ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖေဖော်ဝါရီ ၂၈ ရက် ထိပ်တန်းရောက်သတင်းများ - နိုင်ငံရေးပါတီ ၁၃ ခု တည်ထောင်ခွင့်လျှောက်
နေပြည်တော်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေကို လက်နက်ပေးအပ်ပွဲဆိုပြီး ဝါးချွန်တွေထုတ်ပေး
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ကြံ့ခိုင်ရေးရုံးမှာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား သုံးရာကို လက်နက်တပ်ဆင်ပွဲ လို့ အမည်တပ်ပြီး ဝါးချွန်တွေနဲ့ ဝါးရင်းတုတ်တွေ နဲ့အတူ ပါတီတံဆိပ်ရိုက်နှိပ်ထားတဲ့ အဝတ်အထည်တွေပေးအပ်ခဲ့တယ်လို့ အခမ်းအနားကို သွားရောက်ခဲ့သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က လုပ်ခဲ့တဲ့ ဒီအခမ်းအနားကို ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးမြင့်လှိုင်က ဦးဆောင်ခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကပြောပါတယ်။
အရပ်သားတွေကို လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားခွင့်ပြုပေးလိုက်တဲ့ အချိန်မှာ လက်နက်တပ်ဆင်ပွဲဆိုပြီး ဝါးချွန်တွေပေးတဲ့အပေါ် ပါတီတွင်းမှာပါဝေဖန်မှုတချို့ ရှိခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
‘’ပါတီက လူကြီးတွေကတော့ ကြိုက်ပုံမပေါ်ဘူး။’’လို့ အခမ်းအနားတက်ခဲ့တဲ့ ပါတီဝင်က ပြောပါတယ်။
ဒီအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ပါတီနဲ့နီးစပ်တဲ့ မီဒီယာတချို့ရဲ့ အဲဒီလက်နက်တပ်ဆင်ပွဲအကြောင်းထုတ်လွှင့်မှုတွေ ပြန်ဖြုတ်ချခဲ့ရတဲ့အကြောင်း သူကဆက်ပြောပါတယ်။
အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးလည်း ဖြစ်တဲ့ ဦးမြင့်လှိုင်ဟာ အရင်က ကြံ့ခိုင်ရေးပါတီရဲ့ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ လည်းဖြစ်ပြီး ပြီးခဲ့တဲ့ပါတီညီလာခံမှာ တောင်သူလယ်သမားဋ္ဌာနကြီးမှူးအဖြစ် ပြောင်းရွေ့ခံခဲ့ရပါတယ်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ‘မာရဝိဇယ’ ရုပ်ပွားတော် တည်ဆောက်ရေးကို လာရောက်
လူမြင်ကွင်းကို ထွက်လေ့မရှိတဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေပြည်တော်က “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို လာရောက်ကြည့်ရှုနေတဲ့ ဓာတ်ပုံတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပျံ့နှံ့လာခဲ့ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းခွင်ကို တစ်လ တစ်ကြိမ်လောက် လာလေ့ရှိတယ်လို့ စစ်ရုံးနဲ့ နီးစပ်တဲ့ နေပြည်တော်က သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
‘’သူက ရုပ်ပွားတော်မြတ်ကြီးရဲ့ မူလကုသိုလ်ရှင်တွေထဲက တစ်ဦးပဲလေ။ ဒါကြောင့် ပုံမှန်လာကြည့်ဖြစ်ပါတယ်’’ လို့ အထက်ပါ သတင်းအရင်းအမြစ်ကပြောပါတယ်။
လက်ရှိ ရုပ်ပွားတော်တည်ထားတဲ့ စကျင်ကျောက်တော်ကြီးကို Angelo Mining Co. Ltd. က ၂၀၁၃ ခုနှစ်မှာ Shwe Foundation ကိုလှူဒါန်းခဲ့ပြီး Shwe Foundation ရဲ့ လွှဲအပ်ချက်အရ တပ်မတော်က စကျင်ရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်ဖို့ ဦးစီး ဆောင်ရွက်ခဲ့တာလို့ ‘မာရဝိဇယ’ ရုပ်ပွားတော်ကြီးရဲ့ နောက်ခံသမိုင်းအရ သိရပါတယ်။
၂၀၁၁ ခုနှစ် မတ်လကုန်မှာ အနားယူပြီးကတည်းက လူမြင်ကွင်းကိုမထွက်တဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ ၂၀၁၉ ခုနှစ် ဇွန်လ က သားမက်ဖြစ်သူ ဗိုလ်ချုပ်သိန်းနိုင် နာရေး တုန်းက နေပြည်တော်က ကွေ့ကြီး သုဿန်ကို ရောက်လာဖူးပါတယ်။
အဲဒီအရင်ကတော့ ၂၀၁၆ ခုနှစ်က တရုတ်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို နေပြည်တော်အိမ်မှာ ရှားရှားပါးပါး လက်ခံတွေ့ဆုံခဲ့ပါတယ်။
နက်စ်လေ ထုတ်လုပ်ရေးအားလုံး မြန်မာနိုင်ငံမှာ ရပ်နားမယ်
ဆွစ်ဇာလန် စားသောက်ကုန်လုပ်ငန်းစုကြီး နက်စ်လေက မြန်မာနိုင်ငံက ထုတ်လုပ်ရေး လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းမယ်လို့ တနင်္လာနေ့မှာ အဲဒီကုမ္ပဏီ ပြောခွင့်ရသူက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ တိုတယ်လ်နဲ့ ရှက်ဗရွန် စွမ်းအင် ကုမ္ပဏီကြီးတွေနဲ့ တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီကြီးတွေလည်း ထွက်ခွာသွားကြပြီးဖြစ်ပါတယ်။
လက်ရှိ စီးပွားရေး အခြေအနေတွေကြောင့် ရန်ကုန်က နက်စ်လေ စက်ရုံနဲ့ ရုံးချုပ်တွေရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းမယ်မှာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ပြောတာပါ။
မြန်မာနိုင်ငံမှာ နက်စ်လေက အသင့်သောက်ကော်ဖီ၊ မက်ဂီခေါက်ဆွဲနဲ့ မိုင်လိုတို့ကို ရောင်းချနေတာပါ။
မြန်မာနိုင်ငံထဲကို ဖြန့်ဖြူးရေးပဲ လုပ်ဆောင်ပြီး ထိုင်း၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့က ထုတ်ကုန်တွေကို ဖြန့်ဖြူးမယ်လို့ ဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် သက်ရောက်မှုရှိသူတိုင်းအတွက် တတ်နိုင်သလောက် အထောက်အပံ့ပေးမယ်လို့လည်း ဆိုပါတယ်။
နက်စ်လေမှာ စက်ရုံနဲ့ ရုံးချုပ် ဝန်ထမ်း ၁၃၈ ဦး ရှိတယ်လို့ နက်စ်လေက ပြောပါတယ်။
သာကေတ ၄ တောင် အုပ်ချုပ်ရေးမှူးရုံးအနီး ပစ်ခတ်မှုဖြစ်၊ ဗုံးလည်း ပေါက်ကွဲ
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄ တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက် ည ၉ နာရီကျော်ခန့်က သေနတ်ပစ်ခတ်သံ ၆ ချက်ထက်မနည်း ဆက်တိုက်ကြားခဲ့ရပြီး အဲဒီနောက် တစ်နာရီခန့်အကြာမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံကိုလည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
“ဖြစ်တာကတော့ မနေ့ည ၉ နာရီကျော်လောက်ကပါ။ အများစုကတော့အိမ်တွေထဲမှာပဲရှိနေတာ။ တချို့လည်း လမ်းပေါ်မှာ ရှိနေတုန်း ပစ်သံကြားတော့ ထွက်ပြေးလာကြတယ်။ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး။ ဒီမနက်လည်း ဖမ်းဆီးခံရတာတို့ဘာတို့တော့မရှိသေးဘူး။ နောက် သက်ဆိုင်ရာက ရောက်လာပြီး ဗုံးကို ဖယ်ရှားသွားတာကို သိရပါတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မနေ့က ညပိုင်းမှာ သာကေတမြို့နယ် ၄ တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးကို ကားတစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက် တစ်နာရီခန့်အကြာ ည ၁၀ နာရီခွဲခန့်မှာ ဗုံးကို စစ်ကောင်စီတပ်တွေက ရှင်းလင်းဖောက်ခွဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်တဲ့အသံက အကျယ်ကြီး။ အိမ်တောင်တုန်တယ်။ သေနတ်သံတွေအရင်ကြားတော့ လူတွေက အကုန် ဘယ်သူမှအပြင်မှာမနေရဲတော့ဘူး။ ကြောက်လန့်ပြီး အကုန်အိမ်ထဲပဲနေကြတော့တာ။ သေနတ်သံစကြားတည်းကတော့ အပြင်မှာလူလည်းသိပ်မရှိတော့ပါဘူး။ နောက်လည်းကျနေပြီလေ။ နောက် ပြီးသွားပြီထင်နေတာ။ ဆယ်နာရီခွဲလောက်က ဗုံးပေါက်သံကြားတာပဲ။ ဗုံးက အတော်ပြင်းတယ်။ တိုက်ခန်းတွေပါ တုန်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သာကေတမြို့နယ်တွင်းက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပြန်လည်ရွေးချယ်ဖို့ ပြင်နေတယ်ဆိုတဲ့သတင်းတွေလည်း ဒီရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။
ဒါပေမဲ့ အခု ရပ်ကွက်ရုံးအနီးပစ်ခတ်မှုနဲ့ ဗုံးရှင်းလင်းမှုနဲ့ပတ်သက်လို့တော့ ဘယ်သူတွေက ဘာကြောင့် လုပ်တယ်ဆိုတာ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။
ညက ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမဲ့ ရပ်ကွက်ရုံးအနီးတဝိုက် ဒီမနက်ပိုင်းမှာ လမ်းပိတ်ဆို့ထားတာမရှိသလို ပုံမှန်အတိုင်းဖြတ်သန်းသွားလာမှုရှိနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း နဲ့ ကုလားတန် ဘက်စုံသုံးစီမံကိန်းကို စစ်ကောင်စီဥက္ကဋ္ဌ သွား
ရခိုင်ပြည်နယ်ကိုရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ရောက်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
တရုတ်ရင်းနှီးမြှပ်နှံမှုဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်စီမံကိန်းနဲ့ လူနေအိမ်ရာစီမံကိန်းတွေပါဝင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဟာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းမှာ ပါဝင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံသွားဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်တည်ရှိရာ အမ်း မြို့ ကိုပါ ဝင်ပြီး တပ် မိသားစုတွေနဲ့ တွေ့မယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဟာ မနေ့က စစ်တွေမှာရှိတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း ကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒီစီမံကိန်းထဲမှာ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်းတည်ဆောက်မှု နဲ့ ပလက်ဝ ကနေ မြန်မာ-အိန္ဒိယနယ်စပ်အထိ အဝေးပြေးကားလမ်းဖောက်လုပ်ဖို့ လည်း ပါဝင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်းအဖြစ်ရော ပြည်တွင်းဆိပ်ကမ်းအဖြစ်ပါ သတ်မှတ်ရန်ဆောင်ရွက်နေတာတွေကို စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က စစ်ကောင်စီဥက္ကဋ္ဌကို ရှင်းပြပါတယ်။
ဒီစီမံကိန်းဟာ မြန်မာ အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုအခွင့်အလမ်း ပိုရရှိစေနိုင်ပြီး အိန္ဒိယနိုင်ငံနဲ့သာမက တခြားနိုင်ငံတွေနဲ့ပါ တိုက်ရိုက်ကုန်သွယ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး တည်ငြိမ်အေးချမ်းမှသာ ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။
စီမံကိန်း လုပ်ငန်းခွင်ကို အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra လည်းရောက်လာပြီး စစ်ကောင်စီဥက္ကဋ္ဌ နဲ့တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌဟာ ဖေဖော်ဝါရီ ၂၇ ရက် က စစ်တွေမှာ ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ခဲ့ပါသေးတယ်။
ဒီနှစ် ဇန်နဝါရီက လည်း ထိုင်းတပ်မတော်စစ်ဦးစီးချုပ် နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ငပလီမြို့ မှာတွေ့ဆုံကြသေးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ နှစ်လအတွင်း ရခိုင်ကို နှစ်ခေါက်ရောက်လာတာလည်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရိုဟင်ဂျာဒုက္ခသည်စခန်းခေါင်းဆောင်တစ်ဦး ထပ်မံရိုက်နှက်ခံရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒုက္ခသည်စခန်းတစ်ခုမှာ ခိုလှုံနေတဲ့ စခန်းခေါင်းဆောင်တစ်ဦးကို လူအုပ်စုလိုက် ဝိုင်းဝန်းရိုက်နှက်မှုတစ်ခု ဖေဖော်ဝါရီ ၂၅ ရက်နေ့ညနေပိုင်းက ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရိုက်နှက်ခံလိုက်ရသူဟာ ဘာလူခါလီစခန်း အမှတ် ၁၈ ရဲ့ စခန်း ခေါင်းဆောင် မိုဟာမတ် နော်ဆိမ်ဖြစ်ပြီး အဲဒီနေ့ ညနေ ၇ နာရီခွဲခန့်မှာ သူ့နေအိမ်အနီးက ဈေးဆိုင်ကို ရောက်နေစဉ် တုတ်၊ ဓားတွေနဲ့ ရိုက်နှက်ခံလိုက်ရတာဖြစ်တယ်လို့ ကိုယ်တိုင်မြင်တွေ့သူတွေက ပြောဆိုကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှာရှိနေတဲ့ ရိုဟင်ဂျာတွေခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေမှာ အခုလအတွင်း ရိုက်နှက်သတ်ဖြတ်ခံရမှုတွေ ပိုအဖြစ်များလာပါတယ်။
စခန်းခေါင်းဆောင် မိုဟာမတ် နောက်ဆိမ်ဟာ ဝိုင်းဝန်းရိုက်နှက်ခံလိုက်ရတဲ့အတွက် ကျောကုန်း၊ လက်၊ ခေါင်းတို့မှာ ထိခိုက်ဒဏ်ရာတွေရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
၎င်းအားရိုက်နှက်နေကြစဉ် စခန်းအတွင်းမှာရှိသူတွေ ရောက်ရှိလာခဲ့တဲ့အတွက် အသက်မသေခဲ့ပေမဲ့ ဒတ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ဆိုပါတယ်။
ဖောဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ည ၉ နာရီကျော်အချိန်မှာ လူ ၁၀ ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ ကုတုပါလောင်စခန်းအတွင်း ဝင်ရောက်လာကာ သေနတ်ပစ်ဖောက်မှုတွေပြုလုပ်ခဲ့ကြတဲ့အတွက် ဒေသလုံခြုံရေးအဖွဲ့တွေ လာရောက်ရှင်းလင်းခဲ့ရတယ်လို့ ပြောဆိုကြပါတယ်။
အဲဒီလူတွေဟာ အာဆာအဖွဲ့ဝင်တွေဖြစ်ကြတယ်လို့ အဲဒီစခန်းမှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၁၀ နာရီလောက်မှာပဲ ကုတုပါလောင် အမှတ် ၁၇ ဒုက္ခသည်စန်းက ဘာသာရေးခေါင်းဆောင် မော်လဝီ ရှောမ်ရှုအာလောမ် ၃၈ နှစ်ဟာ အာဆာအဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် အခုလ ၁၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox Bazaar ခရိုင် အူခီယားမြို့နယ်အတွင်းက ဘာလူခါလီမှာရှိတဲ့ အမှတ် ၁၂ ဒုက္ခသည်စန်းခေါင်းဆောင် ဦးအဒူရော်ဟိမ် ၃၇ နှစ်ဟာသူ့ရဲ့ရုံးခန်းကို အသွား လမ်းမှာ အာဆာတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။
ဒါဟာ အာဆာတပ်ဖွဲ့ဝင်တွေ အခြေချခိုလှုံနေကြတဲ့ နယ်စပ်မျဉ်းပေါ်က ဒုက္ခသည်စခန်းအတွင်း အာဆာအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ RSO တို့ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းတချို့ မီးရှို့ဖျက်ဆီးခံရတဲ့နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စခန်းတွေမှာ ခုလို သတ်ဖြတ်မှုနဲ့ ရိုက်နှက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။
တာချီလိတ် ကြံ့ခိုင်ရေးရုံးအနီးမှာ ဗုံး ၅ လုံးပေါက်
ရှမ်းပြည်နယ်၊အရှေ့ပိုင်း တာချီလိတ်မြို့က ကြံ့ခိုင်ရေးပါတီရုံးအနီးမှာ ဗုံး (၅)လုံးအထိ ပေါက်ကွဲမှု ဖေဖော်ဝါရီလ(၂၇)ရက် ညပိုင်းကဖြစ်ပွားခဲ့ပြီး ဒါဟာ သူတို့လက်ချက်ဖြစ်တဲ့အကြောင်း အရှေ့ပိုင်း နဂါးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ည ၉ နာရီ ခွဲလောက်မှာပေါက်တဲ့ ဗုံးအရှိန်ကြောင့် ရပ်ကွက်အုပ်ချုပ်မှူး တစ်ဦး အပါအဝင် (၅)ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာချီလိတ်ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
‘’ဗုံးစမှန်တာတော့မဟုတ်ဘူး။ ဗုံးအရှိန်နဲ့ မှန်တွေကွဲပြီး မှန်စတွေစိုက်ကုန်တာ’’ လို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိခဲ့တဲ့ မျက်မြင်တစ်ဦးကပြောပါတယ်။
ဗုံးပေါက်ကွဲပြီးတဲ့နောက် စစ်တပ် နဲ့ ရဲ တွေရောက်လာပြီး လမ်းပိတ်ထားလိုက်ပြီး ဒီကနေ့မနက်မှာတော့ ပြန်လည်ဖြတ်သန်းခွင့်ပြုနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖောက်ခွဲမှုကိုပြုလုပ်ခဲ့တဲ့ အရှေ့ပိုင်း နဂါးအဖွဲ့ဟာ ဖေဖော်ဝါရီ လဆန်းမှာလည်း တာချီလိတ်က ဋ္ဌာနဆိုင်ရာရုံတွေအနီး ဖောက်ခွဲမှုတွေ လုပ်ခဲ့ပါသေးတယ်။
တာချီလိတ်မြို့နယ်မှာ ပြည်သူ့စစ်အများအပြားရှိပြီး ကြံ့ခိုင်ရေးပါတီအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။
အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပြန်ဖွင့်
တစ်ရက်ကို လူ ၂၅၀၀ ထုတ်ပေးသွားမယ်လို့ပြော
အွန်လိုင်းကနေ နိုင်ငံကူးလက်မှတ်လျှောက်တဲ့ဝန်ဆောင်မှုကို ဖေဖော်ဝါရီ ၂၇ ရက်က နာရီပိုင်းအကြာရပ်ဆိုင်းပြီးတဲ့နောက် မနေ့ညပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။
အဖွဲ့လိုက်လျှောက်ထားမှုတွေ မှာ ငွေသွင်းဖို့ကျန်နေလို့ပေါ်ပေါက်လာတဲ့ ပြဿနာတွေကို စိစစ်နေတာကြောင့် ခေတ္တရပ်ဆိုင်းခဲ့တာလို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အွန်လိုင်းက လျှောက်ထားမှုတွေကို တစ်ရက်ကို လူ ၂၅၀၀ ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
အွန်လိုင်းစနစ်သစ်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ လျှောက်ထားသူ ၈၀၀၀ ကျော်ရှိခဲ့တယ်လို့ သူကပြောပါတယ်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ ကြေညာချက်အရ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာတင် ရက်ချိန်းပေးမှုက မတ်လ ၁၇ ရက်အထိ ရှိနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ဟာ QR code နဲ့ ရက်ချိန်းယူတဲ့စနစ်ကို ၂၀၂၂ ခုနှစ် မတ်လမှာစတင်ကျင့်သုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဒီဇင်ဘာ ၅ ရက်မှာရပ်ဆိုင်းခဲ့ပါတယ်။
၂၀၂၃ ဇန်နဝါရီလဆန်းကစလို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ရပ်ဆိုင်းခဲ့လို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေ အခက်ကြုံခဲ့ရပါတယ်။
အွန်လိုင်းစနစ်သစ်ကို ဒီလဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်စတင်ခဲ့တာပါ။
ဒေသခံအတွက် မိုင်းအန္တရာယ်ကင်းရှင်းရေး လုပ်နေတယ်လို့ အေအေပြော
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် မြေမြှုပ်မိုင်းတွေနေရာအနှံ့ပြန့်ကျဲနေပြီး အရပ်သားသေဆုံးထိခိုက်မှုတွေများလာတဲ့ မိုင်းပေါက်ကွဲမှုတွေ လျှော့ချနိုင်အောင်လုပ်နေတယ်လို့ ရက္ခိုင့်တပ်တော် အေအေ က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းမြို့နယ်အများစုမှာ ဒေသခံပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ မိုင်းပေါက်ကွဲမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာဖြစ်ပြီး အဲဒီအတွက် မြေမြှုပ်မိုင်းအန္တရာယ်တွေလျှော့ချနိုင်ဖို့ ပညာပေးဆောင်ရွက်နိုင်ရေလုပ်နေတယ်လို့ မနေ့ကလုပ်တဲ့ ULA/AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုတွေနဲ့ကြုံနေကြရတဲ့ ဒေသတွေကတော့ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကြတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ အမ်းမြို့နယ်တွေမှာဖြစ်ပါတယ်။
အဲ့ဒီဒေသခံတွေဟာ တိုက်ပွဲတွေမရှိတဲ့အချိန်မှာ သူတို့ရဲ့စားဝတ်နေရေးအတွက် တောတောင် ဥယျာဉ်တွေကိုမှီခိုလုပ်ကိုင်နေကြရပြီး အဲဒီနေရာတွေဟာ မြေမြှုပ်မိုင်းတွေနဲ့ စစ်ကျန်လက်နက်ခဲယမ်းတွေဟာ နေရာတိုင်းလိုလိုမှာရှိနေတာကြောင့် နေ့စဥ်လိုလို ပေါက်ကွဲမှုတွေကြုံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်လောက်ကစလို့ အခုလို မိုင်းအန္တရာယ်တွေကိုလျှော့ချနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတချို့လည်း မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြတာတွေလည်း ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကစလို့ ၂၀၂၃ ခုနှစ်ဆန်းပိုင်းအထိ မြေမြှုပ်မိုင်းနဲ့ လက်နက်ခဲယမ်းအန္တရာယ်ကြောင့် ိခိုက်သေဆုံးခဲ့ရသူပေါင်း ၃၀၀ နီးပါးထိရှိလာနေပြီဖြစ်တယ်လို့ မိုင်းအန္တရာယ်အသိပညာပေးတွေဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
နိုင်ငံရေးပါတီ ၁၃ ခု တည်ထောင်ခွင့်လျှောက်
ပြည်သူ့ပါတီ နဲ့ NLD အမတ်ဟောင်းပါတီ ပေါင်းစည်း
နိုင်ငံရေးပါတီတည်ထောင်လိုသူတွေ လာလျှောက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ပြီး တစ်လနီးပါးအတွင်း ကြံ့ခိုင်ရေးပါတီ အပါအဝင် ပါတီ ၁၃ ခု ပြန်လျှောက်ထားခဲ့ပါတယ်။
တည်ဆဲပါတီ ၉ ခု က ပြန်လည်တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ပြီး အသစ်တည်ထောင်မယ့်ပါတီက ၄ ပါတီ ရှိနေကြောင်း ကော်မရှင်ရဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
လာလျှောက်တဲ့ပါတီတွေထဲ ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီက ၅ ပါတီ ရှိပြီး တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီက ၈ ပါတီ အထိ ရှိနေတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆဲပါတီ ၉၁ ပါတီရှိနေပြီး တည်ဆဲပါတီတွေပါ ပါတီသစ်တွေနည်းတူ ဥပဒေထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်တင်ရမှာဖြစ်ပါတယ်။
ပြန်မလျှောက်တော့တဲ့ ပါတီတွေကတော့ အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်တယ်လို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။
ပြန်လည်လျှောက်ထားတဲ့ တည်ဆဲပါတီ ၉ ခု ကတော့
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ
၂။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ
၃။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
၄။ ဒီမိုကရေစီပါတီသစ်(ကချင်)
၅။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ
၆။ အမျိုးသားဒီမိုကရေစီပါတီသစ်
၇။ ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ
၈။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၉။ ရခိုင့်ဦးဆောင်ပါတီ
တို့ဖြစ်ကြပါတယ်။
အသစ်လျှောက်ထားလာတဲ့ပါတီ (၄) ခုကတော့
၁။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ
၂။ ပြည်ထောင်စုဒီမိုကရေစီပါတီ
၃။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ
၄။ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ
တို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆဲပါတီ ၉၁ ပါတီရှိနေပြီး အဲဒီပါတီတွေအနေနဲ့ နိုင်ငံရေးပါတီအဖြစ်ဆက်လက်ရပ်တည်နိုင်ဖို့ ပါတီမှတ်ပုံပြန်တင်တာကို ဥပဒေထုတ်ပြန်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို ထပ်မံ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။
တစ်လ နီးပါးကြာတဲ့ ၁၃ ပါတီအထိပဲ လာလျှောက်သေးတာဖြစ်ပေမယ့် ပါတီတချို့ကတော့ မှတ်ပုံပြန်တင်ဖို့ လှုပ်ရှားနေကြတာတွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေနုတ်ထွက်ပြီး အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ကိုတည်ထောင်ခဲ့တဲ့ ဦးစိန်ဝင်းလည်း သူ့ပါတီကို ဖျက်သိမ်းပြီး ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ပူးပေါင်းမယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
အလားတူ NLD ပါတီဝင်ဟောင်းတွေဖြစ်တဲ့ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊ စစ်ကောင်စီဝင်ဟောင်း ဦးခင်မောင်ဆွေရဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တို့လည်း မကြာခင်မှတ်ပုံတင်မယ့်အကြောင်း ကြေညာချက်ထုတ်ထားကြပါတယ်။
တည်ဆဲပါတီတွေထဲက ပြန်မလျှောက်တော့တဲ့ ပါတီတွေ အလိုအလျောက် ဖျက်သိမ်းပြီးဖြစ်တယ်လို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာ ဖော်ပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။