မတ်လ ၁၅ ရက် နောက်ဆုံးရသတင်းများ - ပါတီတွေမှတ်ပုံတင်ရမယ့်နောက်ဆုံးရက်ကို မတ်လ ၂၈ ရက် သတ်မှတ်

ရေးသားခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီတွေကို ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ခိုင်းထားတာဖြစ်ပြီး မတ်လ ၂၈ ရက် ကို နောက်ဆုံးမှတ်ပုံတင်ရမယ့်ရက် အဖြစ် စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။

လာမယ့် မတ်လ ၂၆ ရက်မှာ ရက်ပေါင်း ၆၀ ပြည့်မှာဖြစ်ပေမယ့် ရုံးပိတ်ရက်ခံနေလို့ ရက်ရွေ့ပေးလိုက်တာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မတ်လ ၁၄ ရက်အထိ စာရင်းတွေအရ ပါတီမှတ်ပုံပြန်လည်တင်တာနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားတာ စုစုပေါင်း ၂၃ ပါတီရှိနေပါတယ်။

အရင်ရှိပြီးသား နိုင်ငံရေးပါတီ ၉၁ ခုရှိတဲ့အနက် ၁၇ ပါတီပဲ မှတ်ပုံတင် ပြန်လည်လျှောက်ထားသေးတာတွေ့ရပါတယ်။

ကျန်တဲ့ ၆ ပါတီကတော့ ပါတီအသစ်ဖွဲ့စည်းတည်ထောင်တဲ့ ပါတီတွေဖြစ်ပါတယ်။

အဲဒီပါတီတွေထဲမှာမှ ပြည်ထောင်စုတဝန်းလုံးမှာ မဲဆွယ်စည်းရုံးမယ့်ပါတီက ငါးပါတီပဲရှိပြီး တိုင်းနဲ့ပြည်နယ်တစ်ခုတည်းမှာပဲ အခြေပြုစည်းရုံးမယ့်ပါတီက ၁၈ ပါတီ ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးဖို့ ထိပ်ဆုံးက မှတ်ပုံတင်ထားပါတယ်။

ဒါပေမဲ့ မြန်မာပြည်ရဲ့အထွေထွေရွေးကောက်ပွဲတွေမှာ ဆက်တိုက်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ မှတ်ပုံပြန်တင်ဖို့အလားအလာ မရှိသလောက်နည်းသွားပြီလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ နဲ့ စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့လည်း မှတ်ပုံလာမတင်ကြသေးပေမယ့် ပြန်လည်မှတ်ပုံတင်မယ်လို့ ကြေညာထားကြပါတယ်။

အလားတူ တိုင်းရင်းသားပါတီကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရခိုင်အမျိုးသားပါတီတို့လည်း မတ် ၁၄ ရက်အထိ မှတ်ပုံတင်တဲ့ စာရင်းထဲမှာမတွေ့ရသေးပါဘူး။

ပါတီမှတ်ပုံတင်ဥပဒေသစ်အရ တည်ဆဲပါတီတွေပါ ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး ပြန်မတင်တဲ့ပါတီတွေက ပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အာဏာသိမ်းပြီးကတည်းက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ရှိတယ်လို့ NUG ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ် ရှိခဲ့ပြီး သေဆုံးသူ ၇၆၆ ဦး အထိရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

လူ ၅ ဦးထက်ပိုမိုတဲ့ သတ်ဖြတ်ခံရမှုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၆ ကြိမ် ရှိခဲ့ပြီး ၄၄၉ ဦး အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားတာပါ။

၂၀၂၁ ဇူလိုင်ကနေ စတင်ရေတွက်တဲ့ ဖြစ်စဥ်တွေထဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါ လေကြောင်းတိုက်ခိုက်မှုမှာ ၈၀ ဦး သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံးဖြစ်စဥ်အဖြစ် NUG က ရည်ညွှန်းပါတယ်။

၂၀၂၁ ခုနှစ် အတွင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၉ ကြိမ် အတွင်း ၁၄၇ ဦးသေဆုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၄ ကြိမ် အထိ တိုးလာပြီး သေဆုံးသူလည်း ၅၁၅ ဦး အထိ မြင့်တက်လာတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

ဒီနှစ် မတ်လ ၁၃ ရက်နေ့အထိ စာရင်းတွေအရ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်(၁၁)ကြိမ် အတွင်းမှာ ၁၀၃ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။

NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်အဖွဲ့တွေကို အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းစဥ်နဲ့ တုန့်ပြန်နေပေမယ့် အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ တုန့်ပြန်ပါတယ်။

NUG နဲ့ PDF က သာ စစ်တပ်ထောက်ခံသူအရပ်သားတွေနဲ့ အစိုးရဝန်ထမ်းတွေအပါအဝင် လူထောင်ဂဏန်းအထိ သတ်ဖြတ်ခဲ့တာလို့ သူက ပြန်လည်စွပ်စွဲပြောဆိုထားပါတယ်။

“ဝ” ဒေသ ပန်ဆန်းမှာ မြောက်ပိုင်းလက်နက်ကိုင်တွေ အစည်းအဝေးပြုလုပ်

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစုံ ဝ လက်နက်ကိုင်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေ ပန်းဆန်းမှာ အစည်းအဝေး ကျင်းပနေတယ်လို့ FPNCC အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ - SSPP/SSA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ဘီဘီစီကိုပြော ပါတယ်။

“အဖွဲ့စုံပါပါတယ်။ ပန်ဆန်းမှာအစည်းအဝေးလုပ်ပြီ။ ကြာမယ့်ရက်နဲ့ ဆွေးနွေးတဲ့အကြောင်းအရာ အတိအကျကိုတော့ မသိရသေးပါဘူး။ တရုတ်ကိုယ်စားလှယ်အသစ်ပါတာမျိုးတော့ မကြားမိပါဘူး” လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။

မတ်လ ၁၄ရက်နေ့က စတင်တဲ့ အဲဒီအစည်းအဝေးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အတွင်း ရေးမှူး-၃ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ကတက်ရောက်နေတယ်လို့ သိရပါတယ်။ ရခိုင်ဘက်က လည်း ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုယ်တိုင် ဦးစီးတက်ရောက်တယ်လို့ ရခိုင်သတင်းတွေအရသိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးကိုယ်စားလှယ် Deng Xijin က မတ်လ ပထမပတ်အတွင်း နေပြည် တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ မြောက်ပိုင်းကလက်နက်ကိုင်အဖွဲ့တွေနဲ့ ထပ်မံ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာနဲ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွေတုန်းကတော့ Deng Xijin ဟာ FPNCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တာမျိုး ရှိထားပါတယ်။

FPNCC မှာ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလား၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)- ကိုးကန့်အဖွဲ့နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှုတွေ အထူးအယူခံတင်မယ်

ကျန်းမာရေးကောင်းမွန်တယ်လို့သိရ

နေပြည်တော်အချုပ်ထောင်မှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုတွေကို အထူးအယူခံတက်ဖို့ ရှေ့နေတွေကို ကိုယ်စားလှယ်လွှဲစာပေးခဲ့တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ပါတီမှတ်ပုံပြန်တင်ဖို့ ကုန်ဆုံးရက်နီးကပ်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူ့အနေနဲ့ အဲဒီကိစ္စကို သိရှိထားခြင်းမရှိဘူးလို့ ဘီဘီစီကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့အမှုပေါင်း တစ်ဒါဇင်ကျော်ကို ရင်ဆိုင်ထားပြီးနောက် စစ်ကောင်စီတရားရုံးတွေက ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်တာကိုခံထားရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာတော့ အမှုတွေကို အထူးအယူခံတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကို ကိုယ်စားလှယ်လွှဲစာပေးခဲ့ပြီး လူချင်းတွေ့ခွင့်မရခဲ့ဘူး လို့ ဒီကိစ္စကို သိရှိထားသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘’နိုင်ငံရေးကိစ္စမပါဘူး။ အမှုအတွက် ပါဝါလက်မှတ်ထိုးပေးတာတောင် ကြားထဲကတစ်ဆင့်ခံပဲ။ လူချင်းတွေ့ခွင့်မရဘူး’’ လို့ သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လိုအပ်တာတွေကို ပုံမှန်ပို့ဆောင်ပေးနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဦးမြင့်လှိုင် ကြံ့ခိုင်ရေးပါတီကနေ အနားယူဖို့စာတင်ထား

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဟောင်း ဦးမြင့်လှိုင် ကျန်းမာရေးအရ ပါတီကနေ အနားယူဖို့ စာတင်ထားတယ်လို့ ပါတီဝင်တချို့ဆီက သိရပါတယ်။

ဖေဖော်ဝါရီလထဲမှာပြုလုပ်ခဲ့တဲ့ နေပြည်တော်က ပါတီဝင်တွေကို ဝါးချွန်တွေပေးအပ်ပွဲအပြီးမှာ အနားယူတဲ့ ကိစ္စပေါ်ထွက်လာတာဖြစ်ပြီး သူ့မိတ်ဆွေတွေကတော့ ဦးမြင့်လှိုင်အနားယူတာဟာ ဝါးချွန်ကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ပြောပါတယ်။

‘’ဆီးကျိတ်ဖြစ်နေတာ။ စင်္ကာပူတောင်သွားကုရတယ်။ ဝါးချွန်ကိစ္စနဲ့ မဆိုင်ပါဘူး’’ လို့ ပြောပါတယ်။

အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်ဟာ စစ်တက္ကသိုလ်အပတ်စဥ်(၁၇)ဆင်းဖြစ်ပြီး လက်ရှိ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့နဲ့ အပတ်စဥ် တူပါတယ်။

ဦးမြင့်လှိုင် အနားယူဖို့ စာတင်ထားတာမှန်ကန်ပြီး ပါတီက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိသေးဘူးလို့ ပါတီဗဟိုကော်မတီဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က သူ့မိန့်ခွန်းတစ်ခုမှာ လယ်သမားတွေကို အကြွေးကြေအောင် ထမင်းတစ်နပ် လျှော့စားခိုင်းလို့ ‘’တစ်နပ်စားမြင့်လှိုင်’’ လို့ နာမည်ကြီးခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ NLD အမတ်ကို ရှုံးခဲ့ပေမယ့် ကြံ့ခိုင်ရေးပါတီရဲ့ နေပြည်တော်ကောင်စီနယ်မြေ တာဝန်ခံအဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လုပ်နေခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ပါတီညီလာခံမှာ တောင်သူလယ်သမားရေးရာ ဌာနကြီးမှူးအဖြစ် ပြောင်းရွေ့ခံခဲ့ရပါတယ်။

ရိုဟင်ဂျာ ပြန်လည်လက်ခံရေးကိစ္စ စစ်ကောင်စီဝန်ကြီးအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိ

မြန်မာစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာကို မတ်လ ၁၅ ရက် ဒီကနေ့မနက်ပိုင်းက ရောက်ရှိနေပြီလို့ သိရပါတယ်။

ဝန်ကြီးဦးအောင်မျိုးနဲ့အတူ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနဲ့တခြားဌာနဆိုင်ရာ တာဝန်ရှိသူ ၇ ဦးခန့်ပါဝင်တယ်လို့သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ တက္ကနာမြို့ကို မောင်တောမြို့ကနေတစ်ဆင့် ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်အိမ်ထောင်စုတချို့နဲ့ တွေ့ဆုံဖို့ခေါ်ထားတာရှိတယ်လို့ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်ဖို့စာရင်းပေးထားကြတာတွေရှိနေပြီး အဲ့ဒီလူတွေစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကိုပေးပို့ထားသလို မြန်မာဘက်ကလည်း လက်ခံနိုင်တဲ့လူတွေရဲ့စာရင်းတွေကို တစ်ဖက်အစိုးရဆီ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အပြန်အလှန်ပေးပို့ထားတဲ့ လူဦးရေစာရင်းအတိအကျကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

“ဒီကလည်း နေရပ်ပြန်ခွင့်တင်ထားတဲ့ မိသားစုတွေထဲက တချို့ကိုသူတို့နဲ့တွေ့ဖို့အတွက် ခေါ်သွားတာရှိတယ်။ အဲ့ဒီလူတွေကိုစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်”လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ‌ရိုဟင်ဂျာတစ်ဦးက ပြောပြပါတယ်။

လူမှုရေးဝန်ကြီးရဲ့ အခုခရီးစဥ်ဟာ မြန်မာဘက်က ပေးထားတဲ့ စာရင်းတွေထဲမှာ မပါသူတွေကို စိစစ်တာအပြင် ပေးထားတဲ့ စာရင်းတွေမှာ မရှိတော့တဲ့ အိမ်ထောင်စုတွေအရေး ဆွေးနွေးတာတွေပါဝင်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သိရပါတယ်။

အဲ့ဒီခရီးစဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ရေးအတွက် သွားရောက်ညှိနှိုင်းကြတဲ့ခရီးစဉ်ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့လက်ခံနိုင်တဲ့ ဒုက္ခသည်တွေရဲ့စာရင်းတွေကို စိစစ်မှုတွေပြုလုပ်ပြီး ပေးဖို့ထားတာ ကြာနေပြီဖြစ်သလို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ပို့ဆောင်ပေးခြင်းမရှိတဲ့အတွက် လက်ခံရေးအစီစဉ်တွေကို မစတင်နိုင်သေးတာဖြစ်တယ်လို့ သိရပါတယ်။

“ဝန်ကြီးအပါအဝင် ၇ ဦးက တက္ကနာမှာ ဆေးနွေးဖို့ရှိပါတယ်။ ၇ ရက်အကြာဆွေးနွေးမှာပါ။ အဲ့ဒီမှာပဲနေပြီးဆွေးနွေးမလား၊ ပြန်လာလိုက်ပြန်သွားလိုက်ဆွေးနွေးကြမလားတော့မသိသေးဘူး”လို့ ဦးလှသိန်းက ပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီအနေနဲ့ အဲ့ဒီလူတွေကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ စတင်နိုင်ရေးအတွက် လုပ်ဆောင်နေပြီး ဘယ်နေ့ဘယ်အချိန်မှာ စတင်နိုင်မယ်ဆိုတာကိုတော့ ရက်ချိန်းသတ်မှတ်တာမရှိသေးဘူးလို့ပြည်နယ်ကောင်စီပြောခွင့်ရပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

ပြန်လည်လက်ခံနိုင်ရေးအတွက်လည်း မြန်မာဘက်က ဆောင်ရွက်ထားတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်တဲ့ သံတမံအဖွဲ့တစ်ဖွဲ့ရောက်ရှိလာခဲ့ပြီး မောင်တောမြို့နယ်က ပြန်လည်လက်ခံရေးစခန်းတွေဆီ သွားရောက်လေ့လာခဲ့ကြပါတယ်။

လက်ခံမယ့်စာရင်းတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင် ဒုက္ခသည်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေဟာ နိုင်ငံတကာအကူအညီတွေကို ရယူပြီးရပ်တည်နေကြရသူတွေဖြစ်တဲ့အတွက် အဲ့ဒီမှာနေထိုင်ကြရတာ အဆင်မပြေမှုတွေနဲ့ကြုံနေကြရသလို စိုးရိမ်မှုတွေနဲ့လည်းရှိနေတာကြောင့် ပြန်လာချင်သူတွေအများနေတယ်လို့ စခန်း ၈ မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ပြန်လာတဲ့အခါ ‌မူလနေရာတွေမှာ ပြန်လည်ထားရှိပေးဖို့၊ နိုင်ငံသားအရေး၊ လုံခြုံရေးစတဲ့ ကိစ္စတွေကို တိတိကျကျ ‌ပြောပြတာ၊ သိရှိရတာမရှိတာကြောင့်လည်း နေရပ်ပြန်ရေးအတွက် စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းမှာ စစ်ဘေးရှောင်သူ ၃သောင်းလောက်ရှိလာ

တိုက်ပွဲအတွင်း ပိတ်မိသူတွေဆက်ရှိနေ

ကရင်နီဒေသ (ကယားပြည်နယ်)၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်၊ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေကြောင့် ဒေါဒမကြီး အပါအဝင် ကျေးရွာအုပ်စု ၄ခုက ဒေသခံ ၃သောင်းကျော်အထိ စစ်ဘေးတိမ်းရှောင်လာရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေထံကသိရပါတယ်။

အခုစစ်ဘေးရှောင်ရတဲ့သူတွေထဲမှာ လူဦးရေ ရှစ်ထောင်ကျော်လက်ရှိတိုက်ပွဲတွေကြောင့် ပထမဆုံး အကြိမ်စစ်ဘေးရှောင်ရသူတွေဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေထဲ အသက်အရွယ်ကြီးရင့်သူတွေ၊ ကလေးငယ်တွေ အများအပြားပါဝင်နေတယ်လို့ သိရပါတယ်။

“ဒေါဒမကြီးဘက်မှာ ထွက်ပြေးရသူတွေရဲ့ ကျန်ခဲ့တဲ့ ဆန်အပါအဝင် ရိက္ခာတွေကို စစ်တပ်က အားလုံးကို သယ်ပြီး ဘောလခဲဘက်ကို ယူသွားတာ၊ စစ်ရှောင်တွေက နိုင်သလောက်ပဲသယ်နိုင်ကြတယ်။ အခုတော့ ရိက္ခာ၊ ဆေးဝါးလိုအပ်တာတွေလည်း ရှိလာတယ်” လို့ ကရင်နီစစ်ဘေးရှောင်ကူညီနေသူ ကိုဗညားက ဘီဘီစီ ကိုပြောပါတယ်။

အဲဒီလိုတိမ်းရှောင်သူတွေကို စစ်ဘေးရှောင်ကူညီသူတွေက စစ်ပွဲတွေအတွင်းက ကယ်ထုတ်ရွှေ့ပြောင်း ပေးတာတွေကို လုပ်ပေးနေပေမယ့် တိုက်ပွဲအတွင်း ဆက်လက်ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိအချိန်အထိကို ချိတ်ဆက်ကယ်ထုတ်နိုင်ရေးကို လုပ်ဆောင်ပေးနေရတယ်လို့ သိရပါတယ်။ ပိတ်မိနေတဲ့ အရေအတွက်အတိအကျကို လက်ရှိမှာမသိရှိရသေးပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေတာ ကြောင့် မကယ်ထုတ်နိုင်သူတွေကျန်နေသေးတယ်လို့ စစ်ဘေးရှောင်ကူညီနေသူ ကိုဗညားက ဘီဘီစီကိုပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က ဒီးမော့ဆိုရဲ့ နေရာအနှံ့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။ အဲဒါအပြင် လေကြောင်းကပစ်ခတ် တိုက်ခိုက်မှုတွေလည်း နေ့တိုင်းနီးပါးရှိနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေ ဘက်က သိရပါတယ်။

စစ်တပ်က ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို ဘောလခဲဘက်ကစစ်ကြောင်း ၃ကြောင်း၊ ပင်လောင်း၊ ဖယ်ခုံ ဘက်က စစ်ကြောင်း ၄ကြောင်း၊ ‌ဒေါဆဲ၊ ကန်ခုနှစ်ဆင့်ဘက်က စစ်ကြောင်း ၂ ကြောင်း၊ ရှားတောဘက်က စစ်ကြောင်း ၃ကြောင်း တို့နဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက စတင် စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ကယားပြည်နယ်ထဲက လူဦးရေ ၃ သိန်းကျော်ရဲ့ သုံးပုံ ၂ပုံကျော်အထိ စစ်ဘေး ရှောင်နေထိုင်နေကြရပါတယ်။

ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုအတွက် ရင်းနှီးမြှုပ်နှံမှုထပ်မံဖိတ်ခေါ်

ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုမှာ ရင်းနှီးမြှပ်နှံဖို့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေကို ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ဖိတ်ခေါ်နေပါတယ်။

ကချင်ပြည်နယ်ထဲက ဖုန်အင်ခ ရေအားလျှပ်စစ်စီမံကိန်း နဲ့ ကဆန် ရေအားလျှပ်စစ်စီမံကိန်း၊ရှမ်းပြည်နယ်ထဲက နမ့်မယ်ဆိုင် ရေအားလျှပ်စစ်စီမံကိန်းနဲ့ မန္တလေးတိုင်းထဲက အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ပြည်တွင်းကုမ္ပဏီတွေကို ဖိတ်ခေါ်တာဖြစ်ပါတယ်။

ဒီ ရေအားလျှပ်စစ်စီမံကိန်းအသစ်လေးခုကို မနှစ်ကလည်း တင်ဒါခေါ်ခဲ့ပေမယ့် အကောင်အထည်မဖော်နိုင်ခဲ့လို့ အခုလိုထပ်ခေါ်တာလည်းဖြစ်ပါတယ်။

‘’တာချီလိတ်နားက နမ့်မယ်ဆိုင်စီမံကိန်းကို လုပ်ချင်တဲ့ ကုမ္ပဏီရှိခဲ့တယ်။ နည်းပညာပိုင်းဆိုင်ရာအားနည်းမှုကြောင့် ကျွန်တော်တို့ခွင့်မပြုခဲ့ဘူး’’ လို့ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီစီမံကိန်း ၄ ခုကနေ လျှပ်စစ် ဘယ်လောက်မဂ္ဂါဝပ်ထုတ်ရမယ်လို့ ဖော်ပြမထားဘဲ တင်ဒါပုံစံဝယ်ယူမှသာ သိခွင့်ပေးမယ်လို့ ဆိုပါတယ်။

ဘီဘီစီရဲ့ စုံစမ်းမှုအရ ဒီစီမံကိန်း ၄ ခုမှာ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းကလွဲရင် ကျန်တဲ့ စီမံကိန်း ၃ ခုက အသေးစား လို့သိရပါတယ်။

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်တွေအရ ၁၀ မဂ္ဂါဝပ်ထုတ်နိုင်ရင် အသေးစားစီမံကိန်းလို့ သတ်မှတ်ပြီး ၃၀ မဂ္ဂါဝပ် အထက်ကိုတော့ အကြီးစားစီမံကိန်းလို့ သတ်မှတ်ပါတယ်။

ညောင်ရွှေထောင်ဖောက်မှု အကျဉ်းသားတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်က အကျဉ်းသား ၁၅ ဦး ထွက်ပြေးဖို့ ကြိုးစားတာကို သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့လို့ အကျဉ်းသားတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဥ် မနေ့က ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၁၄ ရက် နံနက် ၈ နာရီခွဲအချိန်မှာ အကျဉ်းသား ၁၅ ဦးဟာ အိပ်ဆောင်လှေကားမှာရှိတဲ့ သစ်သားလက်ရန်းတန်းတွေကို ချိုးဖျက်ပြီး တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကို ရိုက်နှက်တိုက်ခိုက်ကာ အုတ်ရိုးကျော်တက်ထွက်ပြေးဖို့ ကြံစည်ကြိုးစားခဲ့ကြတယ်လို့ အကျဉ်းဦးစီးက ထုတ်ပြန်ပါတယ်။

မျှော်စင်တာဝန်ကျဝန်ထမ်းက သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တာကို အကျဉ်းသားတွေက နာခံမှုမရှိဘဲ CCTV ကြိုးတွေနဲ့ ဆိုလာဓာတ်မီးတိုင်တွေကို ဖျက်ဆီးတာအပြင် အစောင့်ဝန်ထမ်းတွေကို ခဲနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့ကြတယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တခြားအိပ်ဆောင်တွေမှာရှိတဲ့ အကျဉ်းသား၊အချုပ်သားတွေပါ ဆူပူမလာဖို့နဲ့ လုံခြုံရေးမကျိုးပေါက်စေဖို့ သေနတ် ၅ ချက်ပစ်ခတ်ပြီး နာရီဝက်အတွင်း အခြေအနေ တည်ငြိမ်အောင်ထိန်းသိမ်းဆောင်ရွက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပဏာမစိစစ်မှုအရ အကြမ်းဖက်ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတချို့ကဦးဆောင် ထွက်ပြေးဖို့ ကြံစည်ကြိုးပမ်းခဲ့ကြပြီး တခြားအကျဉ်းသားတွေလည်း ပါဝင်ခဲ့ကြတာလို့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကဖြစ်ပွားခဲ့တဲ့ ပုသိမ်ထောင်ဖြစ်စဥ်မှာလည်း အကျဉ်းသားတစ်ဦးသေဆုံးပြီး လူ ၇၀ လောက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ရမည်းသင်းအကျဉ်းထောင်က အချုပ်သားတွေ နေပြည်တော်က ရုံးထုတ်ပြီးအပြန်မှာ အချုပ်ကားပေါ်ကနေ ထွက်ပြေးတဲ့ဖြစ်စဥ် မတ်လဆန်းပိုင်းကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။