ထမ်းတွေဖြစ်တယ်လို့လည်း သံရုံးက ပြောပါတယ်။ သူတို့ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်လို့ သံရုံးက ဘာတွေဆာင်ရွက်နေလဲဆိုတာနဲ့ပတ်သက်လို့တော့ ပြောကြားတာမရှိပါဘူး။ အသက် ၄၀ ကျော် အရွယ် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို မနေ့ ဇန်နဝါရီ ၂၆ ရက်က စက်ရုံမှာလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားတာကို ရုပ်သံဖိုင်မှာတွေ့မြင်ရပါတယ်။
သူတို့နှစ်ဦး ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းမသိရသေးလို ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရှိရသေးသလို ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာမျိုး သတင်းထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။
စစ်ကောင်စီသတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တချို့မှာတော့ PDF က ဖမ်းဆီးသွားတယ်ဆိုပြီး ဖော်ပြနေပေမဲ့ ဘီဘီစီက ဒါကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်နှစ်နှစ်ပြည့်ခါနီးချိန်မှာ ပြည်တွင်းမှာ တရုတ်နိုင်ငံသားနှစ်ဦးကို လက်နက်ကိုင်တွေဖမ်းဆီးမှုဟာ ပထမဆုံးဖြစ်စဥ်လည်း ဖြစ်ပါတယ်။
ဝက်လက်တိုက်ပွဲနှစ်ဖက်အကျအဆုံးရှိ
PDF ၆ ဦး သေဆုံးပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးတယ်လို့ PAFD ထုတ်ပြန် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ အဲဒီအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ တိုက်ပွဲအတွင်းမှာပဲ PAFD အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရသလို ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲအတွင်း ဝက်လက်မြို့က စစ်ကောင်စီလက်အောက် ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကို ဝင်ရောက်စီးနင်းစဥ်မှာ ရုံးသုံးလပ်ပ်တော့ကွန်ပျူတာ နှစ်လုံးကို သိမ်းဆည်းရရှိခဲ့ပြီး အဲဒီထဲက အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကို ပေးပို့မယ်လို့ ဆိုပါတယ်။ ဒီစစ်ဆင်ရေးကို PAFD နဲ့ PAFD တပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁)ပျံလွှားအဖွဲ့၊တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့၊ တပ်စိပ်(၃)ဇာမဏီအဖွဲ့၊ တပ်စိပ်(၄) ငရဲမီးအဖွဲ့ နဲ့ PAFDတပ်ခွဲDKPDF-MMU စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရန် ချန်နယ်တချို့မှာတော့ ဝက်လက်မြို့နယ် အမှတ် ၁ ရပ်ကွက် ဝက်လက်ပြည်သူ့ဆေးရုံအနောက်ဘက်၊ အမှတ် ၂ ရပ်ကွက်နဲ့ မြင်တော်သာကျေးရွာတွေဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ဦးဒဏ်ရာရပြီး အသက် ၁၀ လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြတာတွေရှိနေပါတယ်။
ကြည့်မြင်တိုင် ဝါးရုံဆိပ်ရပ်ကွက်နဲ့ကျေးရွာတချို့မှာ တစ်အိမ်ထောင်တစ်ယောက်နှုန်း ကင်းစောင့်ရ
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဝါးရုံးဆိပ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ဇန်နဝါရီ ၂၁ ရက်ကစပြီး တစ်အိမ်ထောင်ကို တစ်ယောက်နှုန်းနဲ့ လုံခြုံရေး ကင်းစောင့်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၆ နာရီကနေ နောက်တစ်နေ့ မနက် ၆ နာရီအထိ လုံခြုံရေးကင်းစောင့်ရတာကြောင့် အလုပ်အကိုင်တွေ ပျက်ကြရတယ်လို့လည်း ပြောပါတယ်။
“ရပ်ကွက်မှာနေ့ည စောင့်ရတာဆိုတော့အဆင်မပြေဘူး။ အလုပ်တွေလည်းပျက်တာပေ့ါ။ သူတို့ ကတော့ ရပ်ကွက်လုံခြုံရေးလို့ပြောတာပေ့ါ။ အဲဒါကြောင့် ကင်းချတယ်ဆိုပြီးပြောတယ်။ ဘုရင့်နောင်အဆင်း ၅၃၂ တပ်ဝင်းထဲမှာ ပေါက်ကွဲမှုဖြစ်တဲ့အချိန်နောက်ပိုင်းကစလို့ ကျွန်တော်တို့ ရွာကို မသင်္ကာလို့ဆိုပြီးတော့ ကင်းတွေ စချတယ်။ တစ်အိမ်ထောင်တစ်ယောက်နှုန်းနဲ့ တစ်ရပ်ကွက်လုံး ငါးယောက်နှုန်းနဲ့ တစ်နေ့ကိုထွက်ပေးရတယ်။ ကင်း စောင့်ရတော့ အလုပ်ရှိတဲ့သူတွေကျ အလုပ်ပျက်အကိုင်ပျက်ဖြစ်တာပေ့ါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတွေကတစ်ဆင့် ကင်းစောင့်ဖို့အကြောင်းကြား လာတာဖြစ်ပြီး အိမ်ထောင်ဦးစီးအမျိုးသားမရှိတဲ့ အိမ်တွေမှာဆိုရင် အမျိုးသမီးတချို့လည်း ကင်းစောင့်ရတဲ့အထဲ ပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“လူစိမ်းဝင်လို့ ရှိရင် အကြောင်းကြားရမယ်။ တခြားရပ်ကွက်က လူစိမ်းရောက်လို့ရှိရင်လည်းအကြောင်းကြားပေ့ါနော်။ သူတို့ဘက်က တစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ဆိုင်ကယ်နဲ့တော့ လာလာပတ်တယ်။ သူတို့လာလို့ ကင်းစောင့်တဲ့ သူမတွေ့ဘူးဆိုရင် ခေါ်ပြီး ပြောတာတွေရှိတယ်လို့လည်း ကြားရတော့ ရပ်ကွက်က လူတွေကလည်း စောင့်ကြပါတယ်။ ညရောနေ့ရော စောင့်ရတာတော့အဆင်မပြေဘူးပေ့ါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းထားပေးမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
ရှောင်တာနယ်ရဲ့လွတ်ငြိမ်းခွင့်ကိုရုပ်သိမ်းပြီး တရားရင်ဆိုင်ဖို့ဆင့်ခေါ်ခံရမှုအပေါ် သြစတြေးလျအစိုးရ အလွန်အမင်းစိုးရိမ်
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနယ်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်က စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းခဲ့တဲ့နောက် တရားရင်ဆိုင်ဖို့ ဆင့်ခေါ်ခံရတာနဲ့ပတ်သက်လို့ သြစတြေးလျအစိုးရအနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။
သူဟာ မြန်မာမာစစ်တပ်က အာဏာသိမ်းပြီးနောက် ငါးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာရန်ကုန်မြို့က ဟိုတယ်တစ်ခုကနေ ဖမ်းဆီးခံရပြီးတဲ့နောက် ရက်ပေါင်း ၆၅၀ အကြာ အကျဥ်းထောင်တွင်းဖြတ်သန်းခဲ့ရပါတယ်။ သူ့ကို စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အဓိက တရားခံ၁ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စီမံဘဏ္ဍာဝန်ကြီးနဲ့ ဒုဝန်ကြီးဟောင်း လေးဦးတို့နဲ့အတူ တရားစွဲဆိုခဲ့ပြီး ထောင် ၃ နှစ်ချမှတ်ခဲ့တာပါ။
အဲဒီနောက် နှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးပြီး ရန်ကုန်အင်းစိန်ထောင်ကနေ သြစတြေးလျနိုင်ငံကို ချက်ချင်းပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။
ပြန်လည်လွတ်မြောက်လာပြီးမိသားစုနဲ့ဆုံတွေ့ခဲ့တဲ့နောက် မြန်မာနိုင်ငံ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း သူ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ အကျဥ်းထောင်တွင်းဖြတ်သန်းမှုတွေကို ရှောင်တာနယ်က လူမှုကွန်ရက်ကရော အင်တာဗျူးတွေမှာပါ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ သူ့ကို လူမှုကွန်ရက်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းမှားတွေကို ဖြန့်ဝေမှုနဲ့ အင်တာဗျူးဖြေကြားတာတွေကြောင့် ဒါဟာ သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစဥ်က သဘောတူခဲ့တဲ့ အချက်တွေကို ချိုးဖောက်တာဖြစ်လို့ အဲဒီလွတ်ငြိမ်းချမ်းသာခွင့်ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီပြည်ထဲရေးက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ကို တရားရုံးရှေ့ လာရောက်ရင်ဆိုင်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စအပေါ် အလွန်စိုးရိမ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံရုံးယာယီတာဝန်ခံထံ ပြီးခဲ့တဲ့လက အသိပေးခဲ့တယ်လို့လည်း ABC သတင်းကရေးပါတယ်။
သြစတြေးလျအစိုးရဟာ ပါမောက္ခတာနယ်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုခဲ့တဲ့ ဖြစ်စဥ်ကို ဘယ်တုန်းကမှ လက်သင့်မခံခဲ့ကြောင်းနဲ့ ပြန်လွှတ်ပြီးတော့မှ အခုလိုမခိုင်လုံနဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်ခံရမှုအတွက် အလွန်စိတ်ပျက်ရကြောင်းလည်း ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရှောင်တာနယ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားတာမရှိပါဘူး။
ဒါ့အပြင် သြစတြေးလျနိုင်ငံကင်ဘာရာမြို့မှာရှိတဲ့ မြန်မာသံရုံးထံ ဆက်သွယ်မေးမြန်းထားတယ်လို့လည်း ABC ကရေးထားပါတယ်။
ခင်ဦးမြို့နယ်မှာ NUG က တရားရုံးစတင်ဖွင့်လှစ်
ရွေးလျား တရားရုံ ပုံစနဲ့ တိုင်ကြားမှုတွေကို ကွင်းဆင်းစစ်ဆေးမည်
စစ်ကိုင်းတိုင်းထဲက တရားစီရင်ရေး မြို့နယ် ၁၅ မြို့နယ်မှာ ခင်ဦးမြို့နယ်က အစောကတည်းက ပါပြီးသားဖြစ်ပြီး လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG) တရားရေးဝန်ကြီးဌာန ၊ တရားရေးအဖွဲ့ရုံး ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပါတယ်။
တော်လှန်ရေးကာလမှာ ပြည်သူတွေအကြား မတရားမှုတွေ ရှိရင် တိုင်ကြားနိုင်အောင် ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရုံးထိုင်အနေနဲ့ နေရာ အတည်တကျ ပြုလုပ်သွားမှာ မဟုတ်ဘဲ ရွေ့လျားတရားရုံးအနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ခင်ဦးမြို့နယ်မှာ တရားစီရင်ရေးဆောင်ရွက်ဖို့ တရားသူကြီး၊ ဒုတရားသူကြီး၊ ပလဖလို့ ခေါ်တဲ့ ရဲလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း အသီးသီးရှိကြပြီး တော်လှန်ရေးကာလဖြစ်လို့ ရွေ့လျားသွားလာရတဲ့ပုံစံကြားမှာ မြို့နယ်တရားရုံးကိုရွေ့လျားတရားရုံပုံစံဖွင့်ခဲ့တာဖြစ်တယ်လို့ ခင်ဦး KSO တာ၀န်ခံ ဗိုလ်လင်းရောင်က ဘီဘီစီကို ပြောပါတယ်။
“တော်လှန်ရေးကာလဖြစ်လို့ အုပ်ချုပ်ရေးမရှိ လုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး အရပ်သဘော ပြောနေကြတာတွေလည်းကျွန်တော်တို့မှာအပြည့်အစုံရှိတယ်။ အဲဒီလိုမျိုးပြောနေတာတွေ လုံးဝလုပ်လို့မရအောင် ကျွန်တော်တို့ NUG ကနေပြီးတော့တရားရေးရှိပါတယ်ဆိုတာကို အကောင်အထည်ဖော်ရင်းနဲ့ တရားရုံးဖွင့်လှစ်ပြီး တရားစီရင်ရေးတွေ လာတော့မယ်ဆိုတဲ့သဘောနဲ့ဖွင့်လှစ်တာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ခင်ဦးမြို့နယ်တွင်းက ဘယ်ကျေးရွာက တိုင်ကြားမှုမျိုးမဆို အမှုအမျိုးအစားအလိုက် အဆင့်လိုက် တရားသူကြီးတွေက သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီးတော့ ကွင်းဆင်းကြားနာဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့တချို့က လက်နက်နဲ့ထင်ရာစိုင်းတယ်ဆိုတဲ့တိုင်ကြားချက်တချို့ရှိနေတာကြောင့် NUG က အထိန်းအကွပ်တစ်ခု လုပ်လိုက်တာလည်းဖြစ်တယ်လို့ ဗိုလ်လင်းရောင်က ဆိုပါတယ်။
ကော့ကရိတ်ကျုံဒိုးမြို့ တိုက်ပွဲကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်
မြို့တွင်းမှာလည်းဗုံးခိုကျင်းတွေတူးထားရ
ကော့ကရိတ်၊ ကျုံဒိုးမြို့အနီးမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လူနေ ရပ်ကွက်တွေ အနီးထိ လက်နက်ကြီး ကျရောက်မှုတွေ ရှိတာကြောင့် ဒေသခံတွေဟာ ဆွေမျိုးနီးစပ်ရှိရာ မြို့တွေကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ကော့ကရိတ် မြို့ပေါ်မှာလည်း ဗုံးကျင်းတွေနဲ့ ပြင်ဆင်နေသူတွေ ၊ တိမ်းရှောင်နေသူတွေ ရှိပြီး လူမနေတာကြာတဲ့ သော့ပိတ်ထားတဲ့အိမ်တွေကိုလည်း သူခိုး၀င်ခိုးတာတွေ မကြာခဏ ရှိတဲ့အတွက် ဒေသခံတွေဟာ နေအိမ်တွေမှာ လူစောင့်ချန်ပြီး တိမ်းရှောင်နေရတယ်လို့ ကော့ကရိတ်ဒေသခံတစ်ဦးကပြောပါတယ်။
“တချို့ဆိုလည်း ကော့ကရိတ်ဘက်လည်း ရောက်တယ်။ မော်လမြိုင်ဘက်လည်း ရောက်တယ်။ ဘားအံဘက်လည်းပြေးတယ်။ နီးစပ်ရာနီးစပ်ရာ ရောက်ကြပြေးကြရတယ်။ အခြေအနေ ကမကောင်းတော့ဘူးဆိုတော့။ လက်နက်ကြီးကျလာတော့လွတ်ရာရှောင်ရတာ။ မရှောင်ရင် အိမ်တွေပေါ်ကျတော့အိမ်တွေမီးလောင်နဲ့ ကိုယ်ပါရှိရင် ကိုယ်ပါပါမှာ။ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး လွတ်ရာကျွတ်ရာပြေးကြတာ။ တချို့လည်း သာမညဘက် ပြေးကြတယ်။ အဲဒါကြောင့် အကုန်ပြေးရတာ။ အခု ဗုံးကျင်းတွေလည်းတူးထားရတယ်။ ကျုံဒိုးဘက်ခြမ်းတွေကို ကော့ကရိတ်လမ်းတွေ ဘက်တို့ဘာတို့ ဘယ်သူမှမသွားကြတော့ဘူး။ ဘယ်တော့နောက်ထပ်လာမလဲ ဆိုတာ စိုးရိမ်နေရတာ။ လူတွေကမရှိတော့ သူခိုးတွေကသောင်းကျန်းတော့ စစ်ဘေးရှောင်ရတာတစ်ဖက် သူခိုးရန်ကတစ်ဖက်နဲ့ လူစောင့်မချန်နိုင်တဲ့အိမ်တွေတော့ အကုန် စိတ်ပူရတာပေါ့”လို့ ကော့ကရိတ် ဒေသခံ တစ်ဦးက ပြောပါတယ်။
ကော့ကရိတ်ကျုံဒိုးမှာ ဇန်နဝါရီ ၂၀ ကနေ ၂၅ ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်နဲ့ အရှေ့တောင်ပိုင်းတိုင်းလက်အောက်ခံတပ် အင်အား (၁၅၀) ခန့်ရှိသောစစ်ကြောင်းနဲ့ ကော့သူးလေးတပ်မတော် ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်တဲ့ Lion Battelion Commando - ဗျူဟာစစ်ကြောင်း၊ KNU/KNDO အမှတ်(၆)တပ်ရင်း၊ ဂဠုန်စစ်ကြောင်းနဲ့ DKBA စစ်ကြောင်းတို့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တဲ့ Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးသူ (၉၀) ကျော်နဲ့ထိခိုက်ဒဏ်ရာ ရရှိသူ (၅၀)ကျော်ရှိခဲ့ပြီး KNDO က တပ်ခွဲမှုးနဲ့ ရဲဘော်နှစ်ဦး ကျဆုံးတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ကမ်းနီစံပြကျေးရွာအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့သလို လေကြောင်းနဲ့လည်းတိုက်ခိုက်ခဲ့လို့ ကျေးရွာနေအိမ် ၅ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ကျေးရွာနေအိမ်တစ်လုံးကို KNDO တပ်ရင်း ၆ နဲ့ PDF တို့က မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်ထပ်နေအိမ်တွေကိုပါမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။