ဒီဇင်ဘာ ၁၂ရက် ထိပ်တန်းရောက်သတင်းစုစည်းချက်

ရေးသားခဲ့သည်။

အတိုင်ပင်ခံနဲ့ သမ္မတတို့စွပ်စွဲခံရတဲ့ရဟတ်ယာဥ်ဆိုင်ရာ အဂတိမှုအတွက်ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကို စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ကျန်းမာရေးကောင်းမွန်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့စွပ်စွဲခံထားရတဲ့ ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုဆိုင်ရာ အဂတိမှု ၅မှုထဲက ၃မှုကို ဒီဇင်ဘာ ၁၂ ရက်က နေပြည်တော်အချုပ်ထောင်အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။

ဒီကနေ့ကြားနာမှုမှာ စွပ်စွဲခံရသူဘက်ကသက်သေ ဖြစ်တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးခဲ့ပါတယ်။

ဦးဟင်နရီဗန်ထီးယူရဲ့ ထွက်ဆိုချက်မှာတော့ အဲဒီအချိန်က သူဟာ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး သဘာဝဘေးအတွက် သုံးစွဲမယ့် ရဟတ်ယာဥ်ဝယ်ယူ/ဌားရမ်း/ပြင်ဆင်တဲ့ ကိစ္စတွေမှာ လုပ်ထုံးလုပ်နည်းတွေ ဥပဒေတွေနဲ့အညီသာဆောင်ရွက်ခဲ့ကြောင်းထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြီးနောက် သမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံရပေမယ့် ဒုတိယသမ္မတနှစ်ဦး ဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့ အဖမ်းမခံခဲ့ရပါဘူး။

ဦးဟင်နရီဗန်ထီးယူကိုဒု တိယသမ္မတအဖြစ် စစ်ကောင်စီက ဆက်ပြီးသတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းကနေပျောက်ကွယ်နေတာပါ။ဒီဇင်ဘာ ၁၂ရက် ကြားနာမှုမှာ သူ့ကို စစ်ဆေးမှု မပြီးပြတ်လို့ ဒီဇင်ဘာ ၁၃ရက်မှာ ဆက်လက်စစ်ဆေးဖို့ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အဂတိအမှု ၅ မှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးတုံ့ပြန်ဖို့ ရည်ရွယ်ပြီး အီတလီထုတ်ရဟတ်ယာဥ် တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်သုံးစွဲမှုမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မလုပ်ခဲ့တာကြောင့် နိုင်ငံပိုင်ငွေကြေးတွေ နစ်နာဆုံးရှုံးရတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီက တရားစွဲထားတဲ့အမှုတွေ ဖြစ်ပါတယ်။

အသက်၇၈နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာလက်ရှိမှာ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်အထိ ရှိချမှတ်ခံရထားပြီးဖြစ်ပြီး အခုအဂတိအမှု ငါးမှု ကိုဆက်လက်ရင်ဆိုင်နေရတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ ၂ဦးလုံးကျန်းမာရေးကောင်းမွန်ပြီး ‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဝင်စာလည်း ၁ပတ်ကို ၂ရက်နဲ့ ပုံမှန်အတိုင်းရရှိတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

မြောင်က သုံးရက်တာတိုက်ပွဲအတွင်း အရပ်သား ၄ဦးသေဆုံးတယ်လို့ ဒေသခံတွေပြော

ဖွားစောရွာလည်းမီးရှို့ခံရတယ်လို့ ဆို

ဒီကနေ့ ‌ဒီဇင်ဘာ ၁၂ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဖွားစောကျေးရွာက နေအိမ် ၁၀လုံးထက်မနည်းမီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက် ဒီမနက်မှာပဲ ‌ကျေးရွာကနေ စစ်ကြောင်းပြန်ထွက်ခွာကာမြောင်မြို့ပေါ်ကို ပြန်သွားပြီလို့ သိရပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မြောင်မြို့ပေါ်ကနေ ဖွားစောရွာဘက်ကို ဒီဇင်ဘာ ၁၀ရက်နေ့မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး တပ်စွဲထားတဲ့ကာလအတွင်း အရပ်သား ၄ဦးသေဆုံးထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"၁၀ရက်နေ့မှာ ရွာထဲဝင်ပြီး ညအိပ်တယ်။ ၁၀ရက်ညသန်းခေါင် ၁၁ရက်မနက်အစောပိုင်းမှာ ဖွားစောဒေသခံအမျိုးသား ၁၀ယောက်က ရွာထဲမှာ သူတို့ရှိ၊ မရှိဝင်ကြည့်တာကနေ ၄ယောက် အသတ်ခံရပြီး ၃ယောက်ဒဏ်ရာရခဲ့တာပါ။ အလောင်းတွေတော့ ပြန်မရခဲ့ဘူး"လို့ မြေပြင်အခြေအနေသိရှိသူ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲ့ဒီထဲက ဒဏ်ရာရသူ ၃ယောက်ဟာလည်း ဒီမနက်စစ်ကောင်စီစစ်ကြောင်းပြန်ထွက်ခွာသွားပြီးနောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲအတွင်း ‌ဖွားစောရွာအပါအဝင် ‌ရွာနားနီးစပ်က ဒေသခံ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ လည်းသိရပါတယ်။

ကန့်ဘလူ၊ ကောလင်းအစပ်ကို လေကြောင်းနဲ့တိုက်ခိုက်

နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ပြော

ဒီကနေ့ ဒီဇင်ဘာ ၁၂ရက် မနက်အစောပိုင်း ၁နာရီတုန်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်အစပ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မနက် ၄နာရီဝန်းကျင်မှာတော့ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ လာရောက်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

"ကန့်ဘလူမြို့နယ်အပိုင် ကိုးထောင်ဘို့က စစ်ကောင်စီစခန်းကို တိုက်ကြတာဗျ၊ သူတို့ဘက်က တံတားဦးကနေ လေကြောင်းတက်လာပြီဆိုတာနဲ့ ကျွန်တော်တို့ပြန်ဆုတ်ခွာခဲ့ကြတယ်။ လေယာဉ်ကပစ်တာတော့ စခန်းအနောက်ဘက်ကိုပေါ့ အဲ့ချိန် ကျွန်တော်တို့မရှိတော့ဘူး" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီမနက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကာကွယ်ရေးအဖွဲ့ဘက်က တစ်ဦးသေဆုံးခဲ့ကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုးထောင့်ဘိုတိုက်နယ်တဝိုက်က ဒေသခံတွေလည်း ညတွင်းချင်း စစ်ဘေး‌တိမ်းရှောင်ကြရပြီး စစ်ရှောင်တွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ ဘီဘီစီဘက်က အတည်ပြုလို့မရသေးပါဘူး။

တဖက်စစ်ကောင်စီဘက်ကလည်း အခုတိုက်ပွဲနဲ့ပတ်သက်ပြီး နေ့လယ်ပိုင်းအချိန်အထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံ ကို အီးယူ ကအပြည့်အ၀ ပံ့ပိုးပေးမယ်

လာမယ့် ဒီဇင်ဘာ ၁၄ရက်မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာကျင်းပမယ့် အာဆီယံ - အီးယူ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိတယ်လို့ စင်ကာပူအခြေစိုက် Channel News Asia သတင်းကဖော်ပြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ရဲ့ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းချက်ကိုအားပေးမယ့်အကြောင်း အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က CNA ရဲ့ အင်တာဗျုးမှာ ပြောထားတာပါ။

မြန်မာအရေးဖြေရှင်းဖို့နဲ့ပတ်သက်ပြီး အလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားနိုင်ငံအပေါ်အများကြီးမျှော်လင့်ထားကြောင်း သံအမတ်ကြီးက ဆိုပါတယ်။ “ နိုင်ငံကိုသာမက ဒေသတွင်း တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နေတဲ့ ဒီအကျပ်အတည်းအတွက် အဖြေရဖို့ နဲ့ အမှန်တကယ်တွန်းအားပေးဖို့ အင်ဒိုနီးရှားကို ကျွန်တော်တို့ အားကိုးတယ်။ဒါမှလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်နိုင်မှာပါ” လို့ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr Igor Driesmans က ပြောပါတယ်။

မြန်မာ့အရေး အဖြေရှာဖို့မလွယ်ပေမယ့် EU က အလှည့်ကျ ဥက္ကဋ္ဌသစ်အင်ဒိုနီးရှားကို အပြည့်အ၀ပံ့ပိုးပေးမယ်လို့ Mr Driesmans က ထပ်လောင်းပြောပါတယ်။

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ကိုလည်း စစ်တပ်က အခုအချိန်အထိ အကောင်အထည်မဖော်နိုင်သေးကြောင်း Mr Driesmans က ထောက်ပြပါတယ်။

အာဆီယံဆိုင်ရာ EU သံအမတ်ကြီးကတော့ စစ်ခေါင်းဆောင်တွေဘက်က အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိတာတွေ့ရလို့ ဒါကို အာဆီယံက တိုး‌ပြီဖိအားပေးဖို့လိုတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း ၂နှစ်တာကာလအတွင်း အာဆီယံဟာ ထိပ်သီးအစည်းအဝေး အပါအဝင် အစည်းအဝေးအချို့မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရားဝင်အစည်းအဝေးတွေဖိတ်ကြားတာမရှိပါဘူး။

စစ်ကောင်စီကတော့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တာမဟုတ်လို့ အာဆီယံ‌ခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

တရုတ်ဘဏ်က ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသား ၁၀၀ ကို ပညာသင်ဆုပေး

တရုတ်ဘဏ်(Bank of China) က ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်နေတဲ့ကျောင်းသူကျောင်းသား ၁၀၀ ကို ပညာသင်ဆုပေးလိုက်တယ်လို့ သိရပါတယ်။

ပညာသင်ဆုပေးတဲ့အခမ်းအနားကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက ရန်ကုန်တက္ကသိုလ်ထဲမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာ တရုတ်ဘဏ်ရဲ့ပညာသင်ဆုရတဲ့ကျောင်းသားတွေဟာ တက္ကသိုလ်ပညာသင်ယူမှုပြီးဆုံးမယ့် လေးနှစ်တာအထိ အထောက်အပံ့တွေရမှာဖြစ်ပါတယ်။

အဲဒီပညာသင်ဆုပေးပွဲကို စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်း‌သန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တရုတ်ဘဏ်(BOC)ရဲ့ ရန်ကုန်ရုံးတာဝန်ခံတွေ တက်ရောက်ခဲ့တာတွေ့ရပါတယ်။

ဘုတ်ပြင်း၊ ရတနာပုံမိုင်းရွာ ဒေသခံရာနဲ့ချီစစ်တိမ်းရှောင်နေရ

ထိုင်းဘက်က စစ်ရှောင်လက်မခံတာကြောင့် ခက်ခဲနေတယ်လို့ ပြော

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ရက်နေ့က တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံမိုင်းရွာအနီးက စစ်ကောင်စီရဲ့ နယ်စပ်စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာမှာကို စိုးရိမ်ပြီး ရတနာပုံမိုင်းရွာက ဒေသခံတွေဟာ ရွာလုံးကျွတ်နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ‌‌သိရပါတယ်။

အခုလို ထွက်ပြေးရာမှာ တဖက်ထိုင်းနိုင်ငံဘက်ကိုစစ်တိမ်းရှောင်တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က တရားဝင်စစ်ရှောင်စခန်းဖွင့်လှစ်ပေးတာမရှိသေးတာကြောင့် နားလည်မှုနဲ့သာ ခိုလှုံနေရတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

"သူတို့ဘက်က လက်မခံတော့ ပိုက်ဆံရှိသူတွေက ပွဲစားကတဆင့် ငွေကြေးပေးပြီးထိုင်းနိုင်ငံထဲဝင်ကြတယ်။ ပိုက်ဆံမရှိသူတွေက နယ်စပ်တလျှောက် ဒါမှမဟုတ် နီးစပ်ရာ ဥယျာဉ်ခြံတွေမှာ နေကြတာ" လို့ စစ်ရှောင်ကူညီနေသူ ထိုင်းရောက် မြန်မာတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုလပိုင်းတွေထဲ ထိုင်းအာဏာပိုင်းတွေဘက်က စစ်ရှောင်ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး သတိထားစောင့်ကြည့်နေသလို စားနပ်ရိက္ခာပစ္စည်းတွေများများစားစား ဝယ်ယူလို့ မရတဲ့အခြေအနေလည်း ကြုံနေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

တဖက် မြန်မာပြည်တွင်းဘက်က ဘုတ်ပြင်းမြို့ပေါ်ကိုတော့ စစ်ရှောင်တွေလာရောက်ကြတာမရှိသလို လမ်းခရီးမှာ စစ်ရေးတင်းမာမှုတွေရှိနေလို့ မြို့ပေါ်ကနေ ကူညီရေးလုပ်ငန်းတွေလည်းသွားရောက်လို့မရဘူးလို့ ပရဟိတအဖွဲ့တချို့ထံက သိရပါတယ်။