ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေး လှုပ်ရှားသူတွေ ဂါဇာ အကူအညီ ကားတန်းအတွက် စစ်ခင်း
- ရေးသားသူ, ပေါလ် အဒမ်စ်
- ရာထူးတာဝန်, သံတမန်ရေး သတင်းထောက်၊ ဂျေရုဆလင်
- ရေးသားခဲ့သည်။
ဂါဇာမှာ စစ်ခင်းနေကြတာ စစ်မျက်နှာ စုံမှာပါ။ တခုကတော့ ကူညီရေးဘက်က ဖြစ်ပါတယ်။
ဂါဇာရဲ့ အဓိက ဝင်ပေါက် ကရမ် ရှလုံဂိတ်ကို လာတဲ့ ရိက္ခာကားတန်းကို အစ္စရေးတွေ ဆန္ဒပြတာတွေ ဖြစ်လာပြီး လတွေအကြာမှာတော့ တခြားအရေးကြီးတဲ့ လမ်းဆုံတွေမှာ ဒီပြိုင်ပွဲက ရွှေ့လာပါတယ်။
ကူညီရေးကားတန်းကို ကာကွယ်ပေးမယ့်သူနဲ့ ပိတ်ဆို့မယ့်သူတွေကြားက ပြိုင်ပွဲပါ။
အကူအညီကားတန်းတွေ ပိတ်ဆို့လုယက်ခံရတဲ့ပုံတွေက ဒီသီတင်းပတ်တွေအတွင်း လူမှုကွန်ရက်တွေမှာ ပြည့်လျှံနေခဲ့ပါတယ်။
အနောက်ဘက်ကမ်းက အစ္စရေး သိမ်းပိုက်နယ်မြေတွေမှာ နေကြတဲ့ ဂျူးအခြေချသူတွေ အပါအဝင် လက်ယာယိမ်း လှုပ်ရှားသူတွေက ဗီဒီယိုတွေ ဒါဇင်နဲ့ချီပြီး တင်ကြတာပါ။
အင်မတန်ငယ်တဲ့ ကလေးတွေအပါအဝင် လူအုပ်နဲ့ အစားအသောက်တွေကို မြေပေါ် ပစ်ပေါက်တာ၊ အကူအညီ ပစ္စည်းတွေပါတဲ့ ပုံးတွေကို တက်နင်းတာတွေ ဒီဗီဒီယိုတွေမှာ ပါပါတယ်။
အစ္စရေး ဓားစာခံတွေ မလွတ်မချင်း ဂါဇာသားတွေ ဘာမှ မရသင့်ဘူးလို့ စောဒက တက်သူတွေ အများအပြား ရှိပါတယ်။ ဒီအတောအတွင်း ဂါဇာကို အကူအညီပေးတာက စစ်ကို ရှည်စေရုံ သက်သက်ပဲလို့ သူတို့က မြင်ပါတယ်။
လုယက်ထားတဲ့ ကားတစီးပေါ်တက်ပြီး ဆန္ဒပြသမားတွေ အော်ဟစ် ကခုန်နေတဲ့ မြင်ကွင်းကို ဗီဒီယို တခုမှာ တွေ့ရပါတယ်။
နောက် ဗီဒီယိုမှာတော့ ရပ်ထားရတဲ့ ကားတစီး မီးလောင်နေပါတယ်။
ဂျေရုဆလမ်မြို့ထဲမှာ အစ္စရေးတွေက ကားသမားတွေကို ရပ်ခိုင်းပြီး ဂါဇာထဲ အကူအညီပို့တဲ့ကားတွေ မဟုတ်ကြောင်း စာရွက်စာတမ်းတွေ ပြခိုင်းတာကိုလည်း တခြား ဗီဒီယိုတွေမှာ တွေ့ရပါတယ်။
အနောက်ဘက်ကမ်းမှာတော့ ဂါဇာထဲ ပစ္စည်းပို့တာ မဟုတ်တဲ့ ကားသမား အနည်းဆုံး နှစ်ယောက်ကို ကားပေါ်က ဆွဲချပြီး ရိုက်နှက်ခဲ့ပါတယ်။
ဒီအတွက် အသက်ဘေးကို စိုးရိမ်ပြီး ကြောက်ရွံ့မိကြောင်း ပါလက်စတိုင်း ကားသမားတွေက ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်လာပြီးနောက် တချို့ အစ္စရေးတွေက ပြန်ခုခံလာကြပါတယ်။
ရိက္ခာကားတွေကို တိုက်ခိုက်သူတွေရဲ့ လှုပ်ရှားမှုကို လူမှုကွန်ရက်မှာ ခြေရာခံပြီး အရေးကြီးတဲ့ ဝင်ပေါက်တွေမှာ အသင့်ရှိနေအောင် ငြိမ်းချမ်းရေး သမားတွေက ပြင်ဆင်ထားပါတယ်။
အနောက်ဘက်ကမ်း တောင်ပိုင်းကနေ အစ္စရေးထဲ ကားတွေဝင်တဲ့ တာကူမီယာဂိတ်မှာ အတူရပ်တည်အဖွဲ့က လူတွေ ပုံမှန် စောင့်ပေးနေကြပါတယ်။
အဲဒီနေရာမှာ တိုက်ခိုက်မှုတွေ မကြာခင်က အများဆုံး ဖြစ်ခဲ့လို့ပါ။
ဂါဇာက လူတွေ ငတ်နေကြလို့ အကူအညီတွေ ဂါဇာကို ရောက်သင့်တယ်ဆိုပြီး အတူရပ်တည်အဖွဲ့ကို တည်ထောင်သူတွေထဲက ဆပ်ဖ် ပတီရှီက ပြောပါတယ်။
ဒီအုပ်စုမှာ အစ္စရေးနိုင်ငံအနှံ့က ဂျူးတွေနဲ့ အာရပ်တွေ ပါပါတယ်။
လမ်းဆုံအဝိုင်းထိပ်က ထန်းပင်တွေအောက်မှာ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေ နေပူဒဏ်က ခိုလှုံနေကြချိန်မှာပဲ ဖြတ်သွားတဲ့ ကားသမားတွေက ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ လက်ဝှေ့ယမ်း နှုတ်ဆက်ပြီး ကားဟွန်းတွေ တီးသွားကြပါတယ်။
လက်ယာ အုပ်စုငယ်တခုက ဆန္ဒပြသမားတွေ ရောက်လာကြပေမယ့် ငြိမ်းချမ်းရေး အုပ်စုနဲ့ စာရင် လူနည်းနေပါတယ်။
နှစ်ဘက် အပြန်အလှန် အငြင်းပွားနေကြပြီး တင်းမာမှု အရှိန်တက်လာပါတယ်။
ရဲတွေလည်း အနားမှာ ရပ်နေပြီး ဒီနှစ်အုပ်စု ရန်ဖြစ်ကြ ထိုးကြိတ်ကြရင် ဝင်ဖြန်ဖြေဖို့ အသင့် ဖြစ်နေပါတယ်။
ကူညီရေးကားတွေကို တိုက်ခိုက်တာတွေ ရပ်အောင် ရဲက နည်းနည်းပဲ တားဆီးတယ်ဆိုပြီး ငြိမ်းချမ်းရေးသမားတွေက စွပ်စွဲပါတယ်။
အစ္စရေး အစိုးရဆီက အကူအညီတွေကို ဂျူးအခြေချသူတွေ ရနေတဲ့ သက်သေ ရှိတယ်လို့ ပြောပါတယ်။
ရိက္ခာကားတွေကို တိုက်ခိုက်တဲ့ အုပ်စုတွေက ရဲနဲ့ စစ်တပ်ဆီက အကူအညီရနေကြောင်း သတင်းစကားတွေ ရှိတယ်လို့လည်း ပြောပါတယ်။
ရိက္ခာကားတန်း ဖြတ်သွားချိန်မှာ အစ္စရေးအလံ ကိုင်ထားတဲ့ အမျိုးသမီးငယ်နှစ်ယောက်က တားဖို့ ကြိုးစားပါသေးတယ်။
ဒီလို ပိတ်ဆို့ရတာကို မကြိုက်ဘူးလို့လည်း အေရီယယ်နဲ့ ရှီရာဆိုတဲ့ ဒီအမျိုးသမီးတွေက ပြောပါတယ်။
ဂါဇာမှာ ငတ်တာတွေ ဖြစ်နိုင်ပေမယ့် ဟားမတ်စ်က အကူအညီတွေကို လိုနေသူတွေကို မပေးဘဲ ခိုးယူသိုလှောင်ထားတယ်လို့ သူတို့က ယူဆကြပါတယ်။
နောက်ပြီး ဒီလို ရိက္ခာကားတွေကို တားဆီးလုယက် မီးရှို့နေတဲ့အတွက် အစ္စရေးအပေါ် ဘယ်လို ထင်မြင်လာနိုင်တယ်ဆိုတာကိုလည်း သူတို့က စိတ်မပူကြပါဘူး။
လူတွေ အထင်အမြင်ကို ဂရုစိုက်ရမယ့် အချိန် မဟုတ်ဘဲ ကိုယ့်အသက်နဲ့ မိသားစုကို ကာကွယ်ရမယ့်အချိန်လို့ ရှီရာက ဆိုပါတယ်။