ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီလ ၂၂ ရက် ထိပ်တန်းသတင်းများ- ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဒုညွှန်ချုပ် ပစ်ခတ်ခံရပြီးသေဆုံး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့က ဝေဇယန္တာလမ်းမပေါ်မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်တာခံရပြီး သေဆုံးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ဦးစိုင်းကျော်သူဟာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်က အောင်ရတနာအထူးကု ဆေးခန်းအနီးမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။
''ရွှေလီလမ်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကနေ သင်္ဃန်းကျွန်း သူ့အိမ်ကို ထမင်းစားဖို့ အပြန်မှာ ပစ်ခတ်ခံရတာ။ ကားနဲ့ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ သေနတ်သမားတွေက နှစ်ဖက် ညှပ်ပြီး ပစ်ခတ်တာကို ရှောင်ရင်း သူ့ကားက ဓာတ်တိုင်ကို တိုက်မိတယ်။ အောင်ရတနာဆေးရုံကို တင်ဖို့ လုပ်ပေမဲ့ ဒဏ်ရာပြင်းလို့ ဆေးရုံကြီးကို ခေါ်သွားတဲ့အချိန်မှာ အသက်ဆုံးတယ်’’ လို့ သိရတယ်ဆိုပြီး မြေပြင်အခြေအနေသိရှိသူ သတင်းရင်းမြစ်က ပြောပါတယ်။
ဦးစိုင်းကျော်သူဟာ တပ်ကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဘက်ကို ၂၀၂၀ ရွေးကောက်ပွဲ ကာလမှ ညွှန်မှူးအဖြစ်နဲ့ ရွှေ့ပြောင်းလာသူဖြစ်ပြီး အာဏာသိမ်းပြီး တနှစ်နီးပါးအတွင်းမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရာထူးတိုးမြှင့်ခံခဲ့ရသူလို့သိရပါတယ်။
မဲကနယ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ BGF ကျောက်မိုင်းလုပ်ငန်းတွေ ပျက်စီး
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းက မဲကနယ်ဒေသမှာ စစ်ကောင်စီတပ်က ဒီနေ့ ဧပြီလ ၂၂ ရက် မနက်အစောပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပွင့်လင်းအေးမြိုင်ကျေးရွာက ပုညရှင် ဘုန်းကြီးကျောင်းနဲ့ နယ်ခြားစောင့်တပ်(BGF)ရဲ့ကျောက်မိုင်းလုပ်ငန်း အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မဲကနယ်ကျေးရွာမှာရှိတဲ့ ကျောက်တောင်တွေဘက်ဆီကို စစ်ကောင်စီတပ်က မနေ့ ဧပြီလ ၂၁ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဒီနေ့မနက်အစောပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့တာလို့ မြေပြင် အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
မြေပြင်မှာ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)/PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးနဲ့ လက်နက်တွေ စွန့်လွှတ်ရတာတွေရှိနေချိန် လက်နက်ကြီးပစ်ခတ်တာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေ တိုးလုပ်လာတာလို့လည်း ဆိုပါတယ်။
ကျောက်တောင်ဒေသကို တိုက်ခိုက်တာကြောင့် အဲဒီအနား ပွင့်လင်းအေးမြိုင်ရွာက နေအိမ်တွေ ၊ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တောင်အောက်မှာရှိတဲ့ BGF တပ်ပိုင် ကျောက်မိုင်းလုပ်ငန်း အဆောက်အအုံတွေ ပျက်စီးတာတွေရှိတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
‘‘အခု နှစ်ဖက်တိုက်ပွဲ ဖြစ်နေတဲ့ မဲကနယ် ကျောက်တောင် ကျောက်မိုင်းနေရာတွေကို ညက ၁ နာရီ ကျော်မှာ လေယာဥ်က ပစ်တယ်၊ ဗုံးကြဲတယ်။ BGF ဗိုလ်မုတ်သုန်ရဲ့ စစ်ကတုတ်တွေ ၊ ကျောက်ထုတ်တဲ့ ကုမ္ပဏီ ရုံးခန်းနေရာတွေ၊ ပွင့်လင်းအေးမြိုင်ရွာက အိမ်တွေနဲ့ ပုညရှင်ဘုန်းကြီးကျောင်း ထိပြီး ပျက်စီး ကုန်တာတွေရှိတယ်၊ မြေပြင်မှာရှိတဲ့ တောင်ပေါ်က KNLA ပူးပေါင်း စစ်ကြောင်းတွေကိုတက်တိုက်လို့ မလွယ်တော့ လက်နက်ကြီးတွေ အတွဲလိုက်ပစ် ရော့ကက်ဒုံံးတွေနဲ့ ပစ်၊တိုက်လေယာဥ်က ဗုံးကြဲတာ တွေ ရက်ဆက်ပြီး လုပ်နေတာ ၅ ရက်ရှိပြီ’’လို့ စစ်ရေး နယ်မြေသတင်းရင်းမြစ်က ဘီဘီစီကိုပြောပြပါတယ်။
ကျောက်တောင်ဒေသအနီးတစ်ဝိုက်မှာ KNLA ပူးပေါင်းကော်ပရာစစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့ရာမှာ စစ်တပ်ဘက်က ၂၄ ယောက် ကျဆုံး၊ ၂၃ ယောက် ဒဏ်ရာရပြီး လက်နက် ခဲယမ်းအများအပြား စွန့်လွတ်ထားခဲ့ရကြောင်း၊ KNLA. ပူးပေါင်းစစ်ကြောင်းဘက်က ရဲဘော် ၂ ဦး ကျဆုံး ၇ ဦး ဒဏ်ရာရရှိကြောင်း ကော်ပရာစစ်ကြောင်းဘက်က သတင်းထုတ်ပြန်ပါတယ်။
‘‘မနေ့က လက်နက်အသေးပစ်တာ မကြားရဘဲ ကျောက်တောင်ဘက်ကို တစ်မနက်လုံးပစ် နေတာ။ ည ကျ တော့လည်း လက်နက်ကြီးထုနေတာ အလုံး ၅၀ လောက်ရှိမယ်။ ညကျတော့ လေယာဉ်နဲ့ ဗုံးကြဲချတာက ၃ လုံးက ပုံညရှင်ဘုန်းကြီးကျောင်းနဲ့ ရွာထဲ ကျပေါက်ကုန်တယ် ။ ရွာသားတွေ က ဖားချောင်းရွာနဲ့ ရွာသစ်ရွာဘက်ရော မြဝတီဘက်က ဘုန်ကြီးကျောင်းတွေဘက်နဲ့ အသိအိမ် အမျိုး အိမ်တွေကို သွားရှောင်နေရတယ်’’ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနေ့အထိ မြေပြင် ထိတွေ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်ရှိနေသေးတာကြောင့် ဒေသခံ ၃၀၀၀ ထောင်နီးပါး နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
လယ်ဝေးမြို့နယ်မှာ လေပြင်းတိုက်ခတ်မှု သေဆုံးသူ ၈ ဦးအထိရှိလာ
နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲမှာ မနေ့ညနေပိုင်းတုန်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် သေဆုံးသူ ၈ ဦးအထိရှိလာတယ်လို့ ကူညီကယ်ဆယ်ရေးပြုလုပ်နေသူတွေက ပြောပါတယ်။
လေပြင်းကြောင့် အောင်မြင်ကုန်းကျေးရွာနဲ့ တံတားဦးကျေးရွာတို့မှာ နေအိမ် ၂၂၅ လုံး ပျက်စီးခဲ့ပြီး နောက်ထပ် လူပေါင်း ၁၀၀ ကျော် ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ရုတ်တရက်တိုက်သွားတဲ့လေပြင်းကြောင့် ထွက်ပြေးချိန်မရဘဲ နေအိမ်အပျက်အစီးတွေအောက် ပိမိပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။
လေပြင်းဒဏ်ခံခဲ့ရတဲ့နေရာတွေဟာ နေပြည်တော်ကောင်စီနယ်မြေထဲဖြစ်တာကြောင့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ဒီနေ့မှာ လေဘေးသင့်နေရာတွေကို သွားရောက်ခဲ့ပြီး ကူညီရေးတွေ လုပ်ဖို့ ညွှန်ကြားထားတယ်ဆိုပြီး စစ်ကောင်စီလက်အောက် နိုင်ငံပိုင်သတင်းတွေက သတင်းဖော်ပြထားပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ရာနဲ့ချီတဲ့ဒေသခံတွေ အိုးအိမ်မဲ့ခဲ့တာကြောင့် အကူအညီတွေ လိုအပ်နေတယ်ဆိုပြီး လှုံ့ဆော်တိုက်တွန်းနေပါတယ်။
ထိုင်းဒုဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာတွေ့ဆုံ
ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန် ပရာမွတ်ဝီနိုင်ဟာ နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
မနေ့ ဧပြီလ ၂၁ ရက်မွန်းလွဲပိုင်းမှာတွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာ၊ လာအိုနဲ့ ထိုင်း ၃ နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူ လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ လူကုန်ကူးမှု၊ မူးယစ်ကုန်သွယ်မှုနဲ့ လက်နက်ကုန်သွယ်မှု ပပျောက်ရေး ပူးပေါင်းမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုင်းဘက်က နိုင်ငံခြားရေးဝန်ကြီးအပြင်၊ မြန်မာဆိုင်ရာထိုင်းသံအမတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာထိုင်းအထူးသံတမန်တို့လည်း အစည်းအဝေးမှာ မြင်တွေ့ရပြီး မြန်မာဘက်ကတော့ စစ်ကောင်စီဥက္ကဋ္ဌအပြင် တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတွေ တက်ရောက်တာ တွေ့ရပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ မြန်မာပြည်ခရီးစဥ်နဲ့ ပတ်သက်ပြီး ထိုင်းဘက်ကတော့ တစုံတရာထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ဒါဟာ ဒုတိယဝန်ကြီးချုပ်နဲ့ ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဥ်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာ ဒုက္ခသည်တွေ တိုးလာနေချိန် ထွက်ပေါ်လာတဲ့ခရီးဖြစ်ပါတယ်။
ဒုတိယဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းကလည်း အာဏာသိမ်းပြီးနောက် မြန်မာပြည်ကို ပထမဆုံး ခရီးသွားရောက်ခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ဖူးပါတယ်။
အဲဒီတုန်းကလည်း ဒုတိယဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဥ်ဘာ့ကြောင့် ပေါ်ပေါက်ခဲ့တယ်၊ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတဲ့ကိစ္စတွေကို ပွင့်လင်းမြင်သာမှုပြည့်ပြည့်ဝဝမရှိခဲ့တဲ့အပေါ် ထိုင်းနိုင်ငံရေးသမားတွေက မေးခွန်းထုတ်ခဲ့ဖူးပါတယ်။
အခုလ အစောပိုင်းတုန်းကတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ နိုင်ငံဖြတ်ကျော် မီးခိုးမြူကိစ္စ ဖြေရှင်းဖို့ဆိုပြီး မြန်မာစစ်ခေါင်းဆောင်အပြင် လာအိုနိုင်ငံဝန်ကြီးချုပ်တို့နဲ့ပါ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားပါတယ်။
မှော်ပုံ မဒဲယာန်ရွာမှာ စစ်တပ်ဖမ်းဆီးသွားတဲ့ဒေသခံ ၁၅၀ မလွတ်သေး
NUG PDF အလိုမရှိ ဆိုပြီး အော်ဟစ်ဆန္ဒပြခိုင်းခဲ့တယ်လို့ ဒေသခံတွေပြော
မနေ့ ဧပြီ ၂၁ ရက်နေ့ မနက် ၅ နာရီလောက်မှာ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု မှော်ဘုံ(မဒဲယာန်) ကျေးရွာကို ဝင်ရောက်ပြီး နေအိမ်နှစ် လုံးမီးရှို့ခဲ့သလို ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။
ဒါ့အပြင် တစ်အိမ်ဝင်တစ်အိမ်ထွက် အိမ်တံခါးတွေ ဖျက်ဝင်တာတွေရှိပြီး လူတွေ့ပါက ခေါ်ဆောင်သွားတာမျိုးတွေလည်း ရှိတယ်လို့ဆိုပါတယ်။
မှော်ဘုံမှာရှိတဲ့ pdf ထောက်ပို့ သပိတ်ရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သပိတ်ပါဝင်သူက ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီးသပိတ်အရေး စဉ်ဆက်မပျက်လုပ်ဆောင်ပါဝင်သူတစ်ယောက်ပြောတာက "ကျွန်တော်တို့ သပိတ်ကတော့ရပ်မှာမဟုတ်ပါဘူး။ သပိတ်ကတော့လူထုဆန္ဒကို ဆက်ပြီးဖော်ထုတ်နေမှာဖြစ်တယ် စကစ ဝင်စီးတာကတစ်ပိုင်းဘဲဖြစ်သလို သပိတ်ကတော့ဆက်လုပ်မှာပါ။ ဒီတစ်ခါ အဆိုးဆုံးလို့ပြောလို့ရတယ်။ လူအသေအပျောက်မရှိသေးပေမဲ့ ပြည်သူအများစုကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်သွားတယ်။ အိမ်နှစ်လုံးနဲ့သပိတ်ရုံးတွေမီးရှို့တယ်။ NUG PDF အလိုမရှိဆိုပြီးတော့လည်း ပြောင်းပြန်ဖြစ်အောင် အော်ခိုင်းတာတွေကိုလည်း လုပ်ဆောင်သွားတယ်။ ဖမ်းဆီးခံရသူတွေအများစုက လူငယ်တွေပါ။ ယောက်ျားလေးလူငယ် မိန်းကလေး လူငယ် အသက် ၂၀ ကျော် ၃၀ ဝန်းကျင်တွေကိုခေါ်သွားတာပါ"လို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
မှော်ဘုံ(မဒဲယာန်)ရွာဟာ ကေအိုင်အေ တပ်ရင်း ၆ ကို သွားရောက်လို့ရတဲ့ နေရာ ဖြစ်သလို ကျေးရွာအတွင်း သပိတ်အဖွဲ့တွေအပြင် PDF တပ်တွေလည်း မကြာခဏ ဖြတ်သန်းသွားလာရာ နေရာဖြစ်လို့ ဖားကန့်မြို့နယ် အတွင်း အချက်အခြာကျတဲ့လမ်းဆုံတစ်ခုလည်းဖြစ်ပါတယ်။
ဒါကြောင့် အဲဒီရွာကို မကြာခဏ ဆိုသလို လက်နက်ကြီးပစ်တာရှိသလို စစ်ကောင်စီရဲ့ပစ်မှတ်ထားရာ နေရာဖြစ်လာတာဖြစ်တယ်လို့လည်း ယူဆချက်တွေရှိနေကြတာပါ။
"စိုးရိမ်တော့အရမ်းစိုးရိမ်တယ်၊ သူတို့က ကိုယ်ချင်းစားစိတ်ရှိသူတွေမဟုတ်ဘူး။ မှော်ဘုံမဒဲယာန်ကို မဲတယ်ဆိုတာက အဲဒီဘက်မှာ PDF ကလေးတွေ သပိတ်ကလေးတွေ အထိုင်ချတော့မဲတာဗျ။ ကံဆီးဘက်သွားတဲ့လမ်းကြောင်းမှာရှိတယ်။ လမ်းဆုံတယ်။ မှော်ဘုံဖြတ်ရင် ကံ့ဆီးလည်း သွားလို့ရတယ်။ ကေအိုင်အေ တပ်ရင်းတွေကိုလည်း သွားလို့ရတယ်" လို့မှော်ဘုံ(မဒဲယာန်)ကျေးရွာအခြေအနေနဲ့ပတ်သက်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
မှော်ဘုံ(မဒဲယာန်)မှာ ဖြစ်စဉ်ဟာ လူအသေအပျောက်အရှိပေမဲ့ဖမ်းဆီးခေါ်ဆောင်သွားခံရသူ အရေအတွက်၁၅၀ ခန့်ရှိပြီး ဒီနေ့ ဧပြီ ၂၂ ရက်နေ့အထိ ပြန်မလွတ်သေးတာကြောင့် စိုးရိမ်ပူပန်နေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် တခြားမြို့နယ်တွေထက် လက်ရှိမှာ စစ်ရေးတင်းမာမှုတွေရှိသလို နှစ်ဖက်အပြန်အလှန်စစ်ရေးလှုပ်ရှားမှုတွေဆက်ရှိနေမယိလို့ ကေအိုင်အို အဖွဲ့ရဲ့ ဗဟို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောထားပါတယ်။
ဝန်ထမ်းတွေ လစာတိုးဖို့မရှိဘူးလို့ စစ်ကောင်စီပြော
နိုင်ငံ့ဘဏ္ဍာရေးအခြေအနေကြောင့် တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို လစာတိုးပေးဖို့ မရှိဘူးဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဝန်ထမ်းတွေလစာပေးတာကို အဓိကလုပ်တဲ့ စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဘက်က ဒီနေ့ ဧပြီလ ၂၂ ရက်ထုတ် နိုင်ငံပိုင်သတင်းစာကနေ ပြောလာတာဖြစ်ပါတယ်။
''လက်ရှိပြင်ပမှာဖြစ်ပေါ်နေတဲ့၊ သတင်းထွက်ပေါ်နေတဲ့ လစာနှုန်းထား တိုးမြှင့်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းကတော့ ကောလဟလပဲဖြစ်ပါတယ်။ လစာနှုန်းထားတွေကတော့ လက်ရှိလစာနှုန်းထားအပိုင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထားကို တိုးမြှင့်ပေးဖို့ မရှိသေးပါဘူး''လို့ စီမံဘဏ္ဍာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိုက်က ပြောလာတာပါ။
စစ်ကောင်စီဝန်ထမ်းတွေကြား တစ်ဦးကို လစာ မြန်မာကျပ်ငွေ ၄ သောင်းကျပ်တိုးပေးမယ်ဆိုတဲ့ သတင်းတွေ ပျံ့လာခဲ့အပြီးမှာ စစ်ကောင်စီဘက်က အခုလိုပြောလာတာလည်းဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ကို စံချိန်တင် ချထားပေးထားတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ထက်ပိုသုံးတဲ့ ဝန်ကြီးဋ္ဌာနဟာ နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးချေရတဲ့ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနတစ်ခုပဲ ရှိနေခဲ့တာပါ။
လက်ရှိဘတ်ဂျတ်နှစ်မှာတော့ ကာကွယ်ရေးအသုံးစရိတ်ဟာ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ အသုံးစရိတ်ထက် ကျပ် ဘီလီယံ ၁၃၀၀ ကျော်ပိုသုံးထားပါတယ်။
ကနီနဲ့ ဘုတလင်မြို့နယ်ထဲမှာလည်း လေပြင်းကြောင့် နေအိမ် ရာချီပျက်စီး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ဘုတလင်မြို့နယ်ထဲမှာလည်း မနေ့ ဧပြီလ ၂၁ ရက်ညနေပိုင်းတုန်းက မိုးသက်လေပြင်းကျခဲ့တာကြောင့် နေအိမ် ရာချီပျက်စီးခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ကနီမြို့နယ်ထဲမှာတော့ မနေ့ ညနေပိုင်းမှာ မိုးသက်လေပြင်းကျခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဥ်အပြီးမှာ ရွာပေါင်း ၈ ရွာက နေအိမ် ၁၅၀ ကျော် ပျက်စီးခဲ့တာလို့ သိရပါတယ်။
ကနီမြို့နယ်ထဲက အိုင်တောင်ရွာမ တစ်ရွာတည်းမှာတင် နေအိမ် ၃၀ ကျော် ပျက်စီးခဲ့ပြီး ပျက်စီးတဲ့အထဲမှာ စစ်ရှောင်တွေရဲ့တဲတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ညနေပိုင်းက လေပြင်းကြောင့် ဆိတ်သာကန်ကျေးရွာက အိမ် ၅၀ ကျော်အပြင် အနီးနား ကျေးရွာတွေမှာလည်း နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ ဒေသခံတွေပြောကြားချက်ကို ကိုးကားပြီး ကနီအသံလူမှုကွန်ရက်သတင်းကနေ သတင်းဖော်ပြထားပါတယ်။
နေပြည်တော် လယ်ဝေးမှာ လေပြင်းတိုက်လို့ လူ ၇ ဦးသေဆုံး
ဒဏ်ရာရသူ ၅၀ ခန့်ရှိ၊ နေအိမ် ၁၅၀ ကျော်လည်း ပျက်စီး
နေပြည်တော်၊ လယ်ဝေးမြို့နယ်ထဲမှာ မနေ့ ညနေပိုင်း မိုးချုပ်ချိန် လေပြင်းတိုက်ခတ်ခဲ့တာကြောင့် အဆောက်အဦပျက်တွေကြားပိမိပြီး လူ ၇ ဦးသေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ဘီဘီစီကိုပြောပါတယ်။
လေပြင်းကြောင့် လယ်ဝေးမြို့နယ်ထဲက တံတားဦးကျေးရွာနဲ့ အောင်မြင်ကုန်းကျေးရွာမှာ နေအိမ် ၁၅၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။ ဒဏ်ရာရသူ ၅၀ နီးပါးရှိပြီး စိုးရိမ်ရတဲ့သူအချို့လည်း ပါတယ်လို့လည်း ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
‘‘ရုတ်တရက် လေပြင်းတိုက်တာဆိုတော့ ဘယ်သူမှ မပြေးလွှားနိုင်ကြဘဲ အပျက်အစီးတွေအောက် သေဆုံးကြရတာ။ အခြေအနေအတော်ဆိုးတယ်။ ဒဏ်ရာရသူတွေကိုတော့ နေပြည်တော် ကုတင် ၁၀၀၀အပါအဝင် ဆေးရုံတွေကို ခွဲပြီးပို့ထားပါတယ်။ အပြင်းအထန်ဒဏ်ရာရသူတွေပါတယ်။ တစ်ဦးဆိုရင် ဆေးရုံရောက်မှ ဆုံးပါးပါတယ်’’ လို့ ကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
အပျက်အစီးရှင်းလင်းတာတွေကို ညလုံးပေါက် ပြုလုပ်ခဲ့ပေမဲ့ ပျက်စီးမှုများတာကြောင့် ဒီနေ့ မနက်အထိ အဆုံးမသတ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
လေပြင်းကြောင့် တံတားဦးနဲ့ အောင်မြင်ကုန်း ကျေးရွာ နှစ်ရွာလုံးက အိမ်တွေအားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဧပြီ ၂၁ ရက်ကနေ ၂၅ရက်အထိ လေပွေလှိုင်းတွေနဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်တို့က တိမ်တိုက်တွေကြောင့် စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ နေပြည်တော်၊ မန္တလေး၊ ရခိုင်၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်နဲ့ မွန်တို့မှာ အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပြီး ပြည်သူတွေအနေနဲ့ မိုးနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း။ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းတို့ကို သတိပြုဖို့ ဧပြီ ၁၈ ရက်မှာထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့က အီးဒ်နေ့ ဝတ်ပြုမှုမြင်ကွင်းများ
အစ္စလာမ်ဘာသာဝင်တို့ရဲ့ အီးဒ်ဒွလ်ဖီသိရ်(ဝါကျွတ်အီးဒ်) အခါသမယမှာ
ရန်ကုန်မြို့၊ အလုံမြို့နယ် အီဒ်ဂါကွင်းပြင်မှာ အီးဒ်ဆွလားသ် ဝတ်ပြုနေကြတဲ့မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အဲဒီ အိဒ်ဂါကွင်းကို စုပေါင်းဝတ်ပြုခွင့်ပိတ်ထားခဲ့တာဟာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ လက်ရှိမှာ စစ်အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ပြန်လည်ဝတ်ပြုခွင့်ပေးတာလို့ သိရပါတယ်။
လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ကွင်းလုံးပြည့်လာရောက်ဝတ်ပြုသူမရှိပေမဲ့ ဝတ်ပြုတာကိုတော့ အစီအစဥ်အတိုင်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
မေလသံစဥ်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အရှေ့ဒဂုံမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူ
အဆိုတော်မေလသံစဥ်ကို ပုဒ်မ ၅၀၅- က နဲ့ တိုင်ကြားချက်ကြောင့်ဆိုပြီး စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီးထားပြီး မနေ့ ဧပြီ ၂၁ ရက်နေ့တုန်းက အရှေ့ဒဂုံမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ကာ ချုပ်ရမန် နှစ်ပတ် ယူခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သတင်းရရှိပါတယ်။
အဆိုတော်မေလသံစဥ်ကို ရန်ကုန်၊ အောင်သပြေရဲရိပ်သာမှာဖွင့်ထားတဲ့ စစ်ကြောရေးစခန်းကနေ သက်ဆိုင်ရာမြို့မရဲစခန်းကိုပြန်လည်ပို့ဆောင်ခဲ့တဲ့နောက် အခုလို ချုပ်ရမန်ယူပြီး နောက်ပိုင်းမှာတရားစွဲဆိုဖို့ ရှိနေတယ်လို့လည်းသိရပါတယ်။
"အဆိုတော်မေလသံစဥ်ကို အများစုက ထိုင်းနိုင်ငံမှာလို့ ထင်နေကြပါတယ်။ မနေ့ကတော့ အရှေ့ဒဂုံမြို့နယ်တရားရုံးမှာ ရမန်လာယူသွားတာ သေချာပါတယ်။ လူကိုယ်တိုင်လည်း ရုံးထုတ်လာတာပေ့ါ။ တိုင်ကြားချက်ကြောင့်ဆိုပြီးဖမ်းထားတာလို့သိရတယ်။ ပဇီကြီးဖြစ်စဥ်ကို လူမှုကွန်ရက်မှာရေးသားမှုကြောင့် အခုလို တိုင်ကြားခြင်းခံရတယ်လို့ သိရပါတယ်" လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ မေလသံစဥ်ရဲ့မိသားစုထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး အဆက်အသွယ်မရသေးပါဘူး။
အဆိုတော်မေလသံစဥ်ဟာ ဒီဖြစ်စဥ်တွေမဖြစ်ပွားခင် ထိုင်းနိုင်ငံမှာ မော်တော်ယာဥ်မောင်းနှင်နေပြီး ထိုင်းက သုဝဏ္ဏဘူမိလေဆိပ်ကိုသွားရောက်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ၄င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဧပြီလဆန်းပိုင်းတုန်းက တင်ခဲ့ပါတယ်။
အဲဒါကြောင့်လည်း ပရိသတ်တွေကလည်း သူ့ကိုထိုင်းနိုင်ငံမှာ ရောက်ရှိနေတယ်လို့ပဲသိရှိယူဆထားကြတာပါ။
မေလသံစဥ်ဟာ အသက်ငယ်ရွယ်စဥ် ကလေးငယ်ဘဝတည်းက ဂစ်တာ၊ ကီးဘုတ်၊ ဒရမ် စတဲ့ တူရိယာတွေကိုကိုယ်တိုင်တီးခတ်ပြီး နာမည်ကျော်ကြားတဲ့ မြန်မာသံစဥ်တေးသီချင်းတွေသာမက ဂန္ထဝင်တေးသီချင်းတွေအပြင် နိုင်ငံခြားသီချင်းတွေကို ကာဗာပြန်လည်သီဆိုရာကနေ လူမှုကွန်ရက်မှာ ကျော်ကြားလာခဲ့တဲ့နောက် ပရော်ဖက်ရှင်နယ်အဆိုတော်တစ်ဦးအဖြစ်လည်းရပ်တည်နိုင်ခဲ့တဲ့ လူငယ်အမျိုးသမီးအဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။
အခုအခါ ဖော်လိုဝါသန်းနဲ့ချီရှိတဲ့ သူ့ရဲ့မေလသံစဥ် ဖေ့စ်ဘွတ်အကောင့်လည်း လူမှုကွန်ရက်မှာ မတွေ့ရတော့ပါဘူး။