ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါကစ္စတန်က ဗလီပေါက်ကွဲမှု လူပေါင်း ၃၀ ကျော်သေဆုံး
ပါကစ္စတန်နိုင်ငံ၊ ပတ်ရှ်ဝါမြို့က ဗလီတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် လူပေါင်း ၃၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး နောက်ထပ် လူပေါင်း ၁၅၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဗလီအဆောက်အဦရဲ့ တစ်စိတ်တစ်ပိုင်း ပြိုကျခဲ့ပြီး အပျက်အစီးတွေကြား ပိတ်မိတွေသူတွေကို ရှာဖွေ နေပြီလို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူအများစုဟာ ရဲတပ်ဖွဲ့မှာ ပါဝင်သူတွေဖြစ်ကြပြီး ဒါကြောင့်ပဲ အခုလိုပစ်မှတ်ထားတိုက်ခိုက်ခံရတယ်လို့ ယူဆရပါတယ်။
ကနဦးသတင်းတွေအရတော့ ဗုံးခွဲသူဟာ လူတန်း အရှေ့ပိုင်းမှာ ထိုင်နေခဲ့ပြီးနောက် သူ့ကိုယ်သူ ဗုံးခွဲခဲ့တာလို့ဆိုပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့အစည်းကမှလည်း ဒီဗုံးခွဲမှုဟာ သူတို့ လက်ချက်ဖြစ်တယ်ဆိုတာ မပြောသေးပါဘူး။
ပတ်ရှ်ဝါမြို့ ရဲတပ်ဖွဲ့အရာရှိ မဟာမက် အီဂျက်ဇ်ခန်ကတော့ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အဲဒီနေရာမှာ ရဲတပ်ဖွဲ့ဝင် အယောက် ၃၀၀ ကနေ ၄၀၀ ကြားရှိနေခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေကို ပြောထားပါတယ်။
ဝန်ကြီးချုပ် ရှဘက်ဇ် ရှရစ်ဖ်ကတော့ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ပြောထားသလို ဒီဖြစ်ရပ်ကို ကျူးလွန်သူတွေဟာ ဘာသာရေးနဲ့ ဆက်နွယ်စရာအကြောင်းမရှိဘူးဆိုပြီး ပြောထားပါတယ်။
ပေါက်ကွဲမှုဟာ နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ ပတ်ရှ်ဝါမြို့မှာ မွန်းလွဲပိုင်း ဝတ်ပြုချိန်ဖြစ်တဲ့ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘီဘီစီက အတည်ပြုထားနိုင်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ ဗလီ အဆောက်အဦရဲ့ နံရံတစ်ခုဟာ ပြိုကျသွားတာတွေ့ရပြီး လူတွေက အဲဒီအပြိုအပျက်တွေပေါ် တွယ်တက်ကာ လွတ်မြောက်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။
ဗလီအတွင်းမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်ပြီး '' နောက်ထပ်အလောင်းတွေကို ဆွဲထုတ်ထားရတယ်လို့ ပတ်ရှ်ဝါမြို့ ဒုတိယရဲမင်းကြီး ရှာဖူလာခန်းက ပြောပါတယ်။
''လောလောဆယ်မှာတော့ ကျွန်တော်တို့ အဓိကထားလုပ်နေတာက အပျက်အစီးအောက်မှာ ပိနေတဲ့လူတွေကို ကယ်ထုတ်ဖို့ ဖြစ်ပါတယ်'' လို့လည်း မစ္စတာခန်းက ပြောပါတယ်။
ပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့သူတွေထဲက အချို့ဟာ စိုးရိမ်ရတယ်လို့ ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ လေဒီ ရီဒင် ဆေးရုံရဲ့ ပြောခွင့်ရသူ မဟာမက် အဆင်း က ပြောပါတယ်။
လက်ရှိမှာ လေဒီ ရီဒင် ဆေးရုံဟာ အရေးပေါ် အခြေအနေ ကြေညာထားသလို ပေါက်ကွဲမှုမှာ ဒဏ်ရာရသူတွေ ရောက်လာနေဆဲဖြစ်လို့ သွေးလည်း အလှူခံနေပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အရင်တုန်းက ဖြစ်ပွားခဲ့ဖူးတဲ့ တိုက်ခိုက်မှုတွေမှာတော့ ပါကစ္စတန် တာလီဘန်တွေဟာ တိုက်ခိုက်မှု ပြုလုပ်တဲ့ အဖွဲ့တွေထဲမှာ ပါဝင်ခဲ့ပါတယ်။
အပစ်ရပ်တာကို နိုဝင်ဘာလမှာ ဆိုင်းငံ့ခဲ့ပြီးတဲ့နောက်မှာ အကြမ်းဖက်မှုဟာလည်း အတက်ဘက်ကို ရောက်လာပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ တုန်းကလည်း ပတ်ရှ်ဝါမြို့က ရှီယာမွတ်စလင် တစ်ခုမှာ ဗုံးကွဲမှုတစ်ခုကြောင့် ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးမှုဖြစ်ပွားခဲ့ဖူးပါတယ်။
မြို့တော် အစ္စလာမာဘတ် ရဲတပ်ဖွဲ့ကတော့ လုံခြုံရေးသတိပေးချက် အမြင့်ဆုံးတပ်လှန့်ထားပြီး မြို့အဝင် အထွက်နေရာတွေ အားလုံးမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။