ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အကြီးအကျယ် သပိတ်မှောက်နေကြတဲ့ အစ္စရေးနဲ့ ဂျာမနီက သတင်းတွေ - မတ်လ ၂၇ ရက် ညပိုင်း နိုင်ငံတကာ သတင်း
ဘင်ဂျမင် နာတန်ရာဟု အစိုးရ အကျပ်အတည်းဆိုက်နေ
တရားရေး ကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လုပ်နေတာကို ကန့်ကွက် ဆန္ဒပြနေကြတာကြောင့် ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ရာဟု ဦးဆောင်တဲ့ အစ္စရေး ညွန့်ပေါင်းအစိုးရဟာ ကသောင်းကနင်း အခြေအနေတွေကို ကြုံနေရပါတယ်။
မစ္စတာ နာတန်ရာဟုအစိုးရ ရဲ့ အမျိုးသား လုံခြုံရေး ဝန်ကြီး အီတာမာ ဘန် ဂဗာက "မင်းမဲ့ ဝါဒီတွေ" ကို အညံ့မခံဖို့နဲ့ ပြောင်းမယ်ဆိုတဲ့ဟာတွေကို ရှေ့တိုးပြီး ဆက်လုပ် ဖို့ တိုက်တွန်းနေပါတယ်။
ဒီပြုပြင်ပြောင်းလဲရေးတွေကို ရပ်ဆိုင်းဖို့ ပြောတဲ့ ကာကွယ်ရေးဝန်ကြီးကို မနေ့ တနင်္ဂနွေနေ့မှာ မစ္စတာ နာတန်ရာဟုက အလုပ်ကနေ ဖြုတ်ပစ်လိုက်ပါတယ်။
ဒီပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဥပဒေကို ဝန်ကြီးချုပ်က ရွှေ့ဆိုင်းလိမ့်မယ်လို့ ပြီးခဲ့တဲ့ အချိန်ပိုင်းက သတင်းထွက်ခဲ့ပေမယ့် အဲဒီလို လုပ်ရင် သူရဲ့ အစိုးရ ကွဲပြဲမယ့် အန္တရာယ်ရှိတဲ့အတွက် ဝန်ကြီးချုပ်ဟာ အဲဒီ ရွှေ့ဆိုင်းမယ်ဆိုတဲ့ ကြေညာချက် လုပ်ဖို့ နောက်တွန့်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။
အစိုးရကလုပ်ဖို့ ပြင်နေတဲ့ တရားရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို တပြည်လုံး ဆန့်ကျင်ဆန္ဒပြဖို့ အစ္စရေးရဲ့ အဓိက အလုပ်သမားသမဂ္ဂတွေက လှုံ့ဆော်နေပြီး နိုင်ငံတဝန်းက ဆိုင်တွေ၊ ဘဏ်တွေ စပြီး ပိတ်နေကြပါပြီ။
တဲလ်အဗစ်မြို့မှာရှိတဲ့ ဘင်ဂူရီယန် လေဆိပ်ကြီးက လေကြောင်းခရီးစဉ်တွေလည်း ရပ်နားနေပါပြီ။
ဟိုင်ဖာနဲ့ အက်ရှ်ဒွန်လို အဓိက ဆိပ်ကမ်းတွေလည်း အလုပ် ရပ်နားနေပါတယ်။
ဆရာဝန်များ အစည်းအရုံးနဲ့ ဒေသ အာဏာပိုင် ရုံးတွေကလည်း အထွေထွေ သပိတ် ကို ပူးပေါင်းကြလိမ့်မယ်လို့ ဒေသတွင်း မီဒီယာတွေက သတင်းပို့နေပါတယ်။
ဂျာမနီက အများပြည်သူသုံး ခရီးသွားလာရေးစနစ်တွေ ရပ်ဆိုင်းနေ
လစာတိုးမြှင့်ပေးဖို့ နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂ ၂ ခုက သပိတ်မှောက်ကြတဲ့အတွက် ဂျာမနီမှာ အများပြည်သူ သွားလာတဲ့ ခရီးသွားလာရေး စနစ် အများစု ရပ်ဆိုင်း နေပါတယ်။
လေဆိပ်တွေ၊ ရထားဌာနတွေ၊ ဆိပ်ကမ်းတွေ၊ ဘတ်စ်ကားတွေ၊ မြေအောက် ရထားလိုင်းတွေက ဝန်ထမ်းတွေ ၂၄ နာရီ သပိတ်မှောက် ဆန္ဒပြ နေကြတာပါ။
အခု ထိုးတက်လာနေတဲ့ အစားအစာစျေးနဲ့ လောင်စာစျေးတွေကို ခံသာစေဖို့အတွက် လခ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ သူတို့က တောင်းဆိုနေပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်းမှာ ဥရောပက အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ဒီ ဂျာမနီနိုင်ငံ ဟာ ဆန္ဒပြပွဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။
အလုပ်ရှင်တွေနဲ့ နောက်တကျော့ဆွေးနွေးမှု မတိုင်မီ ဖိအားပေးချင်တဲ့အတွက် ဒီ သပိတ် တွေကို လုပ်တာလို့ အလုပ်သမား သမဂ္ဂတွေက ပြောပါတယ်။
ဘီလျံနာ ဂျက်မား တရုတ်နိုင်ငံတွင်း အများပြည်သူရှေ့မှာ ပြန်ပေါ်လာ
အစိုးရနဲ့ အဆင်မပြေမှုတွေ ဖြစ်ပြီး လူမြင်ကွင်းကနေ ပျောက်နေတဲ့ တရုတ် ဘီလျံနာ ဂျက်မားဟာ တရုတ်နိုင်ငံတွင်းတနေရာက အများပြည်သူရှေ့မှာ ပြန်ပေါ်လာ ပါတယ်။
ဟန်ဂျောင်းမြို့မှာ သူ ကူညီတည်ထောင်ထားတဲ့ ကျောင်းတခုကို မစ္စတာ မား သွားရောက် လည်ပတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က သူဟာ နိုင်ငံခြားမှာ သွားနေခဲ့တဲ့ပုံရပါတယ်။
စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ကောင်းမွန်တဲ့ အခင်းအကျင်း ဖန်တီးပေးမယ်လို့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ဆွဲဆောင်စည်ရုံးဖို့ တရုတ်ခေါင်းဆောင်တွေက မကြာသေးခင် ကာလပိုင်းအတွင်းကစလို့ ကြိုးစားနေတာပါ။
မစ္စတာ မားဟာ အစိုးရရဲ့ အဲဒီဆောင်ရွက်မှုတွေနဲ့ ဆက်စပ်ပြီး တရုတ်ကို ပြန်လာပုံရပါတယ်။
အရင်အချိန်က တရုတ်ရဲ့ စည်းမျဉ်းချုပ်ကိုင်သူတွေကို သူ ဝေဖန်ခဲ့ပြီးတဲ့နောက်ပိုင်း သူ့ရဲ့ အင်တာနက် ကုမ္ပဏီ တခု အများပိုင်လုပ်မယ့်အစီအစဉ်ကို ၂၀၂၀ ခုနှစ်မှာ ရပ်နား ခဲ့ရပါတယ်။