ဒီဇင်ဘာ ၁၆ ရက် ထိပ်တန်းသတင်းများ - ခမ်းပတ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦး သေဆုံးတယ်လို့ NUG ထုတ်ပြန်

ရေးသားခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ PDF ပူးပေါင်းတပ်တွေကြား ဒီနေ့မနက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးသေဆုံးခဲ့တယ် လို့ အမျိုးသားညီညွတ်‌ရေးအစိုးရ - NUG ကနေ ထုတ်ပြန်လိုက်ပါတယ်။

ချင်းအမျိုးသားကာကွယ်ရေးတပ်-CNDF ပါ ပါဝင်တဲ့ ခမ်းပတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး နဲ့ PDF ဘက်က ၂ ဦး သေဆုံးတယ်လို့ PDF ဘက်က ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်က အကျအဆုံးများတာကြောင့် ရိုးမတောင်ရိုးဘက်ကနေ တမူးဘက်ခြမ်းနဲ့ မြန်မာ-အိန္ဒိယနယ်စပ်ကနေ အိန္ဒိယနိုင်ငံဘက်ခြမ်းကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဆုတ်ခွာသွားတယ်လို့ PDF ဘက်က ပြောပါတယ်။

ကလေးမြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ်ရဲ့ကောင်စီတပ်ဖွဲ့ဝင် အင်အား နှစ်ရာ ခန့်က ကလေး၊ တမူး၊ မော်လိုက်တို့နဲ့ ထိစပ်နေတဲ့ လက်ဆေးကန်တောင်ရိုးကနေ ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကတည်းက ပြန်လည်ဝင်ရောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲမှာသေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း PDF ဘက်ကနေ မီးသဂြိုဟ်ပေးလိုက်တယ်လို့ ခမ်းပတ် PDF ဘက်ကပြောပြီး နှစ်ဘက်အကျအဆုံးစာရင်းကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာ စစ်ကိုင်းတိုင်း၊ တမူးခရိုင်ထဲက မြို့ ၃ မြို့အနက် ခမ်းပတ်မြို့နဲ့ မြို့သစ်မြို့ နှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီး တမူးမြို့ပေါ်ကိုတော့ စစ်တပ်က ထိန်းချုပ်ထားဆဲပဲလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ခမ်းပတ်မြို့မှာ ပြန်လည်လုံခြုံမှု၊ တည်ငြိမ်မှုရှိစေဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၁၄ ရက် နေ့စဉ်သတင်းထုတ်ပြန်မှုမှာ ဖော်ပြခဲ့ပါတယ်။

TNLA နဲ့ စစ်တပ် တစ်ရက်ထဲ ၁၂ နေရာ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်း၊ နမ့်ဆန်နဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်‌ရေးဇုန် တကြောမှာ စစ်တပ်နဲ့ မြောက်ပိုင်းညီနောင်တပ်တို့ ဒီဇင်ဘာ ၁၅ ရက်တစ်ရက်တည်းမှာ ၁၂ နေရာအထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ‌မြောက်ပိုင်းညီနောင်ဘက်က ကြေညာထားပါတယ်။

မူဆယ် ၁၀၅ မိုင်အနီးက ၅ မိုင်စခန်းဗျူဟာကုန်းတိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်အစောပိုင်းအထိ တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၁၀၅ မိုင်အောက်ဘက်က မန့်မော်ရွာကို စစ်တပ်က Mi-35 ရဟတ်ယာဉ်နဲ့ ၂ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ပစ်ခတ်သွားတယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေ အခိုင်အမာတပ်စွဲထားတဲ့ နမ့်ဆန်မြို့ က စစ်တပ်ဗျူဟာကုန်းနဲ့ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းကို တိုက်ခိုက်ခဲ့သလို စစ်တပ်ကလည်း စစ်ရေးအရ အရေးပါတဲ့ဗျူဟာကုန်းတပ်စခန်းမကျရေးအတွက် လေကြောင်းစစ်ဆင်ရေးတွေနဲ့ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

တစ်ရက်တည်းမှာပဲ နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲအတွင်း စစ်တပ်က သာယာကုန်းရပ်ကွက်နဲ့ မင်္ဂလာရပ်ကွက်ကို လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မင်္ဂလာရပ်ကွက်ထဲက ဈေးဆိုင်တစ်ဆိုင် ဗုံးပေါက်ကွဲပြီး ပျက်စီးသွားတယ်လို့ တအာင်းတပ် (TNLA) ကထုတ်ပြန်ပါတယ်။

နမ့်ခမ်းမြို့ မန်ဟောင်းကျေးရွာအပြင် မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကြားထဲက အထက်တုန်ခမ်းနဲ့ အောက်တုန်ခမ်းရွာကြားမှာလည်း စစ်တပ်နဲ့ မဟာမိတ်တပ်တို့ ဒီဇင်ဘာ ၁၅ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

TNLA တပ်တွေအနေနဲ့ နမ့်ဆန် စစ်တပ်ဗျူဟာကုန်းတပ်စခန်းအပါအဝင် မန်တုံမြို့ ခြေလျင်တပ်ရင်း (ခလရ-၁၃၀) စခန်း နဲ့ ကွတ်ခိုင်က စစ်တပ်စခန်းတွေကိုလည်း မနေ့ ဒီဇင်ဘာ ၁၅ ရက်မှာပဲ တစ်ပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကြေညာထားပါတယ်။

စစ်တပ်က ATR-42 လေယာဉ်နဲ့ ၅ ကြိမ်၊ ဂျက်ဖိုက်တာနဲ့ ၁၅ ကြိမ်၊ Mi-35 နဲ့ ၁၀ကြိမ်အပြင် မန်တုံ (ခလရ-၁၃၀)စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ အကြိမ် ၃၀ ကျော် နမ့်ဆန်မြို့ဘက်ကို ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နမ့်ဆန်မြို့ ငွန်ဆိုင်းကျေးရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မူလတန်းကျောင်းတစ်ကျောင်းနဲ့ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး TNLA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်တပ်ပိုင် ရွှေဖီဦး လက်ဖက်‌‌ခြောက်စက်ရုံလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ဒေသမှာသာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီဇင်ဘာ ၁၅ ရက် နေ့စဉ်သတင်းထုတ်ပြန်မှုမှာ ကြေညာထားပါတယ်။

ရန်ကုန်မြို့ နေရာတချို့မှာ ဗုံးပေါက်ကွဲပြီး တစ်ဦးသေဆုံး

ဒီကနေ့မနက်အထိ ပေါက်ကွဲမှုတွေ ထပ်ရှိ

ရန်ကုန်တိုင်းက ဗိုလ်တထောင်၊ အလုံ၊ တာမွေ၊ ဒေါပုံစတဲ့ မြို့နယ်တွေအပါအဝင် ဒဂုံတက္ကသိုလ်နဲ့ ကျန်တဲ့ မြို့နယ်တချို့မှာ မနေ့ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းအထိလည်း ပေါက်ကွဲမှုတွေ ဆက်ဖြစ်နေပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အမှတ်(၁၃)ရပ်ကွက်မှာ ဗုံးပေါက်လို့ လမ်းသွားလမ်းလာနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေထံက သိရပါတယ်။

မနေ့ညက ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးတဲ့နောက် စစ်တပ်က လမ်းတွေပိတ်ပြီး စစ်ဆေးနေတာတွေရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အလုံမှာနေထိုင်တဲ့သူတစ်ဦးကတော့ "ည ၈ နာရီလောက်က အလုံက Best Western ဟိုတယ်မှာပေါက်တာ ဝန်ထမ်း ၂ ယောက်ထိပြီး တစ်ယောက်သေသွားတယ်လို့ကြားတယ်"လို့ ဘီဘီစီကိုပြောပါတယ်။

အလုံလျှပ်စစ်ရုံးအနီးမှာလည်း ည ၈ နာရီနောက်ပိုင်း နောက်ထပ်ဗုံးတစ်လုံး ထပ်ပြီးပေါက်ကွဲခဲ့တယ်လို့ သူက ပြောပါတယ်။

ကြည့်မြင်တိုင်မှာနေတဲ့သူတစ်ဦးကလည်း နတ်စင်လမ်းနားမှာ ပေါက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်ကနေ ကြည့်မြင်တိုင်ကမ်းနား၊ အထက်ကြည့်မြင်တိုင်နဲ့ ညဈေးဘက်တွေမှာ လမ်းတွေပိတ်ဆို့ပြီး ဧည့်စာရင်းစစ်တာတွေလုပ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက် လမ်းဘေးတစ်နေရာမှာလည်း ဗုံးပေါက်ကွဲခဲ့ပြီး လမ်းသွားလမ်းလာ ၂ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်လ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

တာမွေဈေးအနီးမှာလည်း ဗုံး ၂ လုံးထက်မနည်း ပေါက်ကွဲခဲ့ပြီးနောက် စစ်တပ်ကနေ လမ်းသွားလမ်းလာ လူငယ်တချို့ကို ဖမ်းဆီးစစ်ဆေးနေတာတွေရှိတယ်လို့ တာမွေမှာနေတဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

Su-30 တိုက်လေယာဉ်နှစ်စင်း ထပ်မံပိုင်ဆိုင်လာကြောင်း စစ်တပ်ထုတ်ပြ

ရုရှားကမှာယူထားတဲ့ စတုတ္ထမျိုးဆက်လွန် Su-30 တိုက်လေယာဉ်နှစ်စင်းကို တပ်တော်ဝင်အခမ်းအနား နဲ့ စစ်တပ်က မနေ့က ထုတ်ပြခဲ့ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ (၁၄)ကြိမ်မြောက် တပ်တော်ဝင်အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်း‌‌အောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ အစုံအလင် တက်ရောက်ခဲ့ကြပါတယ်။

ဒီတိုက်လေယာဉ်တွေ ဖြည့်ဆည်းပေးလိုက်တာက လေတပ်က အရာရှိ၊စစ်သည်‌‌တွေရဲ့ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်း‌‌အောင်လှိုင်က ပြောပါတယ်။

လေတပ်အနေနဲ့ PDF တွေနဲ့ တိုက်ပွဲ‌တွေမှာ‌ရော ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေမှာပါ စွမ်းစွမ်းတမံတိုက်လို့ ချီးကျူးဂုဏ်ပြုတယ်လို့ စစ်ခေါင်းဆောင်က မနေ့က ပြောပါတယ်။

လေကြောင်းစွမ်းအားသာလွန်မှုကိုအားပြုပြီး ရန်သူအပေါ်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အမြဲလေ့ကျင့်နေရမယ်လို့ စစ်ခါင်းဆောင်က ပြောပြီး ခေတ်သစ်စစ်ပွဲတွေမှာ စစ်နည်းဗျူဟာ ကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှု၊ နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့က စစ်ပွဲအနိုင်အရှုံးကို အဓိကအဆုံးအဖြတ်ပေးနေတယ်လို့ ပြောခဲ့ပါတယ်။

Su-30 တိုက်လေယာဉ်တွေဟာ မနှစ်က ဒီဇင်ဘာမှာ ပထမဆုံးတပ်တော်ဝင်ခဲ့ပြီး အခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ရုရှားဆီက Su-30 ၁၂ စင်းအထိ မှာယူထားတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပြီး စစ်တပ်ဘက်ကတော့ အရေအတွက်အတိအကျကိုထုတ်မပြောပါဘူး။

ဒီနှစ် စစ်ကောင်စီပြုလုပ်တဲ့ တပ်တော်ဝင်အခမ်းအနားမှာ မနှစ်ကပြုလုပ်တဲ့ လေတပ်(၇၅)နှစ်ပြည့်နှစ်ပတ်လည်နေ့လို လေယာဉ်အများအပြား တပ်တော်ဝင်တာမတွေ့ရပါဘူး။

မနှစ်ကတော့ ရုရှားထုတ် Su- 30 တိုက်လေယာဥ်အပါအဝင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ် အမျိုးအစားဖြစ်တဲ့ ရုရှားထုတ် KA 28၊ တရုတ်နိုင်ငံထုတ် FTC 2000 G ဘက်စုံသုံး အပေါ့စားတိုက်ခိုက်ရေး လေယာဉ်၊ တရုတ်နဲ့ ပါကစ္စတန် ဖက်စပ်ထုတ်ထားတဲ့ တိုက်လေယာဉ် K-8W နဲ့ တရုတ်ထုတ် တိုက်လေယာဥ် FT-7 တွေကို အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။