ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေရှားပါးမှု ပြဿနာကြုံရနိုင်တယ်လို့ ကုလပြော - မတ် ၂၂ ညနေခင်း နိုင်ငံတကာသတင်းများ
ကမ္ဘာကြီးမှာ ရေရှားမှု ပြဿနာ ဖြစ်အံ့ဆဲဆဲ အခြေအနေမှာ ရှိတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ နှစ်ပေါင်း ၄ဝ ကျော်အတွင်း ပထမဆုံး ကျင်းပမယ့် ညီလာခံ ပြင်ဆင်ရင်း ကုလသမဂ္ဂက အခုလို ထုတ်ပြောလာတာပါ။
ရေအရင်းမြစ် အလွန်အကျွံထုတ်ယူသုံးစွဲမှု ၊ ညစ်ညမ်းမှုတွေနဲ့ ရာသီဉတုပြောင်းလဲမှုတွေကြောင့် ရေရှားမှု ပြဿနာ ဖြစ်လာတာလို့ ကုလအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရေပြတ်တဲ့ပြဿနာကြုံရနိုင်တဲ့ မြို့ပြနေထိုင်သူ ဦးရေဟာ အခုရာစုအလယ်မှာ သန်းနှစ်ထောင် ရှိလာနိုင်တယ်လို့ ကုလက ခန့်မှန်းထားပါတယ်။
ဒီနေ့က စပြီး နယူးယောက်မြို့မှာ ၃ ရက်တာ ကျင်းပမယ့် ရေညီလာခံကို ကမ္ဘာတလွှားက ထောင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်လာဖွယ်ရှိပါတယ်။
ကိယက်ဗ်မှာ ရုရှားဒရုန်းဒဏ်ကြောင့် လူ ၄ ယောက်သေဆုံးတယ်လို့ ယူကရိန်းပြော
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ နိုင်ငံ အရှေ့ပိုင်းက ဘာ့ခ်မုထ်မြို့ကို သွားရောက်ခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
အဲဒီမြို့မှာ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကို ယူကရိန်းတပ်တွေက ကြံ့ကြံ့ခံ ပြန်တိုက်နေတာ ၇ လကျော် ရှိလာပါပြီ။
ယူကရိန်းစစ်သားတွေကို သမ္မတ ဇလန်းစကီးက ဆုတံဆိပ်တွေ ပေးအပ်နေတဲ့ ဓာတ်ပုံတွေလည်း တွေ့ရပါတယ်။
လတ်တလောမှာ ဘာ့ခ်မုထ် တိုက်ပွဲဟာ ယူကရိန်းစစ်ရဲ့ ပြယုဂ် တခု အဖြစ် သတ်မှတ်လျက် ရှိကြတာပါ။
ဘာခ်မုထ် အလားတူ ယူကရိန်း အရှေ့တောင်ပိုင်းက ဇပိုရီးရှားမြို့က လူနေအဆောက်အအုံတွေမှာလည်း ရုရှားဒုံးကျည်ထိမှန်တာတွေ ရှိခဲ့ပါတယ်။
တခါ ခရိုင်းမီးယားဒေသက ဆိပ်ကမ်းမြို့ စီဗက်စတိုပိုးလ်မှာ ဒရုန်းတိုက်ခိုက်မှုကို ရုရှားရေတပ်က ပြန်ချေမှုန်းနိုင်ခဲ့တယ်လို့ ရုရှားအစိုးရဘက်ယိမ်းတဲ့ မြို့တော်ဝန်က ပြောပါတယ်။
အရာဝတ္တု ၃ ခုလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ မီခေး ရက်ဗိုဇာယက်ဗ် က သူ့ရဲ့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။
ခရိုင်းမီယားကျွန်းဆွယ်ဟာ ရုရှားတို့အတွက် ပင်လယ်နက်ကို ထွက်ပေါက်အဖြစ် ဗျူဟာကျတာကြောင့် ၂ဝ၁၄ တုန်းက ယူကရိန်း လက်ထဲကနေ ရုရှားတို့က တရားမဝင် သိမ်းယူထားခဲ့တာပါ။
ကိယက်ဗ် ဒေသမှာတော့ ယူကရိန်းအရာရှိတွေဘက်က ပြောပြချက်အရ မနေ့ညက ရုရှားဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၄ ယောက်သေဆုံးခဲ့ပြီး ဇီတိုမီယာဒေသမှာ အမည်မသိ အဆောက်အအုံတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရုရှားဘက်ကပစ်လွှတ်လိုက်တဲ့ အီရန်ထုတ် ဒရုန်း ၂၁ စင်းထဲက ၁၆ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တုံ့ပြန်
မြောက်ကိုရီးယားဟာ အရှေ့ဖက်ကမ်းရိုးတမ်းကနေ ခရုဇ် ဒုံးကျည်တော်တော်များများနဲ့ ပစ်ခတ်နေတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
မြောက်ကိုရီးယားက စမ်းသပ်နေတဲ့ လက်နက်တွေထဲ ဒါဟာ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ ပစ်ခတ်စမ်းသပ်မှုပါ။
လာမယ့် ကြာသပတေးနေ့မှာ အဆုံးသတ်မယ့် အမေရိကန်-တောင်ကိုရီးယား ၁၁ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို ပစ်ခတ်တာလို့ ဆိုပါတယ်။
ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ရန်သူတွေအနေနဲ့ ကျူးကျော်လာဖို့ ရှေ့ပြေးလုပ်ရပ်အဖြစ် ယုံကြည်ရကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။
တောင်ကိုရီးယား ယုံဟတ် သတင်းအေဂျင်စီကတော့ မြောက်ကိုရီးယားဒုံးကျည်စမ်းသပ် မှုဟာ နျူကလီးယားစမ်းသပ်မှုကို ဦးတည်စေတဲ့ ဗျူဟာမြောက် ဒုံးကျည် စမ်းသပ်မှု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မနှစ်က ဒုံးကျည်စမ်းသပ်မှု စံချိန်တင် ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားဟာ ဒီနှစ်လည်း ဆက်လုပ်ဖွယ်ရှိပြီး နိုင်ငံအတွင်း အကြီးအကျယ် တပ်ချထားဖွယ် ရှိတယ်လို့ သုံးသပ်သူ တချို့က ယူဆနေကြပါတယ်။
သတင်းသမားတွေကို ဖမ်းဆီးမှု ရပ်ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်း
အိန္ဒိယနိုင်ငံမှာ အမျိုးသား လုံခြုံရေးအကြောင်းပြချက်နဲ့ စာနယ်ဇင်းသမားတွေကို အနှောက်အယှက်ပြု ဖမ်းဆီးမှုတွေ ရပ်တန့်ဖို့ Editors Guild of India သတင်းသမားအဖွဲ့က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
အိန္ဒိယအုပ်ချုပ်တဲ့ ကတ်ရှ်မီးယား ဒေသက ထင်ရှားတဲ့ သတင်းသမား Irfan Mehraj ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခဲ့ပြီးနောက် အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာပါ။
တင်ဆက်တဲ့ သတင်းတွေပေါ် အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့တွေက သတင်းထောက်တွေကို ဆက်လက် အရေးယူနေတယ်ဆိုတာ ဒီဖမ်းဆီးမှုက သက်သေပြနေတယ်လို့ သတင်းသမားများအဖွဲ့က ပြောပါတယ်။
ကတ်ရှ်မီးယား တောင်ကြားဒေသမှာ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပံ့ပေးနေတယ်လို့ အစိုးရက စွပ်စွဲထားတဲ့ အရပ်ဖက်အဖွဲ့တခုအတွက် အဖမ်းခံရတဲ့ သတင်းထောက်က အလုပ်လုပ်ပေးနေတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောပါတယ်။