ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ်လ ၁၈ ရက်ထိပ်တန်းသတင်းများ - ထိုင်းမှာ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုနဲ့ မြန်မာအမျိုးသမီးတစ်ဦး ဖမ်းခံရ
ထိုင်းနိုင်ငံရဲ့ ဆိုက်ဘာမှုခင်း စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) ကနေ စုံစမ်းဖော်ထုတ်နေတဲ့ “လိမ်လည်လှည့်စားသူတွေကို အမဲလိုက်ခြင်း” လို့ အမည်ရတဲ့ စစ်ဆင်ရေးမှာ ဖမ်းဆီးထားသူတွေထဲ မြန်မာအမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း မနေ့ သြဂုတ် ၁၇ ရက်ကပြုလုပ်တဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
သံသယရှိတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဘန်ကောက်မြို့လယ်ဖြစ်တဲ့ ရာမ ၉ လမ်း၊ Asok မှာတည်ရှိတဲ့ ဇိမ်ခံကွန်ဒိုမှာ ဖမ်းဆီးရမိတာဖြစ်ပြီး ငွေသား ဘတ် ၄ ဒသမ ၄ သန်းအပါအဝင် ဘဏ်စာအုပ် ၁၇ အုပ်၊ ATM ကတ် ၂၀ နဲ့ နာမည်ကြီးအမှတ်တံဆိပ်လက်ကိုင်အိတ်တွေကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
မနန်းမိုးမိုးအေးဟာ ကွန်ပျူတာအချက်အလက်တွေကို ထိန်းချုပ်ကာ တစုံတယောက် ဒါမှမဟုတ် အများပြည်သူကို ထိခိုက်အောင်လုပ်ဆောင်တာအပါအဝင် ငွေကြေးခဝါချမှု ကျူးလွန်ဖို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာကြောင့် သူ့ကို ခွန်ကန်ခရိုင် (Khon Kaen) တရားရုံးမှာ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုနဲ့ တိုင်ကြားထားပါတယ်။
ဒါဟာ ထိုင်းနိုင်ငံတဝန်းက ၂၉ နေရာကို ဝင်ရောက်စီးနင်းပြီး ထိုင်းရဲတွေ ဖော်ထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေ ကြိုးကိုင်တဲ့ Call Center လုပ်ငန်းတွေကတစ်ဆင့် ကြီးမားတဲ့ငွေကြေးလိမ်လည်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ ဖမ်းဆီးမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းက ပို့လိုက်တဲ့ ပါဆယ်ထုတ်ကို မသင်္ကာလို့ စစ်ဆေးရာကနေ ဒီအမှုကို ဖော်ထုတ်ခဲ့တာလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီနောက် သြဂုတ် ၁၂ ရက်နေ့မှာ ငွေကြေးလိမ်လည်ဂိုဏ်းရဲ့ ငွေစာရင်းတာဝန်ခံတွေအပါအဝင် တရားခံ ၁၀ ဦးကို ကနဦးဖမ်းဆီးရမိပြီးနောက် ဘန်ကောက်၊ ပထုမ်သာနီ၊ ချောင်ဘူရီစတဲ့ မြို့သုံးမြို့က သံသယရှိသူတွေရဲ့ နေရာကို မနေ့က စီးနင်းခဲ့တာလို့ CCIB က ပြောပါတယ်။
ဒီလိုကွင်းဆက်လိုက်လံဖမ်းဆီးရာကနေ ဘန်ကောက်မြို့ပေါ်မှာ အဲဒီမြန်မာအမျိုးသမီးကိုပါ ဆက်ဖမ်းဆီး မိခဲ့တာဖြစ်ပါတယ်။ ဒီငွေလိမ်ဂိုဏ်းဟာ ၂၀၂၂ နှစ်ကုန်ပိုင်းကနေ အခုထိ ဘတ်သန်း ၃၀၀ ကျော် လိမ်လည်ထားတယ်လို့ CCIB ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောသွားပါတယ်။
ရန်ကုန် - မန္တလေးကုန်တင်ရထား ပဲခူးမှာ မိုင်းဆွဲခံရ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အပိုင် တောကျွဲအင်းမြို့နဲ့ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ကြားမှာ ရန်ကုန် - မန္တလေးကုန်တင်ရထား ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲခံရပြီး တိမ်းမှောက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"အသံ ၃ ချက်ကြားတယ်။ ပြီးတော့ ရထားမှောက်တယ်တဲ့။ အရင်ခေတ်တွေကပဲ ဒါမျိုးဖြစ်ခဲ့ဖူးတာ၊ အာဏာသိမ်းပြီးနောက် ပထမဆုံးပဲ" လို့ ကျောက်တံခါးဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
မန္တလေးကနေ ရန်ကုန်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကုန်တင်မီးရထားကို ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က မိုင်းဆွဲခဲ့တာလို့ စစ်ကောင်စီအသိုင်းအဝိုင်းက ပြောကြပါတယ်။ ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ဒီဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်မယ်လို့ ပြောပါတယ်။
အခု သြဂုတ်လထဲမှာပဲ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းရွာမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်ခဲ့သလို ဖြူးမြို့နယ် ကြာအင်းကျေးရွာတွေဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
မြန်မာ့အရေးမအောင်မြင်လို့ ဥက္ကဋ္ဌသက်တမ်းမကုန်ခင် ထိရောက်အောင်လုပ်ဖို့ အင်ဒို ကို APHR တိုက်တွန်း
အင်ဒိုနီးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ရှိနေတဲ့သက်တမ်းမကုန်ဆုံးခင်မှာ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ထိရောက်အောင်လုပ်ဆောင်ဖို့လိုတယ်လို့ အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ ( APHR) က သြဂုတ် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ညီလာခံမှာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက "လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု'' တို့ကို တစိုက်မတ်မတ် လက်ကိုင်ထားလုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှုတိုးလာတယ်လို့ ပြောခဲ့တာပါ။
ဒီအချိန်မှာပဲ APHR ဘုတ်အဖွဲ့ဝင် မလေးရှားနိုင်ငံက လွှတ်တော်အမတ် Wong Chen က အင်ဒိုနီးရှားအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်လုပ်ဆောင်နိုင်မှုအပေါ် နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင်လုပ်ဆောင်နိုင်ခဲ့တာကို အသိအမှတ်ပြုပေမဲ့ မြန်မာအရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကိစ္စတွေ ဆောင်ရွက်ချက်မှာတော့အောင်မြင်မှုမရခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီ က ပြီးခဲ့တဲ့ မေလအတွင်း မြန်မာ့အရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ - NUG၊ စစ်ကောင်စီ အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အစည်းတွေနဲ့ အကြိမ် ၆၀ ထက်မနည်း တွေ့ဆုံတဲ့အကြောင်း ပြောထားပေမဲ့ ပွင့်လင်းမြင်သာမှုမရှိခဲ့သလို အနည်းငယ်သာ လုပ်ဆောင်နိုင်တဲ့ အခြေအနေရှိတယ်လို့ လည်းပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း တားဆီးနိုင်တာမရှိခဲ့ဘူးလို့လည်းထောက်ပြထားပါတယ်။
အင်ဒိုနီးရှားရဲ့ လုပ်ဆောင်နိုင်စွမ်းမရှိမှုက စစ်ကောင်စီ နဲ့ သူ့မိတ်ဖက်နိုင်ငံတွေကြား ဆက်ဆံရေးကိုတိုးမြှင့်စေလာပြီး အာဆီယံရဲ့ လုပ်နိုင်စွမ်းကိုမှေးမှိန်လာစေတယ်လို့ ထိုင်း အစိုးရကကြားဝင်ခဲ့တဲ့ မြန်မာ့အရေးအစည်းအဝေးတွေ ကို ဥပမာပေးပြီး ဝေဖန်ထားပါတယ်။
အင်ဒိုနီးရှားအနေနဲ့ APHR နဲ့ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ အာဆီယံဘုံ သဘောတူညီချက်ငါးချက်ကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတဲ့အချက်ကို လက်ခံသင့်တယ်လို့ လည်း ထုတ်ပြောပါတယ်။
အကူအညီလိုအပ်နေသူ ၁၈ သန်းအတွက် ရန်ပုံငွေတိုးမြှင့်ကူညီမယ်လို့ UNOCHA ပြော
မြန်မာမှာ အကူအညီပေးရေးတွေတိုးမြှင့်လုပ်ဆောင်ခွင့်ရဖို့နဲ့ လူဦးရေ ၁၈ သန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီရန်ပုံငွေတိုးမြှင့်ပေးကြဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths က တောင်းဆိုထုတ်ပြန်ပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက် ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်ကြရတဲ့လူဦးရေ ၄ သိန်း နီးပါးရှိရာကနေ အခုဆိုရင် ၁ ဒသမ ၉ သန်းအထိ ဖြစ်လာပြီး လွန်ခဲ့တဲ့ ၃ နှစ်ကထက် ၅ ဆတိုးလာတယ်လို့ ဆိုပါတယ်။
မြန်မာခရီးစဉ်အတွင်း မစ္စတာ Griffiths ဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီး ရခိုင် နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပါအဝင် ပဋိပက္ခ နဲ့ သဘာဝဘေးဒဏ်သင့် မိသားစုတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းလည်း ထည့်ပြောပါတယ်။
ပဋိပက္ခတွေကြောင့် တိုင်းပြည် လူထုရဲ့ သုံးပုံတပုံဟာ စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေသလို ပြည်သူတွေကလည်း တိုင်းပြည်မှာ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပိုပြီး ကူညီလုပ်ဆောင်ပေးကြဖို့ မျှော်လင့်နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပြီးထိခိုက်နစ်နာနေရသူတွေအတွက် တိုက်ရိုက်ထောက်ပံ့နိုင်တဲ့ အတိုင်းအတာကို တိုးမြှင့်နိုင်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးမှာလိုအပ်နေတာတွေကိုဆွေးနွေးခဲ့တယ်လို့လည်းဖော်ပြပါတယ်။
''မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ဖြစ်နေတဲ့ အကျပ်အတည်းတွေကြောင့် လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်”
“သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေဆီကနေ ပိုကောင်းတာတွေရဖို့ မျှော်လင့်နေကြပါတယ်” လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲ မစ္စတာ Griffiths က ထည့်ပြောပါတယ်။
မစ္စတာ Griffiths ရဲ့ ထုတ်ပြန်ချက်ထဲ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အရပ်သားတွေ ကြုံတွေ့ နေရတဲ့ အန္တရာယ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေမှာ တင်းကျပ်ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးအတားအဆီးတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင်ကူအညီလိုအပ်နေသူတွေ ရင်ဆိုင်နေရတဲ့ အကန့်အသတ်တွေအတွက်လည်း စိုးရိမ်ကြောင်းထုတ်ပြောပါတယ်။
UNOCHA အကြီးအကဲရဲ့ အပြောအရ မြန်မာကိုအကူအညီပေးရေးအတွက် ရန်ပုံငွေရရှိမှု လိုအပ်နေပြီးလက်ရှိမှာ တောင်းဆိုထားတဲ့ ရန်ပုံငွေရဲ့ ၂၂ ရာခိုင်နှုန်း ပဲရရှိတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ UNOCHA အနေနဲ့ မြန်မာနိုင်ငံတွင်း ကူညီထောက်ပံ့ရေးအတွက်ဘယ်လောက်တောင်းဆိုထားပြီးဘဏ္ဍာငွေ ဘယ်လောက်ရရှိလည်ပတ်နေသလဲဆိုတာကိုတော့ ထည့်သွင်းပြောထားတာမရှိပါဘူး။
ကွတ်ခိုင်၊ မိုင်းယုရွာအနီး TNLA နဲ့ စစ်တပ်တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုကျေးရွာအနီးမှာ မနေ့ သြဂုတ် ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုင်းယုကျေးရွာဟာ TNLA ရဲ့ တပ်မဟာ ၅ စစ်ဒေသထဲမှာ ပါဝင်တာလည်းဖြစ်ပါတယ်။
"၆ လပိုင်းအကုန် ၇ လပိုင်းလောက်ကတည်းက ကွတ်ခိုင်ဘက်မှာ တိုက်ပွဲဆက်တိုက်ဖြစ်နေတာပါ။ သူတို့ဘာကြောင့် တပ်အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလည်းမသိဘူး။ ဒီမနက်တော့ တိုက်ပွဲမရှိပါဘူး" လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ရမခ၊ ခလရ ၄၅ တပ်တွေဟာ ကွတ်ခိုင်မြို့နယ်ထဲက ရင်ကွဲတောင်ကနေ မိုင်းယုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် TNLA တပ်မဟာ ၁ ၊ တပ်ရင်း ၈၇၆ နဲ့ အခုလိုတိုက်ပွဲဖြစ်ခဲ့တာလို့ TNLAရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွား ချိန်အတွင်း နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်း ၁၂၃ ကလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခဲ့တယ်လို့ လည်း ဆိုပါတယ်။
TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိတဲ့ လားရှိုး၊ မူဆယ်ဘက်မှာတော့ ဒီရက်ပိုင်းတိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်ကနေ သြဂုတ်လ ၁၇ ရက်အတွင်း နှစ်ဖက်တိုက်ပွဲ ၁၃ ကြိမ်အထိဖြစ်ခဲ့ပြီး အရပ်သားဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်းရှိတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
တဖက်စစ်ကောင်စီကတော့ TNLA နဲ့ တိုက်ပွဲတွေအကြောင်း ဒီကနေ့မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။
ချင်းတွင်းမြစ်ကမ်းတစ်လျှောက် ကျေးရွာတွေစစ်ကြောင်းထိုးခံရလို့ ဒေသခံသောင်းချီထွက်ပြေးနေရ
စစ်ကိုင်းတိုင်း ယင်းမာပင် နဲ့ ကနီနယ်ထဲ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒေသခံသောင်းချီ တိမ်းရှောင်နေကြရတယ်လို့ ယင်းမာပင်မြို့နယ် စစ်ရှောင်ကူညီသူအချို့ကပြောပါတယ်။
ရိက္ခာနဲ့ စစ်လက်နက်တွေ တင်ဆောင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေ ဟာ ဒီကနေ့ သြဂုတ် ၁၈ ရက်အထိ စစ်ကိုင်း၊ ဟုမ္မလင်းအပါအဝင် ချင်းတွင်းမြစ်အတိုင်း အထက်ဘက်ကို ဆန်တက်နေတာလို့ ဒေသခံအချို့က ပြောပါတယ်။ ဒီရေယာဥ်တွေကို အကာအကွယ်ပေးဖို့မြေပြင်က စစ်ကောင်စီစစ်ကြောင်းတွေက ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ကျေးရွာတွေနဲ့ ဆက်နေတဲ့ ရွာတွေကို ဝင်ရောက်တပ်စွဲတာနဲ့ စစ်ကြောင်းထိုးတာတွေလုပ်နေတာလို့ ဆိုပါတယ်။
'' ကုန်းပေါ်က သစ်နဲ့ တခြားသူတို့ သယ်ချင်တာတွေကို သယ်နိုင်ဖို့နဲ့ သူတို့ စစ်သင်္ဘော သွားနိုင်ဖို့ လုံခြုံရေးယူတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ ထုတာပေါ့။ ပြီးတော့ ရွာတွေထဲ စစ်ကြောင်းနဲ့ ဝင်ပြီး သူတို့ စစ်သင်္ဘော ကို အကာအကွယ်ပေးတာပေါ့'' လို့ ယင်းမာပင်အရှေ့ခြမ်း ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ယင်းမာပင်မြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတွေဖြစ်တဲ့ စေသူ၊သံဘို၊ကွေ့ချောင်း၊ပေပင် နဲ့ ကျောက်မှော် နဲ့ ကနီနယ်ထဲက ကျေးရွာ တွေ အပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းတိမ်းရှောင်နေကြတာဖြစ်ပြီး လူဦးရေ တစ်သောင်းကျော်အထိရှိတယ်လို့ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် သပိတ်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ပုလဲ ၊ယင်းမာပင်နယ်တွေမှာ စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူတွေကို ဓားစာခံ အဖြစ်ခေါ်ဆောင်ပြီးနောက် သတ်ဖြတ်ခံရတာတွေရှိနေလို့ ဒေသခံတွေအနေနဲ့ စစ်ကြောင်းဝင်လာတာနဲ့ ရှောင်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပ.က.ဖ က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကာလအတွင်း ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်သူ ၁ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သြဂုတ် ၂ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
ဖရူဆို၊ ထီးသော်ကူးရွာဘုရားကျောင်း ဗုံးကြဲခံရတယ်လို့ KNDF ပြော
ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာထဲမှာရှိတဲ့ "သနားခြင်းမယ်တော်" ဘုရားရှိခိုးကျောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ သြဂုတ် ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် တိုက်ပွဲပြန်ငြိမ်သက်ချိန်မှာ ကျေးရွာထဲက ဘုရားကျောင်းကို တိုက်လေယာဉ်တစ်စီးနဲ့ လာတိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။
ဒါဟာ ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်ကို စစ်ကောင်စီရဲ့ တပ်မ ၅၅လက်အောက် တပ်ရင်းတွေက စစ်ကြောင်းထိုးလာတာကြောင့် ထွေလီဗီလာ၊ ငွေတောင်ရွာသစ်၊ ကဒါးလား၊ ထီးသော်ကူးစတဲ့ ရွာတွေတလျှောက်မှာ သြဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့တယ်လို့ KNDF က ပြောပါတယ်။
ဒါကြောင့် ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးတလျှောက်ကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုသြဂုတ်လအတွင်း ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးမှာတိုက်ပွဲဖြစ်တာသာမက လွိုင်ကော်မြို့ပတ်လမ်း၊ နမ့်ကွန်စီးကွေ့ဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့သလို မယ်စဲ့၊ ဖားဆောင်းမြို့အစပ်မှာပါ စစ်ရေးတင်းမာနေဆဲလို့ မြေပြင်အခြေအနေသိရှိသူတွေဆီက သိရပါတယ်။