ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင်လ ၅ ရက်ထိပ်တန်းသတင်းများ- အတိုင်ပင်ခံ ထောင်ဒဏ်ချမှတ်ခံထားရတဲ့အမှုအချို့ကို တရားလွှတ်တော်ချုပ်မှာကြားနာ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမှုတွေထဲက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပုဒ်မ ၁၃၀-က စတဲ့အမှုတွေအတွက် အမိန့်ပြင်ဆင်ချက်လျှောက်ထားမှုကို ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော်ချုပ်က ကြားနာခဲ့ပါတယ်။
ဒီကနေ့ တရားခွင်မှာတော့ ပြင်ဆင်ချက်အမိန့်လျှောက်ထားမှုအတွက် ၂ ဖက် အပြီးသတ်လျှောက်လဲချက်တွေပေးခဲ့ရတယ်လို့ တရားရုံးအသိုင်းအဝန်းကနေ သိရပါတယ်။
အခု အမှု ၂ ခုအတွက် ထောင်ဒဏ် ၃ နှစ်စီကို မန္တလေးခရိုင်တရားရုံးက ၂၀၂၂ ခုနှစ်အတွင်းမှာအမိန့်ချခဲ့သလို၊ ရှေ့နေအဖွဲ့ဘက်ကလည်း တိုင်းအဆင့်မှာ အယူခံဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီအယူခံကိုပယ်ချခဲ့တာကြောင့် အခုလို အမိန့်ပြင်ဆင်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လျှောက်ထားခဲ့တာပါ။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ဆုံးဖြတ်ချက်အမိန့်တွေကိုတော့ အခုလိုလျှောက်လဲချက်တွေပေးပြီးနောက် ၁ လကျော်အတွင်းမှာ တရားလွှတ်တော်ချုပ်က ကြေညာနိုင်ချေရှိပါတယ်။
အလားတူ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနဲ့ပြစ်ဒဏ်ချခဲ့တဲ့ အမှု ၂ခုအပါအဝင် ပြစ်ဒဏ်ချပြီးတဲ့ နောက်ထပ်အမှု စုစုပေါင်း ၆ ခု ရဲ့ အထူးအယူခံဝင်ခွင့် သင့်၊ မသင့်ကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ဖို့ ရှိပါသေးတယ်။
အဲဒီမတိုင်ခင် ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ့အဖွဲ့တွေဘက်က အယူခံ တင်ပြထားတဲ့ သဘာဝဘေးအန္တရာယ်အရေးအသုံးပြုမယ့် ရဟတ်ယာဥ် ငှားရမ်းဝယ်ယူတာနဲ့ ပတ်သတ်ပြီး ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှု ၅ခုကိုလည်း နေပြည်တော် တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲ ချက်ပေးဖို့ လည်းရှိနေပါတယ်။
အဲဒီအမှု ၅ ခုကတော့ ပထမဆုံးအယူခံဝင်တာကိုလက်ခံလို့ လျောက်လဲချက်ပေးရမယ့်အမှုတွေ ဖြစ်ပါတယ်။
အလားတူကျန်ရှိနေတဲ့ ပြစ်ဒဏ်ချခဲ့ပြီး၊ အယူခံငြင်းပယ်ခံထားရတဲ့ အခြားအမှု ၆ ခုကိုလည်း ပြည်ထောင်စု တရားလွှတ်တော်ကို အမိန့်ပြင်ဆင်ချက်အဖြစ်လျှောက်ထားဖို့ပြင်ဆင်နေတယ်လို့ တရားရုံးနီးစပ်သူတွေထံက သိရပါတယ်။
ပြင်ဆင်ချက်အမိန်ကြားနာမှုနဲ့ အယူခံကြားနာမှုတွေကိုတော့ စွပ်စွဲခံရသူတွေက တရားခွင်လာရောက်စရာ မလိုဘဲ စစ်ဆေးလေ့ရှိတာကြောင့် ကာယကံရှင်ကိုယ်တိုင် ကြားနာမှုကို မတက်ရောက်ခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်သလို၊ အပတ်စဥ် တနင်္လာနေ့ ထောင်ဝင်စာပို့ဆောင်ပေးတာမျိုးတွေကို လုပ်ဆောင်ခွင့်ပြုထားတယ်လို့ အကျဥ်းဦးစီးနဲ့ တရားရုံးနီးစပ်သူ တွေထံကသိရပါတယ်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့မရှိဘူးလို့ ALP ပြော
စစ်တပ် ကွပ်ကဲမှုအောက်ရောက်မယ့် နယ်ခြားစောင့်တပ်(BGF) အဖြစ်အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ဆွေးနွေးထားတာ မရှိဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ဘက်ကပြောလာပါတယ်။
ALP ဟာ BGF အသွင်ပြောင်းဖို့ စစ်ကောင်စီနဲ့ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့မေးမြန်းချက်ကို ALP အတွင်းရေးမှူး ခိုင်သူရိန်က တုံ့ပြန်ပြောဆိုလိုက်တာပါ။
''ဒီသတင်းဖော်ပြသူတွေက ဘယ်ကနေ သတင်းရလဲဆိုတာ မသိဘူး။ ကျွန်တော်တို့ဘက်က ဒီကိစ္စကို ဗမာစစ်အစိုးရနဲ့ ဆွေးနွေးထားတာမရှိဘူး။ သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ဘာမှမပြောဘူး။ ကျွန်တော်တို့ဘက်ကလည်း ဘာမှမပြောဘူး။ ဒီသတင်းက နိုင်ငံရေး လုပ်ကြံမှု'' လို့ သူကပြောပါတယ်။
ALP ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာလည်း စစ်ကောင်စီနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးတာတွေ ဆက်လုပ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
တဖက်မှာလည်း ရခိုင်တော်လှန်ရေးရဲ့ နှစ်ပေါင်း ၅၀ ကျော်ရပ်တည်လာခဲ့တဲ့ ALP/ALA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် တပ်ဖွဲ့ဝင်တွေ အခုနှစ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။
ALP ရဲ့ စစ်ဦးစီးချုပ်နဲ့ တပ်ဖွဲ့ဝင်နှစ်ဦး ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသလို ဇူလိုင်လ ၁ ရက်နေ့မှာလည်း ပါတီရဲ့ ဒုတိယဥက္ကဋ္ဌအပါအဝင် သုံးဦးဟာ စစ်တွေ တက္ကသိုလ်အရှေ့မှာ ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီလုပ်ကြံမှုနှစ်ခုလုံးဟာ ရက္ခိုင့်တပ်တော်(အေအေ) ရဲ့ လုပ်ကြံမှုတွေဖြစ်တယ်လို့ ALP ဘက်က ထုတ်ပြန်ကြေညာထားပေမဲ့ အေအေဘက်ကတော့ အခြေအမြစ်မရှိတဲ့စွပ်စွဲ ပြောဆိုမှုတွေဆိုပြီး ငြင်းဆိုထားပါတယ်။
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ ဦး သေဆုံး၊ ၅ ဦး ထက်မနည်း ထောင်ပြောင်းရွှေ့ခံရ
နိုင်ငံရေးအကျဥ်းသား ရာနဲ့ချီရှိနေတဲ့မြင်းခြံထောင်ထဲမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၅ ဦးထက်မနည်း ထောင်ပြောင်းရွှေ့ခံထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အကျဥ်းကျနိုင်ငံရေးသမားတွေကို စစ်တပ်က ခေါ်ယူပြီး ရိုက်နှက်စစ်ဆေးတာတွေလည်း ရှိခဲ့တဲ့မြင်းခြံထောင်ထဲ နိုင်ကျဥ်းတွေဘာကြောင့် ထောင်ပြောင်းရွှေ့ခံရတာပါလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်ရဲ့ အကြံပေးဖြစ်လာ
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောကို စစ်ကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောဟာ ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့ အကြံပေးတာဝန်ကို ထမ်းဆောင်မယ်လို့သိရပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးညိုစောဟာ စစ်တက္ကသိုလ်အပတ်စဉ် ၂၃ ဆင်းဖြစ်ပြီး တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ထောက်ချုပ်စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားတဲ့ MEC ဥက္ကဋ္ဌနေရာကို ဒုတိယဗိုလ်ချုပ်ကြီး ညိုစောပဲ ဆက်ပြီး ယူထားမယ်လို့ သိရပါတယ်။
မြန်မာလုပ်သားတွေရဲ့ကားကို ထိုင်းရဲဖမ်းချိန် တိုက်မှုဖြစ်
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖူခရိုင်ထဲမှာ အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သားတွေလိုက်လာတဲ့ ကားတစ်စီးကို ထိုင်းရဲက စစ်ဆေးဖို့ ရပ်တန့်ခိုင်းချိန် မရပ်ဘဲမောင်းပြေးလို့ ယာဥ်တိုက်မှုဖြစ်ခဲ့တယ်လို့ ထိုင်းကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေလိုက်လာတဲ့ အဲဒီပစ်ကပ်ကားအဖြူကို ဘန်နာမြို့နယ်ခွဲထဲက ဖက်ခါဆမ်လမ်းပေါ်မှာ ထိုင်းရဲတပ်ဖွဲ့က ရပ်ခိုင်းချိန် မရပ်ဘဲမောင်းပြေးခဲ့တာကြောင့် နောက်ကားတစ်စီး အမြီးပိုင်းနဲ့ချိတ်မိကာ ယာဥ်တိုက်မှု ဇူလိုင်လ ၃ ရက်မှာ ဖြစ်ခဲ့တာပါ။
အဲဒီကားကို ကိုနိုင်လို့သိရတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသားက ရွှေ့ပြောင်းလုပ်သား ၁၂ ဦးကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဆီ ပို့ခ ထိုင်းဘတ်ငွေ တစ်သောင်းယူပြီး မောင်းနှင်ခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ယာဥ်တိုက်မှုမှာ ကားလည်း မီးလောင်ခဲ့သလို ကားပေါ်ပါလာတဲ့ မြန်မာလုပ်သား ၁၂ ဦးရော၊ ယာဥ်မောင်းကိုပါ ရဲက ဖမ်းထားတယ်လို့ သိရပါတယ်။
နောက်ပြီး ဆူဖန်ဘူရီခရိုင်ထဲမှာလည်း ပစ်ကပ်ကားတစ်စီးထဲကနေ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂ ဦးကို အဝေးပြေးလမ်းမထက်မှာ ထိုင်းရဲက ဇူလိုင်လ ၄ ရက်တုန်းက ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းအဝေးလမ်းမ စောင့်ကြည့်ရေးရဲတပ်ဖွဲ့က တာလဘတ်စဖုံးထားတဲ့ ကားတစ်စီးဖြတ်သွားတာကို မြင်ခဲ့ပြီးနောက် မသင်္ကာလို့ လိုက်လံစစ်ဆေးခဲ့ပေမဲ့ ကားက မောင်းထွက်ပြေးခဲ့တယ်ပါတယ်။
အဲဒီနောက် အဲဒီကားဟာ ဘန်ဆာမြို့နယ်ခွဲထဲမှာ ရပ်ခဲ့တာကြောင့် ရဲက သွားရောက်စစ်ဆေးချိန် ယာဥ်မောင်းကို မတွေ့ခဲ့ရဘဲ ကားနောက်ခန်း တာလဘတ်အစ အောက်ကနေ တရားမဝင် မြန်မာရွှေ့ပြောင်း ၁၄ ဦးကို တွေ့ခဲ့တာလို့ သိရပါတယ်။