ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုက္ခသည်စခန်းစီးနင်းစဉ် ဖမ်းထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အစ္စရေးတွေ ထိန်းသိမ်းထားဆဲ - ဒီဇင်ဘာ ၂၂ရက် ညနေခင်း နိုင်ငံတကာသတင်းများ
ဂါဇာ အလယ်ပိုင်း မြေပြင် ထိုးစစ်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
အယ်ဘူရာက်ဂျ် ဒေသခံတွေ အနေနဲ့ တောင်ပိုင်း ပိုဝေးတဲ့ဘက်ဆီကို ပြောင်းကြဖို့ သတိပေးချက်တွေ အစ္စရေးက ထုတ်ပြန်ထားပါတယ်။
အစောပိုင်းတုန်းကလည်း အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာမြောက်ပိုင်း ဂျဘလီယာ ဒုက္ခသည်စခန်းကို ညလုံးပေါက် စီးနင်းခဲ့စဉ်အတွင်း ကျန်းမာရေး ဝန်ထမ်း ၈ ယောက်ကို ဖမ်းထားတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။
တချိန်တည်းမှာ ကုလလုံခြုံရေး ကောင်စီမှာ ထပ်တလဲလဲ ဆိုင်းငံ့ထားတဲ့ဂါဇာ အပစ်ရပ်ရေးနဲ့ စာနာမှု အကူအညီပိုတိုးပေးရေးတို့အတွက် မဲခွဲဆုံးဖြတ်မှုကို ဒီနေ့ ညနေပိုင်းမှာ လုပ်ဆောင်သွားဖွယ် ရှိပါတယ်။
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း အာမခံရ
ပါကစ္စတန်မှာ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်းခန်းနဲ့ သူ့လက်ထက်တုန်းက နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရှား မာမွတ်ဒ် ကွာရာရှီ တို့ကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ တရားရုံးချုပ်က အတည်ပြုပေးလိုက်ပါတယ်။
မစ္စတာခန်းရဲ့ ပါတီ ပီတီအိုင်က အယူခံတင်ခဲ့ရာမှာ သုံးပါးထိုင် တရားသူကြီး အဖွဲ့က အမိန့်ချပေးခဲ့တာပါ။
အခု အာမခံပေးတဲ့ အမှုကတော့ ဆိုင်ဘာအက်လို့ ခေါ်တဲ့ လျှို့ဝှက်သံတမန်စာတွေကို ပေါက်ကြားစေမှုနဲ့ စွဲထားတာကို အာမခံပေးလိုက်တာ ဖြစ်ပါတယ်။
မစ္စတာ ခန်းကတော့ အမေရိကန် အစိုးရ ဖိအားကြောင့် သူရာထူးက ဖယ်ရှားခံရတာလို့ ဆိုပါတယ်။
အခုနောက်ဆုံး တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မျှော်လင့်မထားဘူးလို့ ပါကစ္စတန် မီဒီယာတွေမှာ ဖော်ပြပါတယ်။
အွန်လိုင်းဂိမ်းတွေ အရေးယူမယ့် အစီအစဉ်သစ်တွေ တရုတ် ချမှတ်
တရုတ်နိုင်ငံမှာ အွန်လိုင်းဂိမ်း ကစားသူတွေ အနေနဲ့ ပိုက်ဆံနဲ့အချိန် ဖြုန်းမှုတွေ ရပ်သွားအောင် လုပ်မယ့် အစီအစဉ်တွေကို စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တွေက ကြေညာလိုက်ပါတယ်။
သူတို့ချမှတ်မယ့် စည်းမျဉ်းသစ်တွေအရ အွန်လိုင်းကစားသမားတွေဟာ ပုံမှန်ကစားတဲ့အတွက် ဆုချီးမြှင့်မယ့် အစီအစဉ်တွေနဲ့ ကစားပွဲထဲမှာ ထပ်မံ ဝယ်ယူမှုတွေကို ကန့်သတ်ခံရတော့မှာ ဖြစ်ပါတယ်။
အခု အသစ်ထွက်လာတဲ့ ဥပဒေကြမ်းဟာ တိုင်းပြည်အတွင်းမှာ အွန်လိုင်းဂိမ်း စျေးကွက် ကြီးထွားလာမှုကို ဖြိုခွင်းမယ့် တရုတ်အစိုးရရဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ ကြိုးပမ်းချက် ဖြစ်ပါတယ်။
ဒီကြေညာချက် ထွက်ပြီးတဲ့နောက် တရုတ်က အကြီးဆုံး ဂိမ်းကုမ္ပဏီတွေရဲ့ ရှယ်ယာစျေးတွေ ထိုးကျသွားခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ အစိုးရဟာ အွန်လိုင်းဂိမ်း လုပ်ငန်းတွေ ဖြတ်တောက်မယ့် စည်းကမ်းတွေ အပြင် ကလေးတွေ အွန်လိုင်းပေါ်မှာ ကစားတဲ့ အချိန်တွေ ကန့်သတ်ဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေ စတင် လုပ်ဆောင်လာပါတယ်။
မြောက်ကိုရီးယားမှာ ပလူတိုနီယံ ရနိုင်လား
မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်ထုတ်ဖို့ ပလူတိုနီယံ ရနိုင်တဲ့ အနေအထားသစ် တွေ့ထားကောင်း တွေ့ထားနိုင်တယ်လို့ ကုလ နျူကလီးယား လေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။
အိုင်အေအီးအေက ရထားတဲ့ ဂြိုဟ်တုပုံရိပ်တွေ အရ မြောက်ကိုရီးယားရဲ့ ယုံပြောင်း နျူကလီးယား စက်ရုံမှာ ရှိတဲ့ ဓာတ်ပေါင်းဖို တခုဟာ အခုအခါ အပြည့်အဝ လည်ပတ်နိုင်တဲ့ အနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။
ဒီဓာတ်ပေါင်းဖိုကနေ ထွက်တဲ့ ပလူတိုနီယံ ပါတဲ့ လောင်စာကို နျူကလီးယား လက်နက်ထုတ်ရာမှာ သုံးနိုင်တာ ဖြစ်ပါတယ်။
အိုင်အေအီးအေ အဖွဲ့ကို မြောက်ကိုရီးယားက နိုင်ငံထဲ ဝင်ခွင့်မပေးခဲ့တာ နှစ်ပေါင်း အတန်ကြာ ရှိပြီ ဖြစ်ပေမယ့် ဂြိုဟ်တု ပုံတွေ အရ ရေဆိုး ရေနွေးထုတ်နေတာကို တွေ့မြင်နိုင်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် နျူကလီးယား ထုတ်လုပ်မှုကို သိနိုင်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ တားမြစ်ထားတဲ့ လက်နက်တွေ ထုတ်လုပ်မှုနဲ့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူခြင်း ခံထားရပါတယ်။