ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာထဲ လောင်စာဆီ နောက်ထပ်တချို့ အစ္စရေး ဝင်ခွင့်ပြု - နိုဝင်ဘာ ၂၁ မနက်ခင်း ထိပ်တန်း သတင်း
ဂါဇာထဲ လှုပ်ရှားနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို အထောက်အကူပြုဖို့ရာ လောင်စာဆီတွေ သွင်းခွင့်ပေးမယ် ဆိုပြီး အစ္စရေးက သဘောတူခဲ့တဲ့နောက်၊ အခုဆိုရင် ဂါဇာထဲ နောက်ထပ် လောင်စာဆီတချို့ သွင်းနေခဲ့ပြီလို့ အမေရိကန် အစိုးရက ပြောပါတယ်။
လောင်စာဆီတင် ထရပ်ကား ၆ စင်း ဂါဇာထဲ ဝင်သွားတာမှာ ဆီဂါလံ ပေါင်း တစ်သောင်းရှစ်ထောင် သယ်ဆောင်သွားတယ်လို့ အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ ပြောခွင့်ရ ဂျွန်ကာဘီက ဆိုပါတယ်။
အဲဒီလောင်စာဆီတွေကို စားနပ်ရိက္ခာတွေ ဖြန့်ဝေရေးနဲ့ ဆေးရုံမီးစက်တွေ လည်ပတ်နိုင်ရေး ကိစ္စမျိုးတွေမှာ အသုံးချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် ဂါဇာဆေးရုံတစ်ခု ပစ်မှတ်ထားခံရပြန်
ဂါဇာကမ်းမြောင်ဒေသထဲ အင်ဒိုနီးရှားနိုင်ငံက ဖွင့်ပေးထားတဲ့ ဆေးရုံဟာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်တာ ခံလိုက်ရတာကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးသွားတယ်လို့ ဟားမတ်စ်ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဆေးရုံအနီးတဝိုက် အစ္စရေးတို့ရဲ့ သံချပ်ကာ အမြောက်ကားတွေ စစ်ရေး လှုပ်ရှား နေကြပြီး၊ သေနတ်သံတွေလည်း တချိန်လုံး ပေါ်ထွက်လာနေတယ်လို့ ဆေးရုံအုပ်က ပြောပါတယ်။
အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အခု ဆေးရုံ တိုက်ခိုက်ခံရတဲ့ အကြောင်း ထည့်ပြောမထားပဲ၊ သူတို့အနေနဲ့ အကြမ်းဖက်တွေနဲ့ အကြမ်းဖက်တို့ရဲ့ အခြေခံ အဆောက်အအုံတွေကို ဆက်ပြီး ပစ်မှတ်ထားနေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စ ရက်တနို မာဆုဒီက ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ နိုင်ငံတကာ စာနာမှု ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲ ဆိုပြီး ပြစ်တင် ရှုတ်ချပါတယ်။
ကုလ ရာသီဥတု အေဂျင်စီရဲ့ အစီရင်ခံစာသစ်
အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ရာသီဥတု ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ရှိတာမှာ၊ ထိပ်သီးဆွေးနွေးပွဲ အကြို အနေနဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ဆိုင်ရာ ပရိုဂရမ်အဖွဲ့က အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပါတယ်။
အဲဒီ အစီရင်ခံစာထဲ ကမ္ဘာကြီး ပူနွေးလာမှု ပြဿနာကို ထိန်းချုပ် ကိုင်တွယ်ရေး အတွက် ချမှတ်ထားတဲ့ နိုင်ငံတကာ ရည်မှန်းချက်ကို ပြည့်မှီဖို့ ဆိုရင်၊ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို သက္ကရာဇ် ၂၀၃၀ အမှီ၊ ၄၂% အထိ မဖြစ်မနေ လျှော့ချရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
နိုင်ငံတကာ ရည်မှန်းချက်ဆိုတာဟာ စက်မှုမထွန်းကားခင် အချိန်တွေတုန်းက ရှိခဲ့တဲ့ ကမ္ဘာ့ အပူချိန်ရဲ့ အထက် ၁.၅ ဒီဂရီ ဆဲလ်စီယပ်စ်မှာ ထိန်းထားနိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ အပူချိန်တိုးနှုန်းဟာ ၂.၅ နဲ့ ၂.၉ ဒီဂရီကြား ရှိနေပြီး၊ ဖန်လုံအိမ် ဓာတ်ငွေ့တွေ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးမှာ ကမ္ဘာ့မိသားစုဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့လည်း ကုလ အစီရင်ခံစာက ဆိုထားပါတယ်။
OpenAI စီအီးအိုကို ထုတ်လို့ ကုမ္ပဏီဝန်ထမ်းတွေပါ လိုက်ပြီး အလုပ်ထွက်မယ်လို့ ခြိမ်းခြောက်
ဥာဏ်ရည်တု နည်းပညာ AI နဲ့ ပတ်သက်ပြီး စွန့်ဦးတီထွင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Open AI မှာ အမှုဆောင် အရာရှိချုပ် ဆမ် အော့လ်(ထ)မင် Sam Altman ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ အပေါ် မကျေနပ်ကြတဲ့ အတွက် သူတို့ပါ အလုပ်ကနေ လိုက်ပြီး ထွက်မယ်လို့ ခြိမ်းခြောက် နေကြတဲ့ ဝန်ထမ်းဦးရေဟာ အနည်းဆုံး အယောက် ၅၀၀ ကျော် ရှိနေပါတယ်။
ဆမ် အော့လ်(ထ)မင် နဲ့၊ ဆမ် အော့လ်(ထ)မင်ရဲ့ မိတ်ဆွေ ကုမ္ပဏီ ပူးတွဲ ထူထောင်သူ ဂရက် ဘရော့ခ်မင် Greg Brockman တို့ကို ထုတ်ပစ်လိုက်တာဟာ ကုမ္ပဏီ တစ်ခုလုံး အပေါ် မထီမဲ့မြင် လုပ်ရာ ကျတယ် ဆိုပြီး ဝန်ထမ်းတွေက ဒါရိုက်တာဘုဒ်အဖွဲ့ဆီ စာပို့ ပါတယ်။ ထုတ်ပယ်ခံရသူ နှစ်ဦး ရာထူးတွေ ကိုယ်စီ ပြန်ယူကြပြီး၊ ဒါရိုက်တာဘုဒ်အဖွဲ့ တစ်ခုလုံး နုတ်ထွက်ပေးဖို့ အဲဒီစာထဲ တောင်းဆိုထားပါတယ်။
ဆမ် အော့လ်(ထ)မင် နဲ့ ဂရက် ဘရော့ခ်မင် တို့ကတော့ မိုင်ခရိုဆော့ဖ် ကုမ္ပဏီမှာ အလုပ်ဝင်ပြီး၊ မိုင်ခရိုဆော့ဖ်ရဲ့ ဌာနအသစ် အဆင့်မြင့် AI အဖွဲ့ကို ဦးဆောင်ပေးဖို့ရာ ဘောတူထားနှင့်ကြပြီး ဖြစ်ပါတယ်။
ဆမ် အော့လ်(ထ)မင် ဟာ ဒါရိုက်တာ ဘုဒ်အဖွဲ့နဲ့ ဆက်ဆံရာမှာ ဘယ်တော့မှ သဘောရိုးနဲ့ ပွင့်ပွင့်လင်းလင်း မရှိခဲ့တာကြောင့်၊ ဘုဒ်အဖွဲ့ အနေနဲ့ တာဝန်ဝတ္တရား ရှိတဲ့ အတိုင်း ပြုမူလုပ်ဆောင်ဖို့ အမြဲပဲ အခက်တွေ့ နေစေခဲ့တယ် ဆိုပြီး ဘုဒ်အဖွဲ့ဘက်က ထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာတွေကို ပေးစရာ နေရာမရှိဘူးလို့ အာချေး ဒေသခံ ရွာလူကြီးတွေပြော
ရိုဟင်ဂျာ ဒုက္ခသည် နောက်ထပ် ၅၀၀ ကျော်ဟာ အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်ရဲ့ ကမ်းခြေတွေရှိရာဆီ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာကြပါတယ်။
ဒါဟာ သီတင်းတစ်ပတ် အတွင်း ၄ ကြိမ်မြောက် အခုလို အစုလိုက် အပြုံလိုက် ရောက်လာကြတာပါ။ ဘီရာဝန်၊ ပီဒီနဲ့ အရှေ့အာချေး နေရာတွေ အပါအဝင် ပြည်နယ် နေရာအနှံ့ ရောက်လာနေကြတာ ဖြစ်ပါတယ်။
အစုလိုက်အပြုံလိုက် ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ရာ အဲဒီမှာ ရှိနေတဲ့ ဒေသခံ အာဏာပိုင်တွေ အတွက် ဝန်နဲ့အား မမျှနိုင်လောက်အောက် ဖြစ်နေရတယ် ဆိုပြီး ကုလသမဂ္ဂရဲ့ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ အဖွဲ့ UNHCR ရဲ့ ဌာနေ တာဝန်ခံ တစ်ဦးက ဆိုပါတယ်။
ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး မူခ်တာကလည်း ….. “ဒုက္ခသည်တွေကို လက်ခံထားဖို့ရာ ဒီနေရာမှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ သူတို့ကို လက်ခံထားဖို့ နေရာကို မရှိတာပါ” လို့ ဆိုပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ထိုင်းနိုင်ငံသားတွေကို တရုတ်ထဲ ဝင်ခွင့်ပြု
မြန်မာပြည်မြောက်ပိုင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား မဟုတ်သူတွေကို နယ်စပ်ဖြတ်ကျော် ထွက်ခွာနိုင်အောင် တရုတ်နိုင်ငံက ကူညီခဲ့တယ် ဆိုပြီး တရုတ် တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပြုလုပ်ပြီး စခန်းသိမ်း၊ မြို့သိမ်းစစ်တွေ ဆက်တိုက် လုပ်ဆောင်လာတာကြောင့် ရှမ်းမြောက်ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် မြန်မာ-တရုတ် နယ်စပ်မှာ ပိတ်မိ သောင်တင်နေကြတဲ့ ထိုင်းနိုင်ငံသား အယောက် ၂၀၀ ကျော်ကို ပြီးခဲ့တဲ့ တရုတ်နိုင်ငံဘက်ခြမ်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝင်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းမြောက်ဒေသမှာ ရောက်နေကြတဲ့ တရုတ်နိုင်ငံသားတွေ ပြန်လာကြဖို့လည်း တရုတ် အစိုးရက တိုက်တွန်းနေပါတယ်။