ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်အုပ်ချုပ်ရေး မြို့နယ်တွေက လူမှုဒုက္ခ
ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်ထဲက မြို့နယ် ၃၇ မြို့နယ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က စပြီး စစ်အုပ်ချုပ်ရေးကြေညာလိုက်တာ တစ်ပတ် ပြည့်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ပိုင်းမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီ အတွင်း ညမထွက်ရအမိန့်တွေပါ ထပ်မံ ကြေညာလာခဲ့တာကြောင့် အဲဒီက ဒေသခံတွေမှာ အခက်အခဲကြုံတွေ့လာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၃၇ မြို့နယ်အနက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့က မြို့နယ်ပေါင်း ၂၀ ကျော်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကစပြီး စစ်ကောင်စီက ညနေ ၆ နာရီကနေ နောက်တစ်နေ့ မနက် ၆ နာရီ အထိ သွားလာခွင့် မပြုတဲ့ အမိန့်ထုတ်ပြန်ပြီး ထပ်မံတင်းကျပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးထဲက အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လယ်ဘူးမြို့နယ်၊ မြောင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ် ၊ ယင်းမာပင်မြို့နယ်၊ ခင်ဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရေဦးမြို့နယ် နဲ့ မကွေးတိုင်း ထဲက ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင် မြို့နယ် တွေ အပါအ၀င် ချင်းပြည်နယ် ထဲက တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ဖလမ်းမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန် မြို့နယ် စတဲ့နေရာတွေကိုညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားတာဖြစ်ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ကန့်သတ်ချိန်ကလွဲလို့ စျေးဆိုင်တွေကို အတင်းအကျပ် ဖွင့်ခိုင်းတယ်လို့ဆို
- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်ထဲမှာတော့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ဖို့ မြို့ပေါ်တွေမှာ စစ်ကောင်စီတပ်တွေက စာတွေ လိုက်ကပ်တာတွေရှိပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ ခင်ဦးမြို့ပေါ်မှာ စည်ကားနေဖို့ စျေးဆိုင်တွေကို ညနေ ၄ နာရီအထိ မဖြစ်မနေ ဖိအားပေး ဖွင့်ခိုင်းတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ခင်ဦးမြို့နယ် ဒေသကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးကတော့ “ စျေးဆိုင်တွေကို ထုရိုက်၊ အတင်းအကျပ်ဖွင့်ခိုင်းတာတွေ ရှိတယ်။ ညနေ ၄ နာရီ အထိ မဖြစ်မနေ ဖွင့်ဆိုပြီး မြို့ပေါ်က ဆိုင်ခန်းတွေကို လိုက်ပြီး ပြောဆိုတာတွေ ရှိတယ်။ မာရှယ်လော ကာလကလွဲ ကျန်တဲ့အချိန် စည်ကားနေပါတယ်၊ ပုံမှန် အခြေအနေလို့ပဲ ပြချင်တဲ့သဘောနဲ့ ဖွင့်ခိုင်းတာတွေ ရှိပါတယ် ” လို့ ပြောပါတယ်။
မီးခွက်စျေးတွေ အရောင်းအဝယ်ရပ်ထားရ
- ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်၊ နတ်တလင်း၊ အုတ်ဖို
ပဲခူးတိုင်း အနောက်ခြမ်းက ပေါင်းတည်၊ နတ်တလင်း၊ အုတ်ဖို စတဲ့ မြို့တွေမှာလည်း စစ်အုပ်ချုပ်ရေးအမိန့်အောက် သွားလာလှုပ်ရှားရတဲ့လူထုဘဝနေ့စဥ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တခြား စစ်အုပ်ချုပ်ရေးဒေသတွေလို ညမထွက်ရအမိန့်ကို လူထုထံလာရောက်အသိပေးတာမရှိသေးပေမဲ့ ပြည်သူအချင်းချင်းကြားမှာတော့ စိုးရိမ်တကြီးနဲ့ သွားလာလှုပ်ရှားနေရသလို ဒေသခံတွေ အားပြုဝယ်ကြတဲ့ အရုဏ်မတက်မီ မီးထွန်းရောင်းဝယ်ရတဲ့မီးခွက်စျေးတွေလည်း အသက်မဝင်တော့ဘဲ အရောင်းအဝယ်တွေ ရပ်နားထားရတာပါ။
ဒါ့အပြင် ကျေးရွာတွေကနေ ရာသီပေါ် သီးနှံတွေ၊ လူသုံးကုန်ပစ္စည်းတွေကို မိုးမလင်းခင်ကတည်းက ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်ပြီး ရောင်းချတတ်တဲ့ တစ်ရွာနဲ့တစ်ရွာကူးပြီးရောင်းရတဲ့ စျေးရောင်းသူတွေလည်း အများစု ရပ်နားထားကြရတယ်လို့ သိရပါတယ်။
“နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်း အဲဒီဘက်က လူတွေက မီးခွက်စျေးရောင်းကြတယ်။ ဝယ်ကြတယ်။ မီးခွက်စျေးဆိုတော့ မိုးမလင်းခင် ရောင်းရတာပေါ့။ သုံးနာ ရီ ၊ လေး နာရီလောက်ပေါ့ ၊ မီးခွက်စျေးဆိုတာ တောရောမြို့ရော အားထားရတာ၊ အဲဒီစည်ကားတဲ့ မီးခွက်စျေးက လုံးဝကို ပြတ်ထွက်သွားတဲ့ အနေအထားပေါ့။ နောက်တစ်ခါ မြို့ကနေ တောဘက်ကို သွားရောင်းရတဲ့ စျေးသည်တွေဆိုလည်း သူတို့ကို ကြောက်လို့ မထွက်ရဲဘူး။စျေးမထွက်ရဲတော့ စားဝတ်နေရေး အဆင်မပြေဘူး။ စီးပွားရေးက အဲဒီလို အခြေအနေဆိုးနေတယ်" လို့ ပေါင်းတည်ဘက်က အခြေအနေကို ဒေသခံတစ်ဦး ပြောပါတယ်။
ဝတ်ပြုဆုတောင်းမှုတွေ နေ့ဘက်မှာလုပ်
- ချင်းပြည်နယ်၊ ဟားခါးမြို့နယ်
စစ်အုပ်ချုပ်ရေးအောက်မှာ ညမထွက်ရအပြင် မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း လူငါးဦးထက် ပိုပြီးမစုဝေးရဘူးဆိုတဲ့ကန့်သတ်ချက်လည်းရှိနေတာပါ။
ဒါကြောင့် ချင်းပြည်နယ်မှာဆို ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းတာတွေကို နေ့ဘက်တွေမှာ အားပြုလုပ်ဆောင်ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့က ခရစ်ယာန် ဆရာတော်ကြီးတစ်ပါးကတော့ ဘာသာရေးဆိုင်ရာ ဆုတောင်းရတာတွေအပြင် သာရေးနာရေးတွေက ညဘက်မှာ လူစုလူဝေးနဲ့ ဆောင်ရွက်ရတာဖြစ်ပြီး သာရေးနာရေး မဖြစ်ဖို့ တားဆီးလို့ မရနိုင်တာကြောင့် စစ်ကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လုပ်ဆောင်နေတယ်လို့ အခုလို ပြောပါတယ်။
“ နာရေးတွေက ညဘက်မှာ ဖြစ်တာရှိတယ်။ ညမှာ နာရေး မဖြစ်ရဘူးလို့ ပြောလို့မရဘူး။ နောက်တစ်ခုက သာရေးပေါ့၊ မင်္ဂလာပြုခြင်း ထိမ်းမြားခြင်းပေါ့။ အဲဒါကလည်း ရှောင်လွှဲလို့မရတဲ့အတွက် ဒါတွေကို ရှင်းရှင်းလင်းလင်း သိရအောင် ဆွေးနွေးဖို့ ရှိပါတယ်။"
အဲဒီလို ဆွေးနွေးဖို့ လုပ်ဆောင်နေပေမဲ့လည်း လက်ရှိ ဖေဖော်ဝါရီလအထိ မဆွေးနွေးရသေးတဲ့အတွက် အတိ အကျ ပြောပြဖို့ ခက်တယ်လို့လည်း ဆရာတော်က ဆက်ပြောပါတယ်။
စားသောက်ကုန်နဲ့ ဆေးဝါးခက်ခဲ
- ကယားပြည်နယ် ၊ ရှားတောမြို့နယ်
ကယားပြည်နယ်ထဲက ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောမြို့နယ်၊ ဘော်လခဲမြို့နယ် တို့ကိုလည်း ဖေဖော်ဝါရီ ၂ ရက်နေ့က စပြီး စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးတဲ့နောက် ဒေသခံတွေမှာ အကြောက်တရားတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ညနေ ၆ ကနေ မနက် ၆ အထိ ညမထွက်ရ အမိန့်မရှိပေမဲ့ ဒေသခံတွေရဲ့ စိတ်ထဲမှာတော့ အကြောက်တရားက ကြီးစိုးနေဆဲပါ။
“ လွိုင်ကော်မြို့ မြောက်ပိုင်း က ရွာတွေ အားလုံးလောက်မှာ စျေးလာရောင်းတဲ့သူတွေ မရှိသလောက် ဖြစ်လာပြီ။ အရင်ကတော့ စျေးလာရောင်းကြသူတွေက မိုးမလင်းခင် သူတို့ရွာတွေက ထွက်လာကြတယ်။ ရွာစဉ်လှည့်ပြီး စျေးလိုက်ရောင်းကြတယ်။ အခု မာရှယ်လောတော့ ထုတ်တဲ့အထဲ မပါသေးပေမဲ့ လူတွေက ကြောက်ကြတယ်။"
“မိုးမလင်းခင် စျေးလာမရောင်းတော့ဘူး။ နေ့လယ်မှ လာတော့တယ်။ ကျွန်တော်တို့က စားစရာ အများကြီး ဝယ်ထားလို့လည်း ရတာမဟုတ်ဘူးလေ။ လာရောင်းတဲ့အချိန်ပဲ တစ်ရက်စာလောက် ဝယ်ရတာ၊ အခုလာမရောင်းတော့ မစားရဘူး။ အဲဒီလို လာမရောင်းတာက သူတို့တွေ လမ်းမတစ်လျှောက် တပ်ထိုင်နေတာလည်း ပါတယ်" လို့ လွိုင်ကော် ဒေသခံတစ်ဦးက ဆိုပါတယ်။
ရောင်းချသူတွေ ဘက်မှာလည်း အခက်အခဲတွေ ရှိနေပါသေးတယ်။ အရင်က ဆိုင်ကယ်တွေ ကားတွေနဲ့ ဟင်းချက်စရာတွေ၊ စားသောက်စရာတွေ၊ အသုံးအဆောင်တွေကို မိုးမလင်းခင်ကတည်း ထွက်လာပြီး ရွာစဉ်လှည့် လိုက်ရောင်းကြတဲ့စျေးသည်တွေက အခုနောက်ပိုင်း မိုးလင်းမှပဲ သူတို့ ရွာတွေကထွက်လာရဲကြတာကြောင့် ရွာတွေကို ရောက်တဲ့အချိန်မှာ နေ့လယ် ၁၁ နာရီ ဝန်းကျင် ဖြစ်နေတဲ့အတွက် ဝယ်ယူသူတွေလည်းမရှိတော့တဲ့ စျေးမရောင်းရတဲ့ အခက်အခဲတွေကို ကြုံတွေ့နေကြရပါတယ်။
“ အရင်က ကိုယ့်ရွာက ၃ခွဲလောက်ထွက်လာ ၊ စျေးရောင်းမယ့်ရွာတွေကို မနက် ၆ နာရီလောက်ဆို ရောက်ပြီ။ အခုကျတော့ မှောင်ရင် ပစ်မှာ ခတ်မှာ ကြောက်လို့ ၊ မိုးလင်းမှပဲ ကိုယ့်ရွာက ထွက်ရဲတော့တယ်။ အဲဒီအခါ စျေးရောင်းမယ့်ရွာတွေကို ရောက်ရင် နေ့လယ် ၁၁ နာရီထိုးနေပြီ။ အဲဒီတော့ ဝယ်မယ့်သူလည်း မရှိတော့ဘူး။ ဘယ်သူမှ စောင့်မဝယ်နိုင်ဘူးလေ။ အားလုံးက အလုပ်သွားကြပြီ။ စျေးသည်တွေလည်း မရောင်းရတော့ဘူး။ စားဝတ်နေရေးက ကြာရင် ခက်မယ် ” လို့ ရွာစဉ်လှည့် စျေး ရောင်းသူတစ်ဦးက သူ့အခက်အခဲကို ပြောပါတယ်။
ညနေ ၆ နာရီကနေ မနက် ၆ နာရီ အကြား ညမထွက်ရ အမိန့် မထုတ်ပြန်ထားပေမဲ့လည်း ကန့်သတ်ချက်တချို့နဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ဆက်ပြောကြပါသေးတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခံထားတဲ့ ရှားတောမြို့နယ်ထဲက ပြည်သူတွေဟာ ဘယ်နေရာကို သွားသွား မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်တွေထံကို အကြောင်းကြား ခွင့်ပြုချက်တောင်းပြီးမှ သွားလာရတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ တောင်ယာသွားရင် အသုံးအဆောင်ကအစ တစ်ရက်စာပဲ ယူခွင့်ရှိတယ်။ တောင်ယာမှာ လိုအပ်တဲ့ပစ္စည်းတွေကအစ တစ်ရက်စာပဲ စစ်ဆေးပြီး သွားခွင့်ပြုတာရှိတယ်။ ထမင်းထုပ်ကအစ အများကြီး ပေးမယူဘူး။ အဲဒီလိုတွေ အကန့်အသတ်ရှိလာတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေးကိစ္စတွေမှာလည်း မိုးဗြဲဆေးရုံက ပိတ်ထားရဆဲဖြစ်တာကြောင့် ငွေကြေးတတ်နိုင်သူတွေက လွိုင်ကော်ဆေးရုံကို သွားပြီး ကုသတာတွေ ရှိပေမဲ့ ငွေကြေး မတတ်နိုင်သူတွေနဲ့ လက်ရှိ ညမထွက်ရ အမိန့်တွေကြောင့် လမ်းခရီး အခက်အခဲရှိလာတဲ့အတွက် နီးစပ်ရာက ဆေးတွေပဲ ဝယ်သောက်ရတာတွေ ရှိတာကြောင့် ဆေးဝါး ထိထိရောက်ရောက် မသုံးစွဲတတ်တဲ့ အခက်အခဲနဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး မသိတဲ့ အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။
အပြောင်းအလဲ မသိသာသေးတဲ့ ဂန့်ဂေါ
- မကွေးတိုင်း ဂန့်ဂေါ မြို့နယ်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာတော့ စစ်အုပ်ချုပ်ရေးရော ညမထွက်ရ အမိန့် ထုတ်ပြန်ထားပေမဲ့ ရက်ပိုင်းကာလပဲ ရှိသေးတာကြောင့် သိသိသာသာ ပြောင်းလဲမှု မတွေ့ရဘဲ ပြည်သူတွေက ညဘက်အချိန် အပြင်မထွက်ကြသလို မြို့ပေါ် မှာ အစစ်အဆေး တွေ့ရတာလည်း နည်းတယ်လို့ ဆိုကြပါတယ်။
အာရုဏ်ဆွမ်းမခံရတော့တဲ့ သံဃာတွေ
- ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ်
အလားတူ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ည ၇ နာရီ ၀န်းကျင်မှာ အပြင်ထွက်တဲ့ ဒေသခံတွေကို လှည့်ကင်းထွက်တဲ့ ရဲ၊ စစ်တပ်နဲ့တွေ့ပြီး အဖမ်းခံခဲ့ရတာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ တချို့က လူငယ်တွေ ညဘက် အပြင် ထွက်တာ ၇ နာရီလောက်ပေါ့။ တချို့ကလည်း တခြားနေရာကနေ အလုပ်ပြီးလို့ အိမ်ပြန်လာတာ၊ အဲဒါ ည ၇ နာရီလောက်ဆိုတော့ မာရှယ်လော အချိန်ကြီး ဖြစ်သွားတယ်ဆိုပြီး ဖမ်းသွားတယ် ။ ဒီရက်ပိုင်းအတွင်းမှာပဲ ၁၀ ဦးလောက် အဖမ်းခံရတာ ရှိတယ်။ တောင်ကလေးထောင် ကို ပို့လိုက်တယ်လို့ကြားရတယ်” လို့ ကော့ကရိတ် ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ညနေ ၆ နာရီကနေ မနက် ၆ နာရီ ညမထွက်ရ အမိန့်က ပြည်သူတွေအပြင် အရုဏ်တက်ချိန် ဆွမ်းခံကြွကြတဲ့ သံဃာတော် တွေကိုပါ သက်ရောက်မှု ရှိလာတယ်လို့ ဒေသခံတွေက ဆိုလာပါတယ်။
“ မနက် ၃နာရီခွဲ ၄ နာရီဆိုရင် အရင်က ဘုန်းကြီးတွေ အရုဏ်တက်ချိန် ဆွမ်းခံကြွတာ တွေရှိပေမဲ့ အခုကျတော့ မနက် ၆ နာရီ ကျော်မှ ထွက်လို့ရမှာဆိုတော့ ဘုန်းကြီးတွေလည်း ကြွလို့ မရတော့ဘူး၊ အရုဏ်ဆွမ်းကို ဘုန်းကြီးကျောင်းမှာပဲ ဒကာတွေ ချက်တာ ဘုန်းပေးရတာတွေ ဖြစ်လာတယ်။ အပြောင်းအလဲတွေ အများကြီးကြုံရပါတယ်။ အရင်က မိုးမလင်းခင် ရောင်းကြတဲ့ ဆိုင်ကယ်ဘေးတွဲနဲ့ စျေးသည်တွေကလည်း အခု ၆ နာရီကျော်မှ အလုအယက် အပြေးအလွှားသွားလာရတဲ့အခြေအနေတွေ ကြုံရပါတယ်” လို့ ကော့ကရိတ် ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
မြို့သိမ်းနိုင်တယ်ဆိုတဲ့အထိ အားကောင်းလာတဲ့ တိုက်ပွဲတွေ
စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက် နေရာ ဒေသအလိုက် အဲဒီလို လူမှုအခက်အခဲတွေ၊ ပြောင်းလဲလိုက်ရတဲ့ အခြေအနေတွေ ကြုံတွေ့နေကြရသလို ဒေသကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီအကြား စစ်ရေး ပြင်းထန်မှုတွေ ဆက်လက် ရှိနေပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အထဲမှာပါတဲ့ ချင်းပြည်နယ်ထန်တလန် ရဲစခန်းထဲက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ပြီး စခန်းကို ချင်းကာကွယ်ရေး တပ်တွေက သိမ်းလိုက်နိုင်သလို၊ ထန်တလန်တမြို့လုံးက ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီလို့ ချင်းကာကွယ်ရေးတပ်တွေဘက်က သိရပါတယ်။
ဖေဖော်ဝါရီလ ၈ရက် ညပိုင်း၉ နာရီကစပြီး ၅နာရီကြာအောင် ထန်တလန်မြို့မရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေကြားမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့တာလို့ သိရပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်ကျော်မှာ စစ်ကောင်စီတပ်နဲ့ တနင်္သာရီ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေဟာ ထားဝယ်နဲ့ မြိတ်ခရိုင်အတွင်းမှာ အများဆုံးဖြစ်ခဲ့တာလို့ သုတေသန အဖွဲ့တွေက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ စစ်အုပ်ချုပ်ရေး ကြေညာပြီးတဲ့နောက်ပိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ပလမြို့မှာ မနေ့ ဖေဖော်ဝါရီလ ၈ ရက်မှာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အလားတူပဲ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နှစ်ဖက် စစ်ရေး တင်းမာမှုတွေက နေ့စဉ်ရက်ဆက် ရှိနေဆဲ ဖြစ်ပါတယ်။
အခုလို စစ်အုပ်ချုပ်ရေး ကြေညာတာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကဲခတ်အချို့ကတော့ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးဖြစ်နေတာလို့ သုံးသပ်ကြသလို တရားစီရင်ရေး မှာတော့ စစ်အုပ်ချုပ်ရေးနဲ့ စစ်ခုံရုံးကြောင့် တရားရင်ဆိုင်ရသူတွေမှာ ဥပဒေ အရ ရပိုင်ခွင့်တွေဆုံးရှုံးတယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။