ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကေဘဏ္ဍာရေး ဝန်ကြီး ကွာစီကွာတဲန်း အနားပေးခံရ
ဗြိတိသျှ ဘဏ္ဍာရေးဝန်ကြီး ကွာစီကွာတဲန်းကို တာဝန်ကနေ အနားပေးလိုက်ပြီလို့ ဘီဘီစီက သိရှိရပါတယ်။
ဝန်ကြီးချုပ် လဇ် ထရပ်စ်က ဒီနေ့မှာ သူတို့ အစိုးရ တက်ကာစမှာ ကြေညာခဲ့တဲ့ ရေတို ဘတ်ဂျက်နဲ့ ပတ်သက်လို့ ဂငယ်ကွေ့ ပြန်သွားမယ့် အစီအစဉ်ကို ကြေညာမယ်လို့ ခန့်မှန်းနေကြစဉ်မှာပဲ အခုလို ဘဏ္ဍာရေး ဝန်ကြီးကို အနားပေးလိုက်တာ ဖြစ်ပါတယ်။
ဒုတိယ သက်တမ်းအတိုဆုံး ဘဏ္ဍာရေး ဝန်ကြီး
အဲဒီလို ရက် ၄၀ မပြည့်ခင်မှာ အနားပေးခံလိုက်ရတဲ့ အတွက် ကွာစီ ကွာတဲန်းဟာ ယူကေရဲ့ ဒုတိယ သက်တမ်း အတိုဆုံး ဘဏ္ဍာရေး ဝန်ကြီး အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။
သူ့ထက် သက်တမ်းတိုတဲ့ ဘဏ္ဍာရေး ဝန်ကြီးဖြစ်ခဲ့သူကတော့ အီယန် မက္ကလွိုက်ဒ် ဖြစ်ပြီး တာဝန်ထမ်းဆောင်ပြီး ရက်ပေါင်း ၃၀ အကြာမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ နောက်ပိုင်းက စပြီး ယူကေမှာ ဘဏ္ဍာရေး ဝန်ကြီး ၄ ယောက် ပြောင်းခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ တတိယ သက်တမ်း အတိုဆုံး ဘဏ္ဍာရေး ဝန်ကြီး ဖြစ်တဲ့ နာဒီန်း ဇာဟာဝီလည်း ပါဝင်ပါတယ်။ သူကတော့ ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် လက်ထက်မှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး သက်တမ်းက ၆၃ ရက်ပဲ ကြာခဲ့တာ ဖြစ်ပါတယ်။ နောက်တယောက်ကတော့ ဆာဂျစ် ဂျာဗစ် ဖြစ်ပြီး သူကတော့ ၂၀၄ ရက် ကြာခဲ့ကာ ဒုတိယကမ္ဘာစစ် ကာလနောက်ပိုင်း စတုတ္ထသက်တမ်း အတိုဆုံး ဘဏ္ဍာရေး ဝန်ကြီးဖြစ်ပါတယ်။
စတာလင်ပေါင် ဈေးထိုးကျသွား
ကွာစီ ကွာတဲန်း ဘဏ္ဍာရေး ဝန်ကြီးအဖြစ်က အနားပေးခံလိုက်ရတယ်ဆိုတဲ့ သတင်းထွက်လာပြီး နောက်မှာ စတာလင် ပေါင်ငွေရဲ့ ဈေးတွေ ထိုးကျသွားခဲ့ပါတယ်။ အခုဆိုရင် စတာလင် ပေါင် ၁ ပေါင်ဟာ အမေရိကန် ဒေါ်လာ ၁.၁၂ အောက်ကို ကျသွားပြီး အရင်တန်ဘိုးထက် ၁.၃ ရာခိုင်နှုန်း ကျသွားခဲ့တာ ဖြစ်ပါတယ်။
မနေ့ကတော့ ကွာတဲန်းရဲ့ ရေတိုဘတ်ဂျက်ထဲက အချို့ ကိစ္စတွေကို မလုပ်တော့ဘဲ ဂငယ်ကွေ့ ပြန်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်မှာ စတာလင်ပေါင်ဈေးတွေ ပြန်တက်လာခဲ့ပါသေးတယ်။
အခုအခါ မစ္စတာ ကွာတဲန်းရဲ့နေရာမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျယ်ရမီ ဟန့်ကို ခန့်အပ်လိုက်ပါတယ်။