ယူကရိန်းကို တိုက်ခိုက်ရေးလေယာဥ်တွေ ပေးပို့မှုရဲ့ စိန်ခေါ်ချက်များ

ရေးသားခဲ့သည်။

ကိဗ်ကို စစ်ရေးလေယာဥ်တွေ ပေးပို့မှုရဲ့ စိန်ခေါ်ချက်များ

မာတီယာ ဘာဘလို

BBC News

ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရက်အတော်များများ ဥရောပ မြို့တော်တွေကို သွားရောက်ခဲ့ပြီး တိုက်ခိုက်ရေးလေယာဥ်တွေ သူ့နိုင်ငံကို ပေးပို့ဖို့အတွက် နိုင်ငံ့ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ပါတယ်။

အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တဲ့ ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ် စတင်ချိန်မှာ ယူကရိန်းနိုင်ငံမှာ တိုက်ခိုက်ရေး လေယာဥ် ၁၂၀ လောက်ပဲ ရှိတယ်လို့ ယူဆရပါတယ်။ အဲဒီထဲက အများစုဟာ ဆိုဗီယက်ခေတ်က MiG-29s နဲ့ Su-27s တိုက်ခိုက်ရေးလေယာဥ်တွေ ဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံရဲ့ လေကြောင်း အင်အားကို ယှဥ်နိုင်ဖို့အတွက် ဂျက်လေယာဥ် အစင်းပေါင်း ၂၀၀ ထိ လိုအပ်မှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ ယူကရိန်းနိုင်ငံလက်ရှိပိုင်ဆိုင်တာထက် ၅ ဆ ၆ ဆ လောက်များတယ်လို့လည်း ယူဆရပါတယ်။ မစ္စတာ ဇလန်းစကီးဟာ အစောပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံထုတ် F-16s လေယာဥ်တွေကို အလိုရှိနေတာ ဖြစ်ပါတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေက ပထမဆုံး တည်ဆောက်ခဲ့တဲ့ အဲဒီဂျက်လေယာဥ်တွေဟာ အသံထက် နှစ်ဆ ပိုမြန်ပြီး ဝေဟင်မှာဖြစ်ဖြစ် မြေပြင်မှာ ဖြစ်ဖြစ် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။

ပိုပြီး ခေတ်မီတဲ့ F-35 လေယာဥ်တွေကြောင့် လက်ရှိမှာ မှေးမှိန်သွားပေမယ့် အဲဒီလေယာဥ်တွေကို အများအပြား အသုံးပြုနေဆဲ ဖြစ်ပါတယ်။

F-16 လို ခေတ်မီတဲ့ တိုက်ခိုက်ရေးလေယာဥ်တွေဟာ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ယူကရိန်းတိုက်ခိုက်ရာမှာ အထောက်အကူပြုလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေကို ထောက်ပံ့ပေးဖို့ လက်ရှိမှာ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ပိုလန်နဲ့ နယ်သာလန်တို့လို နိုင်ငံတွေကတော့ သူတို့ကိုယ်ပိုင် လေယာဥ်တွေထဲကနေ ယူကရိန်းနိုင်ငံကို ထောက်ပံ့ဖို့အတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ မစ္စတာ ဇလန်းစကီးရဲ့ တောင်းဆိုချက်ဟာ လက်တွေ့မှာ အဲဒီလိုမျိုး လေယာဥ်တွေ မြန်မြန်ဆန်ဆန် ပေးပို့ဖို့ မဖြစ်နိုင်တဲ့ စိန်ခေါ်ချက်တွေအများအပြား ရှိနေပါတယ်။

လက်တွေ့ရင်ဆိုင်ရမယ့် စိန်ခေါ်ချက် ၄ ချက် အကြောင်း တင်ပြပေးလိုပါတယ်။

ရှည်ကြာတဲ့ သင်တန်းကာလ

အနောက်နိုင်ငံတွေက ဂျက်လေယာဥ်တွေအကြောင်း ချက်ချင်း သင်တန်းတက်ရောက်နိုင်တဲ့ လေယာဥ်မှူးပေါင်း ၅၀ လောက် ယူကရိန်းနိုင်ငံမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်လေယာဥ်တွေကို ပျံသန်းနိုင်ဖို့ သူတို့ကို ပြင်ဆင်ပေးရမှုဟာ အချိန်ယူရမှာ ဖြစ်ပြီး လက်ရှိ တိုက်ပွဲကနေ သူတို့ကို ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။

ဗြိတိသျှ အစိုးရကတော့ နေတိုးအဖွဲ့ရဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ လေယာဥ်တွေကို ယူကရိန်းလေယာဥ်မှူးတွေကို စတင်သင်တန်းပေးသွားမယ်လို့ သဘောတူထားပါတယ်။

ဒါပေမဲ့ ဂျက်လေယာဥ်တွေ ထောက်ပံ့ဖို့ ကိစ္စကတော့ ရေရှည်စဥ်းစားရမယ့် ရွေးချယ်စရာ နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ သတိပေးထားပါတယ်။

တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေရဲ့ ခက်ခဲရှုပ်ထွေးမှုတွေအကြောင်း လေယာဥ်မှူးတွေကို လေ့ကျင့်သင်ကြားပေးတာဟာ လပေါင်းများစွာ ကြာနဲ့ရုံသာမက နှစ်နဲ့ချီထိ ကြာသွားနိုင်ပါတယ်။

ဒါပေမဲ့ ဆိုဗီယက်ခေတ်က လေယာဥ်တွေကို နှစ်ပေါင်းများစွာ ပျံသန်းထားတဲ့ အတွေ့အကြုံရှိတဲ့ ဝါရင့် ယူကရိန်း လေယာဥ်မှူးတချို့အတွက် လေ့ကျင့်သင်ကြားပေးရမယ့်အချိန် မြန်ဆန်နိုင်တယ်လို့ ဗြိတိသျှ အာဏာပိုင်တွေက ပြောထားပါတယ်။

ထိန်းသိမ်းရမယ့် ကိစ္စရပ်များ

တိုက်ခိုက်ရေးဂျက်လေယာဥ်တစ်စီးဟာ အထောက်အကူပြုဖို့အတွက် ဂေဟစနစ်တစ်ခုလုံး လိုအပ်မှာ ဖြစ်ပါတယ်။

စစ်ပွဲမှာ အသုံးပြုနိုင်ဖို့အတွက် ရှုပ်ထွေးပြီး အထူးပြုလုပ်ထားတဲ့ စက်ပိုင်းဆိုင်ရာ ပညာရပ်တွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဒါဟာ နယ်စပ်ကို လေယာဥ်တစင်း ပေးပို့သလိုမျိုး ရိုးရှင်းတဲ့ ကိစ္စရပ်တစ်ခု မဟုတ်ဘူးလို့ ယူကေ ကာကွယ်ရေးဝန်ကြီး ဘန် ဝဲလက်စ် က ပြောပါတယ်။

ယူကရိန်းဘက်က တောင်းခံနေတဲ့ တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေလို စတုတ္ထမျိုးဆက် ဂျက်လေယာဥ်တွေဟာ စစ်ပွဲတစ်ပွဲ တိုက်ပြီးတိုင်းလိုလို အထူးတလည် ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်မှာ ဖြစ်တယ်လို့ နေတိုးအဖွဲ့ အရာရှိဟောင်း ဒေါက်တာ ဂျေမီ ရှေး က ပြောပါတယ်။

“ကျွန်တော် နေတိုးအဖွဲ့မှာတုန်းက လေတပ်စခန်းတခုကို သွားရောက်ခဲ့ချိန်မှာ လေယာဥ်တွေ စခန်းကို ပြန်ရောက်တဲ့အခါ အင်ဂျင်နီယာတွေက စနစ်တစ်ခုလုံးကို ဖြုတ်ပြီး ပြန်တပ်ရပါတယ်။ ဘာနဲ့တူလဲဆိုတော့ ကားမောင်းပြီးတိုင်း လေထီးကာဘရိုက်တာတစ်ခုလုံးကို ပြန်လည်တပ်ဆင်ရသလိုပါပဲ။ ဒီတော့ ထိန်းသိမ်းကာကွယ်ရတဲ့ လိုအပ်ချက် ကြီးကြီးမားမား လိုအပ်တယ်” လို့ ဒေါက်တာ ရှေးက ဆိုပါတယ်။

ဂျာမနီ လွှတ်တော်အမတ် တိုဘီရက်စ် ဘတ်ချလေကလည်း ဂျက်လေယာဥ်တွေ လွှဲပြောင်းပေးဖို့ဆိုတာ ရေရှည်လုပ်ရမယ့် ကတိကဝတ်တစ်ခု ဖြစ်တယ်။ ပေးပို့ရုံ ကိစ္စ သပ်သပ်တင် မကဘူးလို့ ဆိုပါတယ်။

“ဒါဟာ ဆက်လက်လုပ်ဆောင်ရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်က လုပ်ခဲ့သလိုမျိုး တင့်ကားတွေ ဒါမှမဟုတ် လေကြောင်းရန် ကာကွယ်တဲ့ ဒုံးကျည်တွေ ဒါမှမဟုတ် တခြားလက်နက်ကြီးတွေ ပေးပို့တာမျိုးနဲ့ ဒါဟာ အင်မတန် ကွဲပြားတယ်” လို့လည်း ဘီဘီစီကို ပြောပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက လွဲပြောင်းပေးတဲ့ ဂျက်လေယာဥ်တိုင်းဟာ ယူကရိန်း အပိုင် ဖြစ်သွားမှာပါ။ ဒီတော့ ဘယ်နေတိုးအဖွဲ့ဝင်နိုင်ငံမှ စစ်ပွဲမှာ တိုက်ရိုက် ပါဝင်ပတ်သက်တာ မဟုတ်ပါဘူး။

ဒါပေမဲ့ ယူကရိန်းနိုင်ငံသားတွေအနေနဲ့ စစ်လေယာဥ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ သင်တန်း တကရောက်ရမှာ ဖြစ်ပြီး ဒီလုပ်ငန်းစဥ်အတွက်လည်း အချိန်ထပ်လိုမှာ ဖြစ်ပါတယ်။

လက်တွေ့ မြေပြင်နဲ့ အသုံးတည့်မှာလား

ယူကေနဲ့ ပြင်သစ်နိုင်ငံလို တချို့နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို စစ်လေယာဥ် အဟောင်းတွေ လွှဲပေးနိုင်တယ်လို့ဆိုတဲ့ ထင်ကြေးပေးပြောဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။

ဘယ်လိုမျိုးပုံစံ ဂျက်လေယာဥ်တွေကို ပေးပို့သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတချို့လည်း ရှိလာပါတယ်။

လေယာဥ်မော်ဒယ်အဟောင်းတွေ ပုံစံမျိုးစုံ ပေးပို့တဲ့ မတူတဲ့ နိုင်ငံတွေရဲ့ ထောက်ပံ့ပို့ဆောင်ရေးတွေဟာ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့ Economist သတင်းစာကြီးရဲ့ ကာကွယ်ရေးသတင်း အယ်ဒီတာ ရှရှန့်ခ် ဂျိုရှီက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ပိုမိုဆန်းသစ်တဲ့ မော်ဒယ်တိုင်းဟာ ယူကရိန်းစစ်ပွဲ လိုအပ်ချက်နဲ့ ကိုက်ညီမှု မရှိပါဘူး။ ဗြိတိန်ရဲ့ အခုနောက်ဆုံး မျိုးဆက်ဖြစ်တဲ့ Typhoon ဂျက်လေယာဥ်ဟာ နိမ့်နိမ့်လေး ပျံသန်းဖို့အတွက် တီထွင်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုရှားလေကြောင်းရန် ခြိမ်းခြောက်မှုကြောင့် ယူကရိန်း လေတပ်ဟာ အနိမ့်ပိုင်းကိုပဲ ပျံသန်းရတာ ဖြစ်တယ်လို့ မစ္စတာ ဂျိုရှီက ပြောပါတယ်။

Rusi လေ့လာရေးအဖွဲ့က ဂျက်စတင် ဘရွန့်ခ်ကတော့ ယူကရိန်းကို Typhoons လေယာဥ်တွေ ပေးပို့တာဟာ အင်မတန် အရင်းအနှီးကြီးတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းနိုင်ငံရဲ့ လေတပ်စခန်းအများစုဟာ ရုရှားတို့ရဲ့ မစ်ဆိုင်းဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ရှောင်ကြဥ်နိုင်ဖို့အတွက် စစ်ပွဲအစကတည်းက နေရာစုံမှာ ဖြန့်ကြဲထားပြီး ကွယ်ဝှက်ထားတာ ဖြစ်တယ်လို့လည်း သူက ထောက်ပြပါတယ်။

ဒီလုပ်ဆောင်မှုဟာ သိုသိုသိပ်သပ်ထားရှိပြီး ဖြန့်ကြဲထားတဲ့ လေတပ်စခန်းတွေကနေ လည်ပတ်နေတဲ့ ယူကရိန်း လေတပ်နဲ့ ညီညာပြေပြစ်မှုမရှိတဲ့ မျက်နှာပြင်မှာ အချိန်တိုအတွင်း ခပ်သွက်သွက် ပျံသန်းရတဲ့ လေယာဥ်ပြေးလမ်းတွေမှာ သက်ရောက်မှုတွေ ရှိလာခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကေလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗြိတိန် လွှတ်တော်အမတ် ဘော့ ဆီးလီကလည်း Typhoon ဂျက်လေယာဥ်တွေဟာ အဲဒီလို အခြေအနေအောက်မှာ လည်ပတ်နိုင်ဖို့ အခက်အခဲတွေ ရှိတယ်လို့ ပြောပါတယ်။

“ဘက်စုံအသုံးပြုနိုင်ပြီး စစ်ပြေပြင်နဲ့ ကိုက်ညီမယ့် လေယာဥ်တစီး ရှိရပါမယ်။ အဲဒီလေယာဥ်ဟာ ရန်သူက လေယာဥ်ပြေးလမ်းတွေမှာနဲ့ လေတပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အခါ အသုံးပြုနိုင်ရမယ်” လို့လည်း မစ္စတာ ရှီလီက ဘီဘီစီကို ပြောပါတယ်။

“အဲဒါဟာ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုတခု ဖြစ်ရပါမယ်။ Typhoon လေယာဥ်ဟာ လက်တွေ့မှာ အသုံးမတည့်မှာကို စိုးရိမ်မိတယ်” လို့လည်း သူက ဆိုပါတယ်။

ယူကရိန်းနိုင်ငံဟာ ဆွီဒင်နိုင်ငံထုတ် Gripen ဂျက်လေယာဥ်လို ဘက်စုံအသုံးပြုနိုင်ပြီး နေရာစုံမှာ လေယာဥ်ဆင်းသက်နိုင်တဲ့ ဂျက်လေယာဥ်တစီး လိုအပ်တာ ဖြစ်တယ်”လို့လည်း သူက ထောက်ပြပါတယ်။ “Gripen ဟာ ရိုးရိုးရှင်းရှင်း လေယာဥ်တစင်း ဖြစ်သလို ခေတ်မီ စံနှုန်းတွေနဲ့စာရင် အင်မတန် ဆေးသက်သာတယ်။ စျေးနှုန်းသင့်တင့်ပြီး ဘက်စုံအသုံးပြုနိုင်တယ်။ အသုံးတည့်တဲ့ လေယာဥ်ဖြစ်သလို ယူကရိန်းနိုင်ငံသားတွေလည်း အချိန်တိုအတွင်း အသုံးပြုနိုင်တယ်” လို့ မစ္စတာ ရှီလီက ပြောပါတယ်။ “အဲဒီလေယာဥ်ဟာ အချိန်တိုအတွင်း ပျံတက်နိုင်ပြီး ပြေးလမ်းကျဥ်းကျဥ်းလေးမှာလည်း အသုံးပြုနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီလေယာဥ်ဟာ သေတ္တာဗုံးတစ်ဗုံးနဲ့ လာတာပါ။ Ikea ကုမ္ပဏီထုတ် အိမ်သုံး ပစ္စည်းတစ်ခုလိုပဲ” လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဆွီဒင်နိုင်ငံကလည်း ယူကရိန်းကို Gripen ဂျက်လေယာဥ်တွေ ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ပွဲအရှိန်မြင့်တက်လာမယ့် အန္တရာယ်

ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေ လွှဲပြောင်းပေးတာဟာ ရုရှားနိုင်ငံနဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်တွေ့နိုင်မယ့် အန္တရာယ်ရှိပြီးစစ်ပွဲအရှိန်မြင့်လိုက်တာလို့ ယူဆလိုက်မှာကို နေတိုးအဖွဲ့ဝင် နိုင်ငံတချို့က စိုးရိမ်ကြပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကလည်း ပြင်သစ်နိုင်ငံဟာ စစ်လေယာဥ်တွေ ပေးပို့ရင် အဲဒီလေယာဥ်တွေကို ရုရှားမြေပေါ် သွားထိပါးဖို့ အသုံးမပြုစေချင်ဘူးလို့ ပြောထားပါတယ်။

ကရင်မ်မလင်နန်းတော်ဘက်ကတော့ နေတိုးအဖွဲ့ဟာ ကျူးကျော်ရန်စနေတယ်လို့ ထပ်တလဲလဲ စွပ်စွဲပြောဆိုနေပါတယ်။

နောက်ပြီး ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်မှုနဲ့ သွယ်ဝိုက်တဲ့နည်းကြားက အနောက်နိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှု လမ်းကြောင်းဟာ ပျောက်ကွယ်နေပြီလို့ ကြာသပတေးနေ့တုန်းက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းနိုင်ငံကို လက်နက်တွေ ပိုမို ပေးပို့မှုမှာ စည်းကျော်နေပြီး နောက်ကြောင်းပြန်လှည့်လို့ မရတော့ဘူးလို့ ဒေါက်တာ ရှေး က ပြောပါတယ်။

ယူကရိန်းအောင်ပွဲရဖို့ လိုလားတဲ့ နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို သူတို့ပေးပို့ထားတဲ့ တင့်ကားတွေကို လေကြောင်းရန် အကာအကွယ်တွေ ထောက်ပံ့ကူညီဖို့ လိုအပ်ချက်ဟာ စစ်ပွဲအရှိန် မြင့်လာနိုင်တဲ့ အန္တရာယ်ရှိလို့ အသေအချာ စဥ်းစားချင့်ချိန်ဖို့ လိုမှာ ဖြစ်ပါတယ်။