ဒီဇင်ဘာ ၁၅ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - NUG သိမ်းထားတဲ့ မြို့သစ် အကျဥ်းစခန်းကနေ စစ်သုံ့ပန်း ၃၄ ယောက် ထွက်ပြေး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးစိုးရ (NUG) သိမ်းထားတဲ့ မြို့သစ်မြို့ မှာရှိတဲ့ အကျဥ်းစခန်းတစ်ခုထဲကနေ စစ်ကောင်စီ စစ်သုံ့ပန်း ၃၄ ယောက်ဟာ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့သစ်မြို့ကို ၂၀၂၄ ခုနှစ်၊ မေ ၁၁ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ နဲ့မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး သိမ်းထားတာပါ။

မြို့သစ်မြို့သိမ်းတိုက်ပွဲ၊ သနန်ရဲစခန်းတိုက်ပွဲတွေကနေ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အရပ်အခေါ် ပျူစောထီးတွေကို သနန်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ အခုထွက်ပြေးသွားသူတွေဟာ မြို့သစ်မြို့သိမ်းတိုက်ပွဲမှာ သနန်ရဲစခန်းကို တိုက်ခိုက်ချိန်တုန်းက လက်နက်ချသူနဲ့ ဖမ်းမိသူ ဆယ်ချီထဲကလို့ နားလည်ရပြီး အဲဒီလူတွေထဲမှာ စခန်းမှူးနဲ့ ဒုရဲအုပ်တွေ ပါဝင်ပါတယ်။

"သိရသလောက်ကတော့ CDM ရဲတစ်ယောက်က လုံခြုံရေးယူထားတဲ့ ပ.လ.ဖ(ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ - ရဲ)တွေကို အယုံသွင်းပြီး ခေါ်ထုတ်သွားတဲ့သဘောရှိတယ်။ ဝန်ကြီးဌာနကိုတော့ သတင်းရောက် သွားပါပြီ။ ဘယ်လိုဖြေရှင်းမလဲတော့ မသိသေးဘူး" လို့ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို သိထားတဲ့ ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်သုံ့ပန်းတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြန်ပူးပေါင်းသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘီဘီစီ အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်သုံ့ပန်းတွေ လွတ်သွားတာကြောင့် လုံခြုံရေးကျိုးပေါက်ပြီး လေကြောင်းကနေ တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တမူးခရိုင်ထဲမှာ မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့ကို သိမ်းထားပြီး အုပ်ချုပ်ရေးဖော်ဆောင်နေပါတယ်။

ကျားဖြန့်လုပ်ငန်းမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၆ ယောက် လွတ်မြောက်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၆ ယောက် ပြန်လွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၆ ယောက်ဟာ အိန္ဒိယနိုင်ငံဆီ ပြည်နှင်ဒဏ်နဲ့ ပြန်ပို့ဖို့အတွက် နယ်မြေရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက်ကရောက်တယ်လို့ဆိုပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကနေ အိန္ဒိယနိုင်ငံသားတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်ကစပြီး ပြန်ပို့ပေးခဲ့တာဟာ (၁၀၁) ယောက်ရှိနေပြီဖြစ်ပြီး အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

အွန်လိုင်းကနေ အလုပ်အကိုင် ကမ်းလှမ်းတာတွေ ရှိခဲ့ရင် သက်ဆိုင်ရာ သံရုံးတွေနဲ့ မတိုင်ပင်ဘဲ အလုပ်လက်မခံကြဖို့ကိုလည်း အိန္ဒိယသံရုံးက သတိပေးထားပါတယ်။

အိန္ဒိယဘက်က လာတဲ့သတင်းတွေမှာတော့ မြန်မာက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ပြန်လည် ကယ်ဆယ်ခံရသူ အိန္ဒိယ နိုင်ငံသား အယောက် ၄၀၀ ကျော်အထိရှိတယ်လို့ ကမ္ဘောဒီးယားကနေ ပြန်ကယ်ထားရသူ ၁၁၆၇ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ အလုပ်လိမ်လည်ခေါ်ယူတဲ့ အင်တာနက် စာမျက်နှာတွေကို ပြည်တွင်းမှာ ပိတ်ဖို့လုပ်နေတဲ့အကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးက လွှတ်တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြောထားပါတယ်။

အရင်က ကျားဖြန့်လုပ်ငန်းတွေ တွင်ကျယ်ခဲ့တဲ့ ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် မေ ၁ ကနေ အောက်တိုဘာ ၃၁ အတွင်း အပြီးပိတ်သိမ်း ထွက်ခွာဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ရွှေကုက္ကိုမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတုန်းလို့ နားလည်ရပြီး နေရာရွှေ့ပြောင်းတာတွေလည်း ရှိနေပါတယ်။

အိန္ဒိယသံရုံး သံရုံးကတော့ ''မြဝတီတောင်ပိုင်းက ဖလူးဒေသမှာ ကျားဖြန့်လုပ်တဲ့လုပ်ငန်းခွင် တစ်ခု ပေါ်လာနေပြီး လူကုန်ကူးခံရသူအများစုဟာ အိန္ဒိယမှာ လူစုဆောင်းခံရပြီး ထိုင်းနိုင်ငံကနေတဆင့် ကရင်ပြည်နယ်ထဲကို ခေါ်ဆောင်ခံရတာ'' လို့ အခုနှစ်အတွင်းမှာပြောထားပါတယ်။

ကရင်နီက ဆေးတပ်သား ၁၈ ယောက်သေဆုံးမှုအတွက် တာဝန်ရှိသူတွေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရ

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)က ဦးစီးဖွင့်လှစ်တဲ့ ဆေးသင်တန်းမှာ သင်တန်းသား ၁၈ ယောက် ရေထဲမျောပါ သေဆုံးမှုအတွက် တာဝန်ရှိသူ သုံးယောက်ကို ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ KNDF က ဒီဇင်ဘာ ၁၄ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီသင်တန်းသားတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၀ ရက် ညပိုင်းမှာ သင်တန်းဆင်းရင်း ချောင်းတစ်ခုကို ဖြတ်ကျော်ချိန် တောင်ကျချောင်းရေနဲ့ မျောပါသေဆုံးခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဖြစ်တဲ့အချိန်ဟာ စက်တင်ဘာလ ရာသီဥတုပြင်းထန်ချိန် မြန်မာနိုင်ငံနေရာအတော်များများ မိုးသည်းရေကြီးတာနဲ့ တောင်ချချောင်းရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်နေတဲ့သီတင်းပတ်တွေလည်း ဖြစ်ပါတယ်။

ရာသီဥတုပြင်းထန် ဆိုးရွားနေချိန်မှာ ဆေးသင်တန်းသားတွေကို ညအချိန် သင်တန်းဆင်းခိုင်းခဲ့တာကြောင့် အခုလို သေဆုံးတဲ့အထိ ဦးတည်စေခဲ့တာလို့ ဝေဖန်သံတွေလည်း မြင့်တက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရေးဖို့ KNDF ဗဟိုကော်မတီကနေ ဗဟိုစစ်တရားခုံရုံးအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလဆန်းမှာတော့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ရဲ့ ဆေးသင်တန်းကျောင်းက တပ်ဖွဲ့ဝင် ၁၈ ဦး လေ့ကျင့်ခန်းအတွင်း ရေနစ်သေဆုံးခဲ့ရမှုနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက်နဲ့ပတ်သက်လို့ ထုတ်ပြန်လာပါတယ်။

အခုလိုသင်တန်းသားတွေသေဆုံးရတာဟာ စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုပြုလုပ်ရာမှာ ရင်ဆိုင်ကြုံရနိုင်တဲ့ အသက်အန္တရာယ်ဆိုင်ရာ ကြိုတင်တွက်ချက်မှုတွေမရှိခဲ့သလို တာဝန်ရှိသူတွေဘက်က ပေါ့ဆမှုတွေကြောင့်ဖြစ်ခဲ့ရတာလို့ ပါရှိပါတယ်။

အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာအရ စွပ်စွဲခံရသူတွေနဲ့ သက်သေခံထွက်ဆိုချက်တွေအရ တာဝန်ရှိသူတွေဖြစ်တဲ့ ကျောင်းအုပ်တစ်ယောက်၊ ကာယလေ့ကျင့်ရေး သင်တန်းဆရာ တစ်ယောက်တို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်သုံးလ၊ သင်တန်းအကူတစ်ယောက်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးလ ချမှတ်လိုက်တာပါ။

သေဆုံးသွားတဲ့ ရဲဘော်နဲ့ ရဲမေတို့အတွက် စိတ်ထိခိုက်ရသလို တော်လှန်ရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး တော်လှန်ရေးကာလ နောက်ပိုင်းမှာလည်း အမှားအနည်းဆုံးဖြစ်အောင် ထမ်းဆောင်သွားမယ်လို့လည်း KNDF က ပြောထားပါတယ်။

မြန်မာငါးဖမ်းလှေတစ်စီးနဲ့ လှေသမား ၆ ယောက်ကို ထိုင်းဖမ်းဆီး

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့မှာ ရေထွက်ကုန်ပစ္စည်းတွေကို အထောက်အထားမဲ့ သယ်လာတဲ့ မြန်မာငါးဖမ်းစက်လှေတစ်စီးနဲ့ လှေသမား ၆ ယောက်ကို ထိုင်းပင်လယ်ရေကြောင်း လုံခြုံရေးကွပ်ကဲမှုစင်တာ ဒေသ (၃)က ဖမ်းဆီးထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ တံငါသည်များ အခွင့်အရေးကွန်ရက် (FRN) က သိရပါတယ်။

ရနောင်းမြို့က ဆိပ်ကမ်းကို စစ်ဆေးရေးလုပ်နေချိန်မှာ မြန်မာငါးဖမ်းစက်လှေတစ်စီးပေါ်ကနေ ကီလိုဂရမ်ပေါင်း လေးသောင်းကျော်ရှိ ဆားသိပ်ထားတဲ့ ပုစွန်ဇွန်အိတ် နှစ်ထောင်ကျော်ကို ဒီဇင်ဘာ ၁၄ ရက်မှာ ထိုင်းရေကြောင်း အာဏာပိုင်တွေက ဖမ်းမိတာပါ။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ထဲက ကျေးရွာတွေကနေ စက်လှေတွေနဲ့ ငါးပိ၊ မီးသွေး အပါအဝင် ပင်လယ်ထွက် စားသောက်ကုန်တွေကို ထိုင်းဘက်ခြမ်း ရနောင်းမြို့ကို ပို့ဖို့ ကူးလူးသွားလာနေတဲ့ စက်လှေတွေက တစ်ရက်ကို အစီးရေ ဆယ်ချီအထိ ရှိနေတာပါ။

မြန်မာဒေသတွင်းက ထွက်ကုန်တွေကို ရနောင်းကို ပို့ပြီးရင် ထိုင်းထွက်ကုန် အချိုမှုန့်၊ အချိုရည်၊ စက်ပစ္စည်းတွေကို ပြန်တင်သွားကြတာပါ။

"ထိုင်းဘက်က လုပ်ငန်းရှင်က မြန်မာဘက်က စက်လှေတွေနဲ့ ကုန်ပစ္စည်းတွေကို ကူးသန်းရောင်းဝယ်ဖို့ အထောက်အထားတွေ ပေးကြတာရှိတယ်၊ အခုက ဘယ်လိုဖြစ်လဲတော့ မသိရသေးဘူးပေါ့နော်၊ သူတို့ထိုင်းဘက်က အထောက်အထား မပေးတာလားပေါ့။ စစ်ဆေးရေးလုပ်ကြတာတော့ ပုံမှန်ပါပဲ"လို့ ဦးရဲသွေးက ပြောပါတယ်။

အခုလို အထောက်အထားမဲ့ ပစ္စည်းတွေကို ဖမ်းမိရင်တော့ စက်လှေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး လှေလုပ်သားတွေကို ဖမ်းဆီးကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ရေပိုင်နက်ထဲ ကျော်လွန်ပြီး ငါးဖမ်းတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်ကို မြန်မာစစ်ကောင်စီက ဖမ်းဆီးထားတာ သီတင်းနှစ်ပတ်ကျော်လာချိန်မှာ ထိုင်းရေကြောင်း အာဏာပိုင်တွေရဲ့ အခု ဖမ်းဆီးမှု သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

စစ်ကောင်စီက ဖမ်းထားတဲ့ နိုင်းနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်ကို သွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။

ပခုက္ကူမှာ စစ်တပ်စခန်း အသိမ်းခံရပြီးနောက် စစ်ကြောင်းထိုးခံရလို့ ကျေးရွာ သုံးရွာ မီးရှို့ခံရ

ကျေးရွာ ၇ ရွာက ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီ တပ်မ ၁၀၁နဲ့ အောင်သာကျေးရွာက ပြည်သူ့စစ်( အရပ်အခေါ် ပျူစောထီး) တွေပါဝင်တဲ့ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ‌ပြောပါတယ်။

ရေလာလေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ စစ်ကြောင်းက ဆက်ထိုးနေတဲ့အတွက် လူဦးရေ ၆၀၀ ဝန်းကျင်ရှိတဲ့ စစ်ဘေးရှောင်တွေဟာ မြိုင်မြို့နယ်ဘက်ကို ထွက်ပြေးနေကြရတာပါ။

"စစ်ကြောင်းက ထန်းတပင်ရွာ ဘုန်းကြီးကျောင်းထဲက ပြည်သူ အချို့ကို ဖမ်းတာရှိပါတယ်။ စစ်ရှောင်ပြည်သူတွေလို့ ပြောပါတယ်။ ရှောင်နေရင်းမိတာလို့သိရပါတယ်။ အခုလက်ရှိအချိန်မှာ စစ်ကြောင်းက ကတော့ တွင်းမအုပ်စု သိမ်ကုန်းရွာ အနီးကို စစ်ကြောင်းရောက်နေပြီ သိရတယ်" လို့ အညာမြေ အရပ်ဘက် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ရေလာကြီးရွာ၊ ဝါးကျွန်းရွာနဲ့ တွင်းရွာက နေအိမ်တွေ မီးရှို့ခံရတယ်လို့ သိရပေမဲ့ အိမ်အလုံးရေ ဘယ်လောက်အထိ မီးလောင်ပျက်စီးတယ်ဆိုတာ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကြောင်းထိုးတာကြောင့် ရေလာကြီး၊ ထန်းတပင်၊ ဖောင်ကြောင်း ၊ ဖောင်းကွဲ၊ ဝါးကျွန်းတွင်း၊ ဇောင်ဂျမ်းကုန်း၊ အိုရင်းကျေးရွာက ဒေသခံတွေ ရှောင်တိမ်းနေကြရတာဖြစ်ပါတယ်။

ရေလာလေးကျေးရွာက စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးသလို ၊ ၇ ယောက်ကို ဖမ်းဆီးရမိတယ်လို့ Earthquake People's Defence Force က ထုတ်ပြန်ထားပါတယ်။

အေအေ အပါအဝင် မြောက်ပိုင်းအဖွဲ့တွေ လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင်ပြော

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အာရက္ခတပ်တော်(အေအေ) အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ လက်နက်စွန့်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလာပါတယ်။

ဒီနေ့ ဒီဇင်ဘာ (၁၅) ရက်မှာ ကျရောက်တဲ့ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ စစ်ခေါင်းဆောင်က အခုလိုပြောလာတာဖြစ်ပါတယ်။

ကိုးကန့်တပ် (MNDAA)၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA) ၊ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ရတယ်လို့ လည်း သူက ပြောပါတယ်။

နိုင်ငံရေးကို အကြောင်းပြပြီး ခေတ်အဆက်ဆက် တိုက်ခိုက်မှုတွေ လုပ်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး လုပ်ဆောင်ချက်တွေက ပိုပြီးဆိုးရွားတယ်လို့လည်း ဆိုပါတယ်။

ဒီအဖွဲ့တွေဟာ ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြည်ထောင်စုတည်ဆောက်ဖို့ထက် တသီးတခြား ရပ်တည်ချင်စိတ်ကိုသာ ရှေ့တန်းတင်နေတယ်လို့ သူက ပြောပြီး လက်နက်စွန့်ကာ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်အောင်လာဖို့နဲ့ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းရှာဖို့လည်း ပြောသွားပါတယ်။

စစ်ခေါင်းဆောင်က လက်နက်စွန့်ဖို့ ပြောနေတဲ့မြောက်ပိုင်း ညီနောင် မဟာမိတ်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က ရှမ်းမြောက်က စစ်ကောင်စီ တပ်ရဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် လောက်ကိုင်၊ ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ မုံကိုး၊ လားရှိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း တို့ကို သိမ်းပိုက်ထားနိုင်ပါတယ်။

TNLA ကတော့ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို စတဲ့ မြို့ပေါင်း ၁၂ ခုကို သိမ်းပိုက်နိုင်ထားတာပါ။

အာရက္ခတပ်တော် (AA) ကတော့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲ၊ ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားနိုင်ပြီး ဒီဇင်ဘာ (၈) ရက်က မောင်တောမြို့ နယ်ခြားစောင့်တပ် (နခခ-၅)ကို သိမ်းထားပါတယ်။

လက်ရှိမှာ အေအေဟာ အမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်နေပါတယ်။