ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထိုင်း မီးပန်းသိုလှောင်ရုံပေါက်ကွဲမှု လူ ၉ ဦး သေဆုံး - ဇူလိုင် ၂၉ ရက်ညပိုင်း နိုင်ငံတကာသတင်းများ
ထိုင်းနိုင်ငံတောင်ပိုင်းက မီးရှူးမီးပန်း သိုလှောင်ရုံတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပြီး တစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။
ဆန်ဂေးမြို့က အဲဒီသိုလှောင်ရုံအတွင်း ဂဟေဆော်ရာကနေ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။
ပေါက်ကွဲမှုပြင်းအားကြောင့် အဲဒီမှာ ရှိတဲ့ စျေးဆိုင်၊ နေအိမ်တွေနဲ့ မော်တော်ယာဉ်တွေရဲ့ ပြတင်းပေါက်တွေ ကွဲကုန်သလို အမိုးတွေလွင့်ထွက်၊ နံရံတွေ ပြိုကျခဲ့ပုံတွေကို မီဒီယာ သတင်းဌာနတွေက ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
နီဂျဲမှာ အာဏာသိမ်းစစ်သားတွေ ၁၅ ရက်အတွင်း စစ်တန်းလျား ပြန်ကြဖို့ အာဖရိကသမဂ္ဂ တောင်းဆို
နီဂျဲနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ စစ်သားတွေကို လာမယ့် ၁၅ ရက်အတွင်း စစ်တန်းလျား ပြန်ပို့ဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ပြန်ဆောင်ရွက်ဖို့ AU အာဖရိက သမဂ္ဂက တောင်းဆိုလိုက်ပါတယ်။
AU အာဖရိကသမဂ္ဂရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဒီစစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ဝေဖန် ရှုတ်ချထားပါတယ်။
ဒီအတောအတွင်းမှာပဲ ဥရောပသမဂ္ဂ သံတမန်တွေကလည်း နီဂျဲနိုင်ငံနဲ့ စီးပွားရေး လုံခြုံရေး ပူးပေါင်း ဆောင်ရွက်နေမှုတွေကို ချက်ချင်း ဆိုင်းငံ့လိုက်ပါတယ်။
နီဂျဲနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ကလည်း နီဂျဲနိုင်ငံရဲ့ စီးပွားရေး လုံခြုံရေး လုပ်ငန်းတွေအတွက် အမေရိကန်က ဒေါ်လာ သန်းရာပေါင်းများစွာ ထောက်ပံ့ ဆောင်ရွက်နေကြောင်းနဲ့ အခုပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် ဒါတွေ ထိခိုက် ပျက်ပြားခဲ့ရကြောင်း၊ ဒါ့ကြောင့် ဒီလုပ်ရပ်ကို ချက်ချင်း ပြင်ဆင်ဖို့ လိုနေတယ် လို့ အစောပိုင်းတုန်းက ပြောသွားပါတယ်။
ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ မိုဟာမက် ဘက်ဇွန်းနဲ့လည်း သူစကားပြောခဲ့ပြီး ဖြစ်ကြောင်းနဲ့ မစ္စတာ ဘက်ဇွန်းအပေါ် အမေရိကန် အစိုးရက ထောက်ခံအားပေးမှုတွေ ဆက်လုပ်သွားမယ်ဆိုတာကို အာမခံ ခဲ့တယ်လို့ လည်း ပြောပါတယ်။
ဘယ်လာရုစ်ဟာ ဗာဂနာကြေးစားတပ်ဖွဲ့ကို သုံးပြီး ရုရှားနဲ့ ပူးပေါင်း စစ်ဆင်နွှဲနေတယ်လို့ ပိုလန်စွပ်စွဲ
ဘယ်လာရုစ်အစိုးရဟာ ရုရှား ဗာဂနာ ကြေးစားတပ်ဖွဲ့ဝင်တွေကို သုံးပြီး ပူးပေါင်းစစ်ပွဲ ဆင်နွှဲနေတယ်လို့ ပိုလန်အစိုးရက စွပ်စွဲပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက တပ်တွင်းပုန်ကန်မှု မအောင်မမြင် ဖြစ်ခဲ့အပြီး ဘယ်လာရုစ်နိုင်ငံကို ရွှေ့ပြောင်း သွားခဲ့တဲ့ ဗာဂနာ တပ်ဖွဲ့ဝင် ၁၀၀ လောက်ဟာ အခုအခါ ပိုလန်နဲ့ လစ်သူယေးနီးယားနိုင်ငံအကြား နယ်စပ်နားမှာ ရောက်နေကြတယ် ဆိုတာကို သူသိထားရတယ်လို့ ပိုလန်ဝန်ကြီးချုပ် မက်တေယုရှ် မိုရာယက်ဗ်စကီ က ပြောပါတယ်။
ဒီတပ်ဖွဲ့ဝင်တွေဟာ အီးယူ ဥရောပသမဂ္ဂနိုင်ငံတွေထဲ တရားမဝင် ဝင်ရောက်မယ့် ရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘယ်လာရုစ် နယ်ခြားစောင့်တပ်ဖွဲ့တွေအဖြစ် ဒါမှမဟုတ် သူတို့ကိုယ်တိုင် ရွှေ့ပြောင်းဒုက္ခသည်တွေအဖြစ် ဟန်ဆောင်ပြီး ဥရောပသမဂ္ဂနိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေဖွယ် ရှိတယ်လို့ သူက ပြောပါတယ်။
သူ့စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ မိုရာယက်ဗ်စကီ အနေနဲ့ သက်သေအထောက်အထား ချပြတာမျိုးတော့ မရှိခဲ့ပါဘူး။
တရုတ်နိုင်ငံမြောက်ပိုင်းမှာ ဒေါ့ခ်ဆူရီ မုန်တိုင်း အနီရောင် သတိပေးချက် ထုတ်ပြန်
တရုတ်နိုင်ငံ မြောက်ပိုင်းတလျှောက် ဒေါ့ခ်ဆူရီ မုန်တိုင်း ရွေ့လျား ဝင်ရောက်လာတဲ့အတွက် ဘေဂျင်းမြို့တော်နဲ့ အနီးတစ်ဝိုက်က ပြည်နယ်တွေမှာ မိုးမုန်တိုင်းတွေ ပြင်းပြင်းထန်ထန် ကျရောက်နိုင်ကြောင်း အနီရောင် သတိပေးချက်တစ်ရပ် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
တချို့ဒေသတွေမှာ မိုးရေချိန်နှုန်းဟာ တစ်နာရီကို တစ်ရာ မီလီမီတာနှုန်း အထိ ရွာသွန်းနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ဘေဂျင်းမြို့တော်မှာ အာဏာပိုင်တွေက အဆောက်အဦအတွင်း၊ အပြင် အားကစားပွဲမှန်သမျှကို ဆိုင်းငံ့ထားလိုက်ပြီး ရေကြီးမှု ကာကွယ်ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို တိုးမြှင့်ချထားလိုက်ပါတယ်။
နိုင်ငံအရှေ့တောင်ပိုင်း ဖန်ပြည်နယ်ကို ဝင်ရောက်ခဲ့ပြီးကတည်းက ဒေါ့ခ်ဆူရီ မုန်တိုင်း အရှိန်လျော့သွားပေမဲ့လည်း မုန်တိုင်းရဲ့ ရိုက်ခတ်မှုက အဆုံးသတ်ဦးမှာ မဟုတ်သေးဘူးလို့ တရုတ် မိုးလေဝသဦးစီးဌာနက သတိပေးထားပါတယ်။