စစ်ကောင်စီ အုပ်ချုပ်ရေးမှူးမရှိတဲ့ ရခိုင်ပြည်နယ်က ကျေးရွာများ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့တို့မှာ ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ တာဝန်ကနေ အခုရက်ပိုင်း နုတ်ထွက်တာတွေ ရှိလာနေပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးအားလုံးနီးပါးဟာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတော့ကြောင်း စာတင်ပြီး နုတ်ထွက်ခဲ့ကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၀ ကျော်တို့ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘူးဆိုပြီး နုတ်ထွက်ခဲ့ကြပါသေးတယ်။

၂၀၂၂ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလ နှစ်လဆိုရင် ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့က အုပ်ချုပ်ရေးမှူး စုစုပေါင်း ၉၀ နီးပါး နုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်ပြီး ဒေသအခြေအနေတွေ အရ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား အကျပ်အတည်းတွေရှိလာနေတဲ့အတွက် အခုလို နုတ်ထွက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်နေကြပေမယ့် ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ကိုင်တွယ်ထားတာကြောင့် ဒေသအခြေအနေကတော့ တည်ငြိမ်မှုတွေရှိနေတယ်လို့ ရသေ့တောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ရဲ့ အုပ်ချုပ်ရေးအဖွဲ့ ရဲ့ ရဲတပ်ဖွဲ့တွေ၊ အချုပ်စခန်းတွေ စသဖြင့် ကျေးရွာတွေမှာ လည်ပတ်နေပြီး စစ်ကောင်စီ အုပ်ချုပ်ရေးဟာ မြို့ပေါ်လောက်သာ လည်ပတ်မှုရှိတယ်လို့ ရသေ့တောင် ဒေသခံတစ်ဦးက ပြောပါတယ်။

ရသေ့တောင်မြို့နယ်မှာ ကျေးရွာ ၁၉ ရွာရှိပြီး အဲဒီကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေ ဒီဇင်ဘာလ ၁၆ ရက်နေ့က အကုန်နီးပါး နုတ်ထွက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ 

အခုလို စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့ကြတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားလာရေးကအစ ထောက်ခံစာလုပ်တာနဲ့ ရုံးလုပ်ငန်းစဥ်တွေမှာတော့ အခက်အခဲတွေ ရှိလာကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ရက္ခိုင့်တပ်တော်ဘက်ကလည်း စစ်ကောင်စီ ဒေါက်တိုင်လို့ မြင်ကြသလို စစ်တပ်ဘက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အေအေ ထောက်ခံသူလို့ ယူဆတာတွေရှိတဲ့အတွက် သူတို့အတွက် အကျပ်အတည်းရှိပုံရတယ်လို့ ရသေ့တောင် ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက် အပစ်အခတ်ရပ်စဲထားကြပြီး ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာတွေ များပြားလာနေတာနဲ့ပတ်သက်လို့ စိစစ်နေတယ်လို့ ပြည်နယ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် မြောက်ဦး၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်တွေက ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အများအပြားနုတ်ထွက်ခဲ့ကြတာတွေလည်း ရှိခဲ့ဖူးပါတယ်။

ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက နုတ်ထွက်သွားကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လစ်လပ်နေရာတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ ပြန်လည်ခန့်ထားနိုင်တာမရှိသေးဘူးလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးနေရာတွေ အတွက် ဝင်ရောက်လုပ်ကိုင်မယ့်သူ မရှိဘဲဖြစ်နေတယ်လို့ သူတို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့စဥ်တုန်းက လည်း မင်းပြားမြို့နယ်က အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်တပ်ဘက်က နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့ပြီးနောက် သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်စဥ်တုန်းကလည်း ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တစ်ခုလုံးမှာရှိတဲ့ ကျေးရွာအုပ်စု ၆၉ အုပ်စုက အုပ်ချုပ်ရေးမှူးတွေဟာ တာဝန်က နုတ်ထွက်ဖို့အတွက် တင်ပြခဲ့ကြပါတယ်။