ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီ ၁ ရက်နေ့ ထိပ်တန်းသတင်းများ- ထိုင်းမှာ မြန်မာ MOU လုပ်သား ၁ ထောင်ကျော် အလုပ်ရပ်ဆိုင်းခံရ
နှစ်နိုင်ငံ အလုပ်ခန့်အပ်မှု နားလည်မှုစာချွန်လွှာ(MOU) အောက်ကနေ ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁ ထောင်ကျော်ဟာ သူတို့အလုပ်လုပ်နေတဲ့ စက်ရုံ ဘက်ကနေ အလုပ်ရပ်ဆိုင်းတာကို ခံလိုက်ရတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းတွေအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
အဲဒီ စက်ရုံဟာ စမွန်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာရှိတဲ့ Cal-Comp အီလက်ထရောနစ် စက်ရုံဖြစ်ပြီး မြန်မာအလုပ်သမား ၁၀၅၀ ကျော်ကို နစ်နာကြေးအနည်းငယ်သာ ပေးပြီး အလုပ်ရပ်နားခဲ့တာလို့ သိရပါတယ်။
ပစ္စည်းအမှာနည်းပါးတာတွေကြောင့် အခုလို အလုပ်ရပ်နားလိုက်တာလို့ စက်ရုံ ဘက်က ပြောတဲ့အကြောင်း ဒီအရေးကူညီပေးနေသူတွေက ဘီဘီစီကိုပြောပါတယ်။
‘‘အလုပ်ရှားပါးလို့၊ နောက် အလုပ်အဆိုင်း ၃ ဆိုင်းဆင်းခိုင်းတာ မဆင်းလို့ စက်ရုံဘက်က အကြောင်းပြ နားတာလို့ အလုပ်သမားတွေဆီကနေ သိရတယ်။ MOU နဲ့လာတဲ့ လုပ်သားတွေကို နားပစ်တာ။ အကုန်လုံးက အလုပ်လုပ်ခွင့်ရတဲ့စာချုပ်သက်တမ်းနဲ့ တစ်ဝက်၊ ၂ နှစ်တောင် မပြည့်သေးဘူး။ တချို့ဆို လုပ်ငန်းခွင်ဝင်လာ လပိုင်းပဲ ရှိသေးတယ်။ စာချုပ်မှာပါတဲ့အတိုင်း ၁ နှစ်ပြည့်ပြည့်၊ မပြည့်ပြည့် ၁ လစာ ပေးပြီး ထုတ်တာ၊ လုပ်သက်ရင့်တဲ့သူတွေကိုတော့ မထုတ်ဘူး။ နစ်နာကြေး ၁ လစာကလည်း အိမ်ငှားခနဲ့ ရေဖိုး၊ မီးဖိုး ပေးရင် အလုပ်သမားတွေအတွက် ဘာမှမကျန်တဲ့ပမာဏပါ’’ လို့ အလုပ်သမား အခွင့်အရေး ကူညီပေးနေတဲ့ AAC အဖွဲ့က ပြောပါတယ်။
အခုတော့ စာချုပ်ပါအတိုင်း ခံစားခွင့်တွေရနိုင်ဖို့ ဒီအလုပ်သမားတွေအရေး သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံ စကားပြောဆိုတာတွေ လုပ်နေပြီလို့ AAC အဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ လုပ်ငန်းခွင် ခံစားခွင့်တွေ ချိုးဖောက်ခံရမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း မြို့တော် ဘန်ကောက်နယ်နိမိတ်ထဲက ထိုင်းအုန်းသီးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၅၀ ကျော်ဟာ သူတို့အတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို ထိုင်းလုပ်ငန်းရှင်က အချိန်မီ မလုပ်ပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိထားပါတယ်။
တစ်ဒေါ်လာ ကျပ် ၂၁၀၀ ငွေလဲနှုန်း ပြင်ဆင်ပြောင်းလဲဖို့မရှိကြောင်း စစ်ကောင်စီပြော
အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၁၀၀ နှုန်းသတ်မှတ်ချက်ကို ပြင်ဆင်ပြောင်းလဲဖို့မရှိဘူးလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
အခုအခါ ပြင်ပမှာ ငွေလဲနှုန်းတိုးမြှင့်ပြောင်းလဲမယ်၊ တချို့ နိုင်ငံခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေအဝင်အထွက်တွေကိုလက်မခံတော့ဘူး ဆိုပြီး သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့ ခုလိုဖြေကြားတာဖြစ်ကြောင်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
"မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းနဲ့ပတ်သက်ပြီး တစ်ဒေါ်လာကို ၂၁၀၀ စျေးနှုန်းသတ်မှတ်ထားပါတယ်။ တစ်ဒေါ်လာကို ၂၁၀၀ သတ်မှတ်ထားခြင်း စျေးနှုန်းနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့အစီအစဉ်မရှိသေးကြောင်းပြောလိုပါတယ်။ တချို့သောနိုင်ငံခြားဘဏ်တွေပတ်သက်ပြီး ယခင်အပတ်လောက်ကတိုင် ကောလာဟလ ထွက်နေပါတယ်။ တချို့သောနိုင်ငံခြား ဘဏ်တွေက မြန်မာနိုင်ငံက ငွေအဝင်အထွက်တွေ လက်မခံတော့ဘူးဆိုပြီး ပြောနေတာရှိပါတယ်။ လက်တွေ့မှာ ပုံမှန်လည်ပတ်ဆောင်ရွက်နေလျက်ရှိပါတယ်"လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ငွေကြေးစနစ်နဲ့ပတ်သက်ပြီး ဦးတည်တိုက်ခိုက်တာတွေရှိပြီး ဒါတွေကို စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေမယုံကြဖို့လည်း သူက ပြောကြားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ကစလို့ နိုင်ငံတွင်း အမေရိကန်ဒေါ်လာ စီးဆင်းမှုကို စစ်ကောင်စီက ကန့်သတ်ချက်တွေစတင်ထုတ်ပြန်ခဲ့ပြီး ငွေလဲနှုန်းကိုလည်း ဗဟိုဘဏ်သတ်မှတ်လိုက်တဲ့နှုန်းနဲ့သာ အရောင်းအဝယ်ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ အမေရိကန်ငွေလဲနှုန်းဟာ ပြင်ပပေါက်စျေး တစ်ဒေါ်လာ ကျပ် ၂၈၅၀-၂၈၆၀ ဝန်းကျင် ပေါက်စျေးရှိပြီး ထိုင်းတစ်ဘတ်ကိုတော့ မြန်မာငွေ ကျပ် ၈၃-၈၄ ဝန်းကျင် ပေါက်စျေးနဲ့အရောင်းအဝယ်ဖြစ်နေကြောင်း ငွေလဲကောင်တာတွေထံကနေ သိရပါတယ်။
PRF အစီအစဥ်ကနေ အမေရိကန်ဒေါ်လာ ၉ သန်းခွဲနီးပါးရခဲ့တယ်လို့ NUG ပြော
ပြည်သူ့ တော်လှန်ရေးထောက်ပို့ မိသားစု- PRF အစီအစဥ်ကနေ အမေရိကန်ဒေါ်လာ ၉ သန်းခွဲ နီးပါး ရရှိထားတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်လာပါတယ်။
ဒါဟာ အဲဒီအစီအစဥ်စတင်တဲ့ တစ်နှစ်ကျော်အတွင်း ရရှိတဲ့ဘဏ္ဍာငွေလို့လည်း ဆိုပါတယ်။
အဲဒီဘဏ္ဍာငွေတွေကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် ရိက္ခာငွေအဖြစ် သုံးစွဲခဲ့ပြီး ရိက္ခာထောက်ပံ့ငွေ စုစုပေါင်းရဲ့ လေးပုံ၊ သုံးပုံအထိ ကာမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအစီအစဥ်ကနေ ရယူတဲ့ ဘဏ္ဍာငွေတွေကို တပ်ရင်းတွေ ရိက္ခာဖူလုံရေးကိစ္စရပ်တွေမှာ အဓိက ထောက်ပံ့နေပြီး လစဥ်အသုံးပြုတဲ့အခြေအနေတွေကိုလည်း သတင်းထုတ်ပြန်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
PRF ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ငွေကြေးပမာဏတစ်ခုအနေနဲ့ ထောက်ပံ့သူက ကတိကဝတ်ပုံစံမျိုး လစဥ်ငွေကြေးထောက်ပံ့မှု အစီအစဥ်ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းအတွင်းထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့က NUG ဆီကနေ လက်နက်အပါအဝင် ထောက်ပံ့ကူညီမှုတချို့မရရှိတဲ့အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။
NUG ကတော့ ရရှိလာတဲ့ရန်ပုံငွေတွေကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲနေတယ်လို့ ယခင်ထုတ်ပြန်ချက်တွေမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ကလောမှာ ခရီးသည်တင်ကားတိမ်းမှောက်လို့ လူ ၂၀ကျော် ဒဏ်ရာရ
ရှမ်းပြည်နယ်၊ ကလောမြို့နယ်ထဲမှာ မနေ့ မတ်လ ၃၁ ရက်ညပိုင်းတုန်းက အဝေးပြေးကားတစ်စီး တိမ်းမှောက်မှုဖြစ်တာကြောင့် ကားပေါ်ပါတဲ့ ခရီးသည် ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။
တောင်ကြီးမြို့ ကနေ ရန်ကုန်မြို့ ကိုသွားမယ့် အဲဒီကားဟာ ဝက်ဖြူကျေးရွာအုပ်စု၊ တောင်ကြီး-မိတ္ထီလာလမ်းပေါ်မှာ လမ်းဘေး ထိုးကျပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
‘‘ကားထဲမှာပါတဲ့ခရီးသည် အကုန်ဒဏ်ရာရတယ်လို့ပြောလို့ရတာပေါ့။ အဝေးပြေးကားပေမဲ့ နောက်ခန်းမှာ ကုန်တွေလည်းပါတယ်။ လမ်းရဲ့ဘယ်ဘက်အခြမ်းကို ထိုးကျသွားတာ။ လမ်းအောက် တိုက်အိမ်တစ်လုံးအစွန်းပေါ်ကို ကျတာ။ အဲဒီအိမ်ကြောင့်ပဲ ကားက ချောက်ထဲအထိ မကျသွားတာ။ မဟုတ်ရင် ထိခိုက်ဆုံးရှုံးမှု ပိုများမယ်။ ပိသွားတဲ့အိမ်ကတော့ အကုန်ဖြိုဖျက်ရမယ့် အခြေအနေ ရှိတယ်’’ လို့ အောင်ပန်းနာရေးကူညီမှုအသင်းဘက်က ဘီဘီစီကိုပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ ဇာတ်ကျိုးသွားတဲ့ မိခင်တစ်ဦးနဲ့ ဦးခေါင်းထိသွားတဲ့ သူ့ရဲ့ကလေးငယ်တို့လည်း ပါဝင်ပေမဲ့ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေထဲက ၁၄ ယောက်ဟာ ကလောပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့သိရပါတယ်။
စစ်ကိုင်းမှာ အမျိုးသား အလောင်း ၃ လောင်းတွေ့
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက မောင်းထောင်ကျေးရွာအနီး မူးမြစ်ထဲကနေ အမျိုးသားအလောင်း ၃ လောင်းကို ပြန်တွေ့ထားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ဒီနေ့ ဧပြီလ ၁ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
အဲဒီအမျိုးသား ၃ ဦးဟာ စစ်ကောင်စီတပ်က မတ်လ ၃၀ ရက်မှာ ဖမ်းဆီးသွားတဲ့ မောင်းထောင်ကျေးရွာထဲက တစ်အိမ်တည်းနေ အမျိုးသားတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးခံရချိန်က ၄ ဦးဖြစ်ပြီး ကျန်ပျောက်ဆုံးနေသူတစ်ဦးကိုလည်း ရှာဖွေတာတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲက နှစ်ဦးဟာ သားအဖ ၂ ဦးတော်စပ်ပြီး နောက်နှစ်ဦးကတော့ ဆွေမျိုးတော်စပ်သူ ညီအစ်ကို ၂ ဦးတို့ဖြစ်ကြပါတယ်။
သေဆုံးသူတွေထဲက ၂ ဦးရဲ့အလောင်းကို မနေ့က မူးမြစ်ကမ်းမှာ ပြန်တွေ့ခဲ့တာဖြစ်ပြီး နောက်တစ်ဦးအလောင်းကိုတော့ ဒီနေ့ မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
မတ်လ ၃၀ ရက်တုန်းက ညောင်ပင်ဝန်းရွာ ရဲစခန်းကိုရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ မောင်းထောင်ရွာထဲကို ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို ပစ်မှတ်ထားပြီး ဝင်ရောက်ရွာဖွေတာတွေလုပ်ခဲ့ပါတယ်။
အဲဒီနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့အပြီးမှာ ဒေသခံ ၆ ဦးကို ဖမ်းဆီး သွားခဲ့ပြီး ၂ ဦးကို ပြန်လွှတ်ခဲ့ပေမဲ့ အဲဒီထဲက မောင်းထောင်ရွာသား ၃ ဦးကို အလောင်းသာ ပြန်တွေ့ခဲ့ရကာ နောက် ၁ ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ထီးချိုင့်မြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်းဒေသခံသုံးဦးသေဆုံး
စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် ၊ ဧရာဝတီမြစ် အရှေ့ဘက်ပိုင်းကို စစ်ကောင်စီက လေကြောင်းနဲ့ မတ်လ ၃၁ ရက် ညနေပိုင်းမှာ နှစ်ကြိမ် ပစ်ခတ်ခဲ့လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဗုံးကြဲသွားတာ။ အင်ဒေါင်းရွာမှာ လယ်ကွင်းထဲ အလုပ်လုပ်သူတွေကို ထိမိပြီး သေတာ။ သုံးဦးသေဆုံးပါတယ်။ ကျေးရွာနေအိမ်တွေ အထိခိုက်တော့ နည်းနည်းရှိတယ်ကြားတယ်။ တချို့လည်း ရွာကို သွားပြန်ကြည့်နေကြတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်ဒေါင်းရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတွေ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် မနေ့ ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီက လေကြောင်းနဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အခုအခါ အင်ဒေါင်းကျေးရွာက ပစ်ခတ်ခံရလို့ သေဆုံးသူ အလောင်းတွေကို ကောက်ယူထားပြီး ဒဏ်ရာရသူသုံးဦးအနက် တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနဲ့ နောက်ထပ်နှစ်ဦးမှာလည်း ဆေးကုသမှု ခံယူနေတယ်လို့ ဒေသ ကယ်ဆယ်ကူညီရေးလုပ်ကိုင်သူတွေက ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာလည်း မတ်လ ၃၁ ရက် မွန်းတည့် ၁၂ နာရီမှာ ညောင်ပင်သာရွာကို စစ်ကောင်စီက မီးထပ်မံရှို့ခဲ့ပြီး ဒါဟာ မနေ့ မတ်လ ၃၀ ရက်တုန်းကက ညောင်ပင်သာရွာမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ခံရအပြီး နောက် ၂၄ နာရီအတွင်းနောက်တစ်ကြိမ် ထပ်မံအရှို့ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဟာ ထီးချိုင့်မြို့နယ်က ကျေးရွာတွေကို ဒီသီတင်းပတ်အတွင်းမှာ လေးရက်ဆက်တိုက်မီးရှို့ခဲ့ပြီး အိမ်ခြေတစ်ရာကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၃၀ ရက်မှာ ညောင်ပင်သာ တိုက်နယ်ကျေးရွာမှ ဒေသခံတစ်ဦးလည်း ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီရက်ပိုင်း ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာတွေ မီးရှို့ခံရတာ လေကြောင်းပစ်ခတ်တာ ဒေသခံတွေ ပစ်သတ်ခံရတာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက်က သီးသန့်သတင်းထုတ်ပြန်ထားတာမရှိပါဘူး။
ထီးချိုင့်မြို့က စစ်ရေးအခြေအနေနဲ့အရပ်သားတွေထိခိုက်သေဆုံးတာ၊ ကျေးရွာနေအိမ်တွေမီးရှို့ခံရတာနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ပြောခွင့်ရ ဦးအေးလှိုင်ထံဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့အဆက်အသွယ်မရသေးပါဘူး။