ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩဂုတ် ၅ ရက် ထိပ်တန်းသတင်းများ - မြန်မာစစ်တပ်နဲ့ ဆက်စပ်သူ ၆ ဦးကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့
အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ် ၆ ဦး နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းကို ဆွစ်ဇာလန်နိုင်ငံက အရေးယူကြောင်း ကြေညာလာပါတယ်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေတဲ့ ကြံ့ခိုင်ရေးပါတီက ပိုးရယ်အောင်သိန်းတို့လို တာဝန်ရယူထားဆဲ လူပုဂ္ဂိုလ်တွေသာမက ရာထူးကနေ အနားယူကြပြီဖြစ်တဲ့ အလုပ်သမားဝန်ကြီးဟောင်း ဒေါက်တာပွင့်ဆန်း၊ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒေါက်တာအောင်ကျော်မင်းတို့ကိုပါ ပိတ်ဆို့အရေးယူခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အကူအညီပိုတိုးချဲ့ ဝင်ရောက်ခွင့် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သလို စစ်ကောင်စီလက်အောက်တာဝန်မထမ်းဆောင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသခွင့်ကန့်သတ်ခဲ့တာကြောင့် အခုလို အရေးယူရတာလို့ ဖော်ပြပါတယ်။
ကျန်တဲ့ လူပုဂ္ဂိုလ်တွေဟာလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့သူတွေကို ဖိနှိပ်တာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေမှာ တစိတ်တပိုင်းပါဝင်နေကြတာလို့ ဆိုပြီး ဆွစ်ဇာလန်က ဥရောပသမဂ္ဂနည်းတူ ပိတ်ဆို့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်တုန်းက ဥရောပသမဂ္ဂက ဒီလူပုဂ္ဂိုလ် ၆ ဦးနဲ့ လုပ်ငန်း ၁ ခုကို ကနဦးအရေးယူခဲ့တာဖြစ်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ ဆွစ်ဇာလန်နိုင်ငံကပါ အလားတူ ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်။
ဘီးလင်းမြစ်အပါအဝင် မြစ်လေးစင်း စိုးရိမ်ရေမှတ် ကျော်လွန်
မြစ် ၁၃ စင်း မြစ်ရေ မြင့်တက်
မွန်ပြည်နယ်က ဘီးလင်းမြစ်၊ ကချင်ပြည်နယ်က နန့်ယင်း မြစ်၊ ကရင်ပြည်နယ်က သောင်းရင်းမြစ် နဲ့ သံလွင်မြစ် တို့မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေတယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက် တိုင်းတာချက်တွေအရ သိရပါတယ်။
အဲဒီမြစ်တွေထဲ ဘီးလင်းမြစ်ရေက အများဆုံးဖြစ်ကာ ၁၀၇၉ စင်တီမီတာ ရှိနေလို့ စိုးရိမ်ရေမှတ် ၁၀၂၂ ထက် ကျော်လွန်နေတာလည်း ဖြစ်ပါတယ်။ ဘီးလင်းမြစ်ရေဟာ မနေ့ကထက် ၃၆ စင်တီမီတာ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဘီးလင်းမြစ်ရေ မြင့်တက်မှုကြောင့် မော်လမြိုင်-ရန်ကုန် အဝေးပြေးလမ်းပိုင်း နေရာတချို့ ရေကျော်လို့ ကားတွေဖြတ်သန်းသွားလာလို့မရဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
သောင်းရင်းမြစ်က ၁၀၄၆ စင်တီမီတာ ရှိနေပြီး စိုးရိမ်ရေမှတ် ၉၆၃ ထက် ကျော်လွန်နေတာလည်း ဖြစ်ပါတယ်။ ဒါတောင် မနေ့ကထက် ၁၂ စင်တီမီတာ ကျဆင်းသွားတာ ဖြစ်ပါတယ်။
သံလွင်မြစ်ရေကလည်း မြဝတီမြို့အနီး မှာ ၈၂၆ စင်တီမီတာ ရှိနေပြီး စိုးရိမ်ရေမှတ် ၇၅၀ ထက် ကျော်လွန်နေကာ မနေ့ကထက် ၁၇ စင်တီမီတာ မြင့်တက်လာတာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်၊ဒုဋ္ဌဝတီမြစ်၊ချင်းတွင်းမြစ်၊စစ်တောင်းမြစ်၊ရွှေကျင်မြစ်၊ပဲခူးမြစ်၊သံလွင်မြစ်၊ငဝန်မြစ်၊ကုလားတန်မြစ်၊လေးမြို့မြစ်၊ဘီးလင်းမြစ်၊ နန့်ယင်းမြစ် နဲ့ နန့်ကောင်း မြစ်တို့မှာ စီးဆင်းရာ မြို့တချို့မှာ ယမန်နေ့ကထက် မြစ်ရေမြင့်တက်နေပါတယ်။
အဲဒီမြစ်တွေထဲ ချင်းတွင်းမြစ်ရေက ခန္တီးမြို့အနီးမှာ မနေ့ကထက် ၁၄၃ စင်တီမီတာ အထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ကရင်နီမှာ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်ရှိ
မယ်စဲ့မြို့မှာ တိုက်ပွဲပြင်းထန်
ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့က နေရာအများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းသိမ်းထားနိုင်ဆဲလို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မယ်စဲ့မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖော်ပြပါတယ်။
ဖားဆောင်းမြို့အနီးက သံလွင်တံတားအနီးမှာ မယ်စဲ့မြို့ကို စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်နဲ့ အခုလိုတိုက်ပွဲပြင်းထန်နေတာလို့ KNDF ကဖော်ပြထားပါတယ်။ တခါ မယ်စဲ့မြို့က ပန်တိန်းနယ်ခြားစောင့်စခန်းမှာလည်း ရဟတ်ယာဉ်နဲ့ပါ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့လည်း တိုက်ခိုက်မှုဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်း ကရင်နီပြည်နယ်ကို စစ်ဆင်ရေးအရှိန်မြင့်တင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က ၈၄ ဦး အထိ သေဆုံးတယ်လို့ KNDF က ပြောပါတယ်။ စစ်လက်နက်တွေရော စစ်သုံ့ပန်းတွေပါ ဖမ်းဆီးမိထားပြီး စစ်မျက်နှာအသီးသီးမှာ စစ်တပ်ကအထိနာနေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
တစ်လထဲမှာတင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၄၂ ကြိမ်အထိရှိခဲ့ကာ ဒီလေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးပစ်ခတ်မှု၊ သတ်ဖြတ်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၂ ဦးရှိတယ်လို့ KNDF ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ ၁၁ လသားအရွယ် ကလေးငယ်တစ်ဦး ပါဝင်တယ်လို့ KNDF ကဆိုပါတယ်။
KNDF ရဲ့ ဇူလိုင်တစ်လတာ စစ်ရေးထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း - ဖယ်ခုံအစပ် ကနေ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ ယာဒိုကျေးရွာဘက် အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရွာသစ်မြို့က အရပ်သားပြည်သူ ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်ဆိုတဲ့အချက်အပါအဝင် KNDF ရဲ့ အခုထုတ်ပြန်စာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီကနေ့ မွန်းလွဲပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။
UOB ဘဏ်က မြန်မာနိုင်ငံရဲ့ လုပ်ငန်းသုံးငွေလွှဲမှုကို ယာယီဆိုင်းငံ့မယ်
ပို့ကုန်သွင်းကုန်လုပ်နေကြတဲ့ မြန်မာလုပ်ငန်းရှင်အများစု အသုံးပြုနေတဲ့ စင်ကာပူ အခြေစိုက် United Overseas Bank ဘဏ် က မြန်မာရဲ့ လုပ်ငန်းသုံးငွေလွှဲငွေပေးချေမှုတွေကို ယာယီဆိုင်းငံ့ဖို့ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လာမယ့် စက်တင်ဘာ ၁ ရက်ကစလို့ ရပ်နားမှုစတင်မှာဖြစ်ပြီး အီလက်ထရောနစ်စနစ်နဲ့ နိုင်ငံခြားငွေလွှဲပြောင်းပေးတဲ့စနစ် (Telegraphic transfer) ပါ အသုံးပြုလို့မရနိုင်ဘူးလို့ လုပ်ငန်းရှင်တချို့ဆီ အကြောင်းကြားတဲ့စာမှာ ဖော်ပြပါတယ်။
UOB ဘဏ်ဟာ မြန်မာနိုင်ငံက စက်သုံးဆီ နဲ့ စားသုံးဆီ လုပ်ငန်းရှင်တွေ အများဆုံး အသုံးပြုနေတဲ့ ဘဏ်လည်း ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့အရေးယူကြောင်း ကြေညာတဲ့ ဇွန် ၂၁ ရက်နောက်ပိုင်းကစလို့ UOB ဘဏ်မှာ အကောင့်ဖွင့်လှစ်အသုံးပြုနေတဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့ ငွေပေးချေမှုတွေကို ဘဏ်ဘက်က ပိုပြီးတင်းကြပ်လာခဲ့တယ်လို့ လုပ်ငန်းရှင်တချို့က ဘီဘီစီကို ပြောကြပါတယ်။
အခုလပိုင်းတွေထဲ ငွေပေးချေမှု ခိုင်မာတဲ့အထောက်အထားတွေမပြနိုင်တာကြောင့် အကောင့်အပိတ်ခံရတဲ့အခြေအနေတွေပါ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တချို့ထံက သိရပါတယ်။
" အရင်က Invoice (ပြေစာ) လောက်နဲ့ ရတယ်။ အခုက ဒေါ်လာတစ်သိန်းလွှဲတယ်ဆိုပါတော့။ ဘာကြောင့်လွှဲတာလဲ၊ ဆန်ဖိုးချေတယ်ဆိုရင်လည်း ဆန်ရောင်းထားတဲ့ အထောက်အထားလိုတာပေါ့။ သင်္ဘောနဲ့ တင်တာလား၊ ကားနဲ့တင်တာလားဆိုတာတွေပါ ပြရတာ" လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အခုလို UOB ဘဏ်ကပါ ငွေလွှဲပြောင်းတာတွေကို ပိတ်ဆို့လိုက်ရင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ ပိုပြီးအခက်အခဲကြုံလာရလိမ့်မယ်လို့ ထောက်ပြကြပါတယ်။
အခြား နိုင်ငံခြားဘဏ်တွေ ရှိနေပေမယ့် လုပ်ငန်းသုံးငွေလွှဲတာအတွက် မလုံခြုံတာ၊ ကြန့်ကြာတာတွေရှိတာကြောင့် UOB ဘဏ်ကနေ အလွယ်တကူ နိုင်ငံပြောင်းဆောင်ရွက်လို့ မရတဲ့အခြေအနေလို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
အရန်အင်အားက တပ်အရာရှိ ၆၁ ဦး အနားပေးခံရ
တပ်မတော်အရန်အင်အားကို ရောက်နေတဲ့ ဗိုလ်ချုပ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်အထိ တပ်အရာရှိ ၆၁ ဦး အနားပေးခံလိုက်ရတယ် လို့ စစ်ရာထူးခန့်ချုပ်ရုံး နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။
ဘီဘီစီက ရရှိထားတဲ့ စာရင်းအရ အနားပေးခံရတဲ့အထဲ ဗိုလ်ချုပ် သုံးဦး နဲ့ ဗိုလ်မှူးချုပ် ၁၄ ဦး ပါဝင်ပြီး ဗိုလ်မှူးကြီး အဆင့်က ၄၄ ဦး နဲ့ အများဆုံး ဖြစ်ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးတဲ့နောက် အရန်အင်အားက အရာရှိတွေကို အများဆုံး အနားပေးတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။
တပ်မှာ ဖွဲ့စည်းပုံ အလိုက် ဗိုလ်ချုပ်ကြီးအဆင့်ကနေ အရန်အင်အားထားရှိတဲ့အကြောင်း အငြိမ်းစားတပ်မတော်အရာရှိတစ်ဦးက ရှင်းပြပါတယ်။
လက်ရှိအချိန်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နဲ့ တခြား တပ်အရာရှိတွေ စစ်ဆေးခံနေရပြီး စစ်ဆေးခံနေရတဲ့သူတွေက အရေးယူမခံရရင်တောင် အနည်းဆုံး အရန်အင်အားကိုရောက်ဖို့ ရှိနေတယ်လို့ အငြိမ်းစားတပ်မတော်အရာရှိက ရှင်းပြပါတယ်။
‘’နောက်ထပ် အရန်အင်အားကို ရောက်လာမယ့်သူတွေ ရှိနေလို့ အဟောင်းတွေကို အနားပေးတဲ့သဘော’’ လို့ သူကပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က အရန်အင်အားကို ရောက်သွားသူတွေက ရာထူးဆက်မတက်တော့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာတော့ အရန်အင်အားရောက်နေသူတွေကို ပြန်သုံးလာတာ တွေ့ရပါတယ်။
လက်ရှိ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဟာ အရန်အင်အားရောက်ပြီးမှ နေရာပြန်ရလာသူ ဖြစ်ပါတယ်။
လက်အောက်ခံတပ်မရှိတော့တဲ့ အနေအထားကို အရန်အင်အားလို့ သတ်မှတ်ပြီး ကာကွယ်ရေး၊ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကို ပို့ဆောင်တာကိုလည်း အရန်အင်အားလို့ သုံးနှုန်းပါတယ်။
အနားပေးလိုက်တဲ့ တပ်အရာရှိတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဘက်ကို ပြောင်းရွှေ့ချင်ရင် အဆိုပြုနိုင်တယ်လို့ ပြောတဲ့အကြောင်း အနားပေးခံရသူတွေနဲ့ နီးစပ်သူတွေ ထံက သိရပါတယ်။
ကြံ့ခိုင်ရေးပါတီ ရုံးချုပ်က ပါတီဝင် တစ်ဦးကို ဘီဘီစီက ဆက်သွယ်မေးကြည့်တဲ့အခါ ဒီသတင်းကိုအတည်ပြုပြီး အနားပေးခံလိုက်ရတဲ့ အရာရှိတွေထဲက တချို့က ပါတီနဲ့ပတ်သက်လို့ စုံစမ်းမှုတွေ ရှိတဲ့အကြောင်း ဘီဘီစီကို အတည်ပြုပါတယ်။
ဒီအနားပေးခံရမှု နဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက မေးမြန်းခဲ့ပေမယ့် အတည်ပြုဖြေကြားတာ မရှိခဲ့ပါဘူး။