ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟူသီ စစ်ရေးပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့ ညလုံးပေါက် တိုက်ခိုက် - ဇန်နဝါရီ ၁၂ ရက် နိုင်ငံတကာ ထိပ်တန်းသတင်း
အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်နိုင်ငံထဲက ဟူသီတွေရဲ့ စစ်ရေး ပစ်မှတ် ၆၀ ကျော်ကို မနေ့ ကြာသပတေး တစ်ညလုံးလိုလို ဝေဟင်က လေကြောင်း တိုက်ခိုက်တာတွေ လုပ်ခဲ့သလို၊ ပင်လယ်ပြင်ကနေလည်း ပစ်ခတ်ခဲ့ပါတယ်။
ပင်လယ်နီထဲ ဖြတ်သန်းနေကြတဲ့ နိုင်ငံတကာ ကုန်တင်သင်္ဘောတွေကို ဟူသီတွေက တိုက်ခိုက်နေတာကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က အခုလို စစ်ရေး အရ အရေးယူလာတာ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအောက်က လက်နက်ကိုင်တပ်များဆိုင်ရာ ဝန်ကြီးဌာနရုံးရဲ့ အကြီးအကဲ ဂျိမ်းစ် ဟီပီက ယီမင်ထဲ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ရေး ပဋိပက္ခ ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ် ရှိပေမဲ့၊ မဖြစ်မနေ လိုအပ်တဲ့ အတိုင်းအတာထိ အင်အားကို ချိန်ဆပြီး လုပ်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ရေး ပိုပြီး ကျယ်ပြန့် ပြင်းထန်လာနိုင်တဲ့ အန္တရာယ် အပေါ် အမြဲပဲ ထည့်သွင်း စဉ်းစားပါတယ်။ ဒါ့ကြောင့်လည်း ယူကေနဲ့ ယူအက်စ် နိုင်ငံခြားရေး ဝန်ကြီးတွေ အဲဒီ ဒေသတွင်း နိုင်ငံတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း အတော်လေး နေရာအနှံ့ လှည့်လည်ပြီး ဆွေးနွေးတာတွေ ပြုလုပ်ခဲ့တာကို သတိထားမိမှာပါ။
အရှေ့အလယ်ပိုင်း ဒေသနဲ့ အာရပ်ကမ္ဘာတခွင်က မဟာမိတ်တွေ၊ စကားပြောဘက်တွေနဲ့ အမြဲ စကားပြောဆိုနေပြီး၊ သူတို့ရဲ့ အမြင်တွေကိုလည်း နားလည်အောင် ကြိုးစားထားပါတယ်” လို့ မစ္စတာ ဟီပီက ပြောသွားပါတယ်။
စစ်ရေး ပိုပြီး ပြင်းထန် ကျယ်ပြန့်လာနိုင်လား
ဟူသီခေါင်းဆောင် မိုဟာမက်ဒ် အယ်လ်-ဘူခါအီတီကတော့ အမေရိကန်နဲ့ ဗြိတိန်တို့ အနေနဲ့ ယီမင်ထဲ ကျူးလွန်တာဟာ သူတို့ သမိုင်းတလျှောက် အရူးမိုက်ဆုံးနဲ့ အမှားယွင်းဆုံး လုပ်ရပ် ဖြစ်ကြောင်း မကြာခင် သိရစေ့မယ် ဆိုပြီး တုံ့ပြန် သတိပေးပါတယ်။
ဟူသီတွေဟာ ဂါဇာထဲက ပါလက်စတိုင်းတွေကို ဆက်လက် ထောက်ခံသွားမှာ ဖြစ်ပြီး၊ ပင်လယ်နီထဲမှာ သင်္ဘာတွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့လည်း ကတိပြု ပြောဆိုပါတယ်။
ဟူသီဘက်က အတည်ပြုချက်အရ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုကြောင့် ဟူသီတိုက်ခိုက်ရေးသမား ၅ ယောက်သေဆုံး၊ ၆ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဆိုပါတယ်။ ဟူသီအဖွဲ့ ကာလတာရှည် ကျောထောက် နောက်ခံ ပြုပေးနေတဲ့ အီရန်က အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုတွေဟာ နိုင်ငံတစ်ခုရဲ့ အချုပ်အခြာ ပိုင်နက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲဆိုပြီး ပြစ်တင်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စ မော်နင်းကလည်း ….
“တရုတ်နိုင်ငံ အနေနဲ့ ပင်လယ်နီထဲမှာ စစ်ရေး အခြေအနေတွေ ပိုပြီး ဆိုးရွား တင်းမာလာမှာကို မမြင်တွေ့လိုပါဘူး။ ပင်လယ်နီ လမ်းကြောင်းဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ စွမ်းအင်လောင်စာ သယ်ပို့ရေးမှာ အရေးပါတဲ့ နေရာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရေကြောင်းလမ်းရဲ့ လုံခြုံရေးကို အားလုံး ဝိုင်းပြီး စောင့်ရှောက်ကြဖို့နဲ့ အရပ်ဘက် သင်္ဘောတွေကို အန္တရာယ်ပြုခြင်း အပေါ် ရှောင်ကြဥ်ကြဖို့ လိုပါတယ်” ဆိုပြီး ပြောပါတယ်။
ICJ ရှေ့မှောက် အစ္စရေး တုံ့ပြန် ထွက်ဆို
ဂါဇာထဲ အစ္စရေး ကျူးလွန်နေတာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် အထိ မြောက်တယ် ဆိုပြီး တောင်အာဖရိက နိုင်ငံရဲ့ တရားစွဲဆို လျှောက်ထားမှုကို ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ICJ ရှေ့မှောက် ကြားနာပွဲ လုပ်နေတာမှာ ဒီနေ့ဟာ အခုတချီရဲ့ ဒုတိယ မြောက် နေ့လည်း ဖြစ်၊ နောက်ဆုံး နေ့လည်း ဖြစ်ပါတယ်။
ဒီ ဒုတိယ နေ့မှာတော့ အစ္စရေးဘက်က တုံ့ပြန်ချက်တွေ ပေးခဲ့ပါတယ်။ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဥပဒေ အကြံပေး တဲလ်ဘက်ကာက သူ့ရဲ့ အဖွင့် ပြောဆိုချက်ထဲ အခုလို ဆိုပါတယ်။
“တစ်ဘက်က လျှောက်ထားသူတွေဟာ ရုံးတော် ရှေ့မှောက် မှားယွင်း ပုံပျက်နေတဲ့ အချက်အလက်တွေနဲ့ မဆီလျော်တဲ့ ဥပဒေကြောင်း ကိုးကားမှုတွေ တင်သွင်းထားတာ ဖြစ်ပါတယ်။ လက်ရှိ ပေါ်ပေါက်နေတဲ့ ဖြစ်ရပ်တွေရဲ့ သရုပ်သကန် အမှန်တွေအပေါ် ပုံဖျက်ပြီး ကြံရွယ်ချက်ရှိရှိ ပြုမူလာတာ ဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။
တောင်အာဖရိကနိုင်ငံက ICJ ကို တောင်းဆိုတာတွေထဲ အစ္စရေးရဲ့ စစ်ရေး ကျူးလွန် တိုက်ခိုက်နေတာတွေကို ရပ်တန့်စေတဲ့ တားဆီးအမိန့် ထုတ်ပြန်ပေးပြီး၊ ပါလက်စတိုင်း ပြည်သူတွေကို အကာအကွယ်ပြုပေးရေး အချက်တွေ ပါဝင်ပါတယ်။
ထိုင်ဝမ်ရဲ့ သမ္မတ ရွေးကောက်ပွဲ အကြိုနေ့ မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ ပြုလုပ်
ထိုင်ဝမ်မှာတော့ သမ္မတ ရွေးကောက်ပွဲ အကြိုနေ့ ဒီကနေ့မှာ၊ ဝင်ပြီး အရွေးခံ ကြမယ့် သမ္မတလောင်းတွေဟာ နောက်ဆုံး တချီ မဲဆွယ်ပွဲတွေကို အင်နဲ့အားနဲ့ ပြုလုပ် နေခဲ့ကြပါတယ်။ ဒါ့ကြောင့် လူအများအပြား ပါဝင်တဲ့ စုဝေးပွဲတွေ၊ လှည့်လည် ချီတက်ပွဲတွေ ပေါ်ပေါက် ခဲ့ပါတယ်။
မနက်ဖြန်ဆိုရင် ထိုင်ဝမ် မဲဆန္ဒရှင် သန်း ၂၀ နီးပါးဟာ မဲရုံတွေကို သွားပြီး သမ္မတသစ်နဲ့ လွှတ်တော် အမတ်တွေကို ရွေးချယ် တင်မြှောက်ကြတော့မှာပါ။ ထိုင်ဝမ်မှာ ဝင်ပြီး အရွေးကောက်ခံတဲ့ သမ္မတလောင်း ၃ ဦး ရှိနေပါတယ်။
ထိုင်ဝမ်ကို ပိုင်နက်နယ်မြေ တစ်ခု အဖြစ်သာ သတ်မှတ်ထားတဲ့ တရုတ်ပြည်မကြီး အစိုးရကလည်း ဒီ ရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့် နေရုံမက၊ ထိုင်ဝမ် သီးသန့် လွတ်လပ်ရေး ဝါဒီ ဝီလျံလိုင်ကို မဲမထည့်ဖို့ အထိ ပေါ်ပေါ်ထင်ထင် ပြောဆိုတာမျိုး ပြုလုပ်ထားပါတယ်။
ရွေးကောက်ပွဲ နိုင်မယ်ဆိုပြီး တစ်ပြေးနေတဲ့ လက်ရှိ အာဏာရ ဒီမိုကရက်တစ် တိုးတက်ပါတီရဲ့ သမ္မတလောင်း ဝီလျံလိုင်ကတော့ အခု ရွေးကောက်ပွဲဟာ ထိုင်ဝမ် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကြား ရွေးချယ် ကြရမှာလို့ ဆိုပါတယ်။