ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမှာ သောကြာနေ့ ယာယီအပစ်ရပ်စမယ် - နိုဝင်ဘာ ၂၃ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
ဂါဇာဒေသမှာ ၄ ရက်ကြာ အပစ်အခတ် ဆိုင်းငံ့ထားရေး သဘောတူချက် သောကြာနေ့မှာ စတင် အသက်ဝင်မယ်လို့ ကာတာအစိုးရက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
လူသားချင်းစာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေကို အမြန်ဆုံး စတင် ပို့ဆောင်သွားမယ်လို့ ဒိုဟာမှာရှိတဲ့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ဟားမတ်စ်လက်နက်ကိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓားစာခံ ၁၃ ဦးကို သောကြာနေ့ နှောင်းပိုင်းမှာ လွှတ်ပေးဖို့ ရှိပြီး ပါလက်စတိုင်း အတော်များများကို အစ္စရေးအကျဉ်းစခန်းတွေကနေ လွှတ်ပေးဖို့ရှိတယ်လို့ သူက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဂါဇာမြောက်ပိုင်းမှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နေရာမှာ အဲဒီမှာရှိတဲ့ အင်ဒိုနီးရှားဆေးရုံက လူနာတွေအတွက် အန္တရာယ်တွေ တိုးလာနေတဲ့အတွက် လူနာတွေကို ကယ်ထုတ်ပေးဖို့ ဆေးရုံအုပ်ကြီးက ပန်ကြားလိုက်ပါတယ်။
အဲဒီဆေးရုံအပြင်ဘက်မှာ တင့်ကားတွေနဲ့ ပစ်ခတ်မှုအပါအဝင် တိုက်ပွဲတွေ ပြင်းထန်နေတာ ရက်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။ ဆေးရုံထဲက လူနာ ၂၀၀ လောက်ကို ဘေးကင်းရာ ကယ်ထုတ်နိုင်ဖို့အတွက် ဘတ်စ်ကားတွေ အမြန်ဆုံး လွှတ်ပေးဖို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနကို ဆေးရုံအုပ်ကြီး ဒေါက်တာ မာဝန် ဆူလ်တန်က ပန်ကြားထားပါတယ်။ လူနာအများအပြားဟာ မီးလောင်ဒဏ်ရာ ရထားတဲ့ ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ယူကရိန်း ကလေးငယ်ကို သမ္မတပူတင်နဲ့ ရင်းနှီးသူတစ်ဦးက တရားမဝင် မွေးစားထားကြောင်း ဖော်ထုတ်တွေ့ရှိ
ယူကရိန်းကနေ အဓမ္မ ခေါ်ဆောင်လာတဲ့ ကလေးတစ်ဦးကို ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးသူတစ်ဦးက တရားမဝင် မွေးစားခဲ့တယ်ဆိုတာကို ဖော်ပြနေတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။
ယူကရိန်း စုံစမ်းစစ်ဆေးရေးမှူးတစ်ဦးနဲ့ အတူ ပူးပေါင်းပြီး ဘီဘီစီက စုံစမ်းခဲ့ရာမှာ အဲဒီ ဆာဂေး မီရိုနော့ဗ် နဲ့ ဇနီးဖြစ်သူ အင်နာ ဗာလာမိုဗာ တို့ဟာ ၁၀ လသားအရွယ် ကလေးငယ်ကို မွေးစားခဲ့တယ် ဆိုတာကို ဖော်ပြနေတဲ့ အထောက်အထားတွေကို ထုတ်ဖော်တွေ့ခဲ့ရပါတယ်။
အဲဒီကလေးငယ် မာဂရီတာ ပရိုကိုပန်ကို ရဲ့ အမည်ကို မာရီနာ မီရိုနိုဗာ အဖြစ် ပြောင်းထားတာကို ရုရှားစာရွက်စာတမ်းတွေမှာ တွေ့ရပါတယ်။
ခါဆန်မြို့ကို ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားချိန် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အဲဒီကလေးကို ကလေးဂေဟာတစ်ခုကနေ လက်နက်ကိုင်အစောင့်တွေက အဓမ္မ ခေါ်ဆောင်သွားခဲ့တယ်ဆိုတာကို စုံစမ်းမှုတွေအရ ဖော်ထုတ်သိခဲ့ရပါတယ်။
အခုနှစ် အစောပိုင်းက ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးက ယူကရိန်းကလေးငယ်တွေကို နိုင်ငံထဲကနေ တရားမဝင် နှင်ထုတ်ခဲ့မှုနဲ့ သမ္မတ ပူတင်ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ မီရိုနော့ဗ် နဲ့ သူ့ဇနီးကို ဆက်သွယ်မေးခဲ့ပေမဲ့တစ်စုံတရာ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
အင်ဒိုနီးရှားမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အကြီးအကဲ ကိုယ်တိုင် လာဘ်ယူတဲ့အမှုမှာ ပါဝင်ပတ်သက်နေ
အင်ဒိုနီးရှားနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲက ငွေညှစ်၊ လာဘ်ယူတဲ့ အမှုတစ်ခုမှာ သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့ထံ သူ့ကိုယ်သူ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။
အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီးဌာနက အဂတိလိုက်စားမှုမှာ ဖာလီ ဘဟူရီ ဆက်နွှယ်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတွေ လုံလုံလောက်လောက် တွေ့ထားတယ်လို့ ရဲက ပြောပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဟောင်းကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။
ရဲအင်စပက်တာမင်းကြီးဟောင်း ဖြစ်ခဲ့သူ မစ္စတာ ဖာလီ က အခုသီတင်းပတ် အစောပိုင်းကတော့ သူအဂတိလိုက်စားမှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ သူ့ကိုတော့ ထိန်းသိမ်းတာမျိုး မရှိသေးပါဘူး။
ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံခြားငွေ အလဲအလှယ်လုပ်ထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ဒေါ်လာ ၅ သိန်းကို တွေ့ရှိထားတယ်လို့ အင်ဒိုနီးရှားရဲတွေက ပြောပါတယ်။
တရုတ်မြောက်ပိုင်းမှာ ကလေးတွေအကြား အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ပွားမှုတွေ တိုးလာနေ
တရုတ်နိုင်ငံမြောက်ပိုင်းမှာ ကလေးငယ်တွေအကြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်မှုတွေ တိုးလာနေတာ၊ အဆုတ်အအေးမိရောဂါတွေ ကြိုကြားကြိုကြား ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အသေးစိတ် တင်ပြပေးဖို့ တရုတ်အစိုးရကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တရားဝင် တိုက်တွန်းလိုက်ပါတယ်။
ဒီဖြစ်ရပ်နှစ်ခုက ဆက်နွှယ် ပတ်သက်နေသလားဆိုတာကို အသေအချာ မသိဘူးလို့ WHO အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို ရောဂါဖြစ်ပွားမှုတွေ တိုးလာတာဟာ ကိုဗစ် ကန့်သတ်မှုတွေ ရုပ်သိမ်းလိုက်တာကြောင့် ဖြစ်ပြီး တုပ်ကွေး ရောဂါပိုးနဲ့ ကိုဗစ် ၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးလို ရောဂါပိုးမွှားတွေ ပျံ့နှံ့နေတာကြောင့် ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
အသက်ရှူလမ်းကြောင်း ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်ရေး နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ တရုတ်ပြည်သူတွေကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။
အဲဒီနည်းလမ်းတွေထဲမှာ ကာကွယ်ဆေးထိုးကြဖို့၊ နာမကျန်း ဖြစ်နေသူတွေနဲ့ ခပ်ဝေးဝေးနေကြဖို့နဲ့ လိုအပ်ရင် နှာခေါင်းစည်းတွေ တပ်ကြဖို့ တွေ ပါဝင်ပါတယ်။
အောက်တိုဘာလ လယ်ကစလို့ တရုတ်နိုင်ငံ မြောက်ပိုင်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကနဲ့ နှိုင်းစာရင် တုပ်ကွေးနဲ့ ဆင်တူတဲ့ ရောဂါဖြစ်ပွားမှုနှုန်း တိုးလာနေတယ်လို့ သတင်းတွေအရ သိရပါတယ်။