ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၂၈ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - လားရှိုးမြို့ထဲကို ဝ တပ်ဖွဲ့ ဝင်ရောက်
စစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA) တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ မြောက်ပိုင်းက လားရှိုးမြို့ထဲကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေ မနေ့ညပိုင်းတုန်းက ဝင်ရောက်တယ်လို့ သိရပြီး ဒီသတင်း မှန်ကန်တဲ့အကြောင်း လားရှိုးမှာရှိတဲ့ ‘ဝ’ အဖွဲ့ရဲ့ ဆက်ဆံရေးအရာရှိက ဘီဘီစီကို အတည်ပြုပါတယ်။
‘ဝ’ တပ်ဖွဲ့တွေ လားရှိုးမြို့ထဲကို ဇူလိုင်လ ၂၇ ရက်ညမှာ ဝင်ရောက်လာတာဖြစ်ပြီး လားရှိုးမြို့နယ်ထဲက ‘ဝ’ရဲ့ ပြင်ပဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်တာလို့ လားရှိုးမြို့ ‘ဝ’ ဆက်ဆံရေးအရာရှိ ဦးညီရမ်းက ပြောပါတယ်။
မြို့ထဲကို မဝင်ခင်မှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေဆီကို အကြောင်းကြားခဲ့ပြီး အဲဒီ အဖွဲ့တွေရဲ့ သဘောတူညီချက်နဲ့ ဝင်ရောက်ခဲ့တာလို့လည်း သူကပြောပါတယ်။
‘‘လားရှိုးမြို့မှာ တပ်စွဲထားတဲ့ ကျွန်တော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်တာ၊ ပူးပေါင်းတာနဲ့ ပံ့ပိုးပေးတာတွေ လုပ်ဆောင်မှာမဟုတ်ပါ။ လားရှိုးမြို့နဲ့ တစ်နိုင်ငံလုံးငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်က မျှော်လင့်ပါတယ်’’ လို့ သူက ဘီဘီစီကိုပြောပါတယ်။
အခုလဆန်းပိုင်းတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက တန့်ယန်းမြို့ထဲကို အင်အားရာချီတဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်က ရာနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထားတဲ့ ကိုးကန့်တပ်ရဲ့တိုက်ပွဲတွေ လားရှိုးမှာ ပြင်းထန်နေချိန် ‘ဝ’တပ်က သံလွင်မြစ်အရှေ့ဘက်ကနေ အနောက်ဘက်ခြမ်းက တန့်ယန်းကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နဲ့ အာရက္ခတပ်တော်(AA) တို့က ပြုလုပ်တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ဒီညီနောင် ၃ ဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ ‘ဝ’တပ်ဟာ ထင်ထင်ရှားရှားပါဝင်ကြောင်း မပြသထားပါဘူး။
ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအကြော့ပြီးချိန်မှာတော့ စစ်ဆင်ရေးအတွင်း သိမ်းနိုင်ခဲ့တဲ့ ဟိုပန်မြို့နဲ့ ပန်လုံမြို့ကို ကိုးကန့်တပ်က ‘ဝ’ တပ်ကို လွှဲပြောင်းပေးခဲ့သလို ‘ဝ’ ကလည်း အဲဒီနယ်တွေမှာ သူ့အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်နေပါတယ်။
လားရှိုးကို ‘ဝ’ တပ် ဝင်ရောက်မှု သိရှိကြောင်း စစ်တပ်ပြော
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA) တို့ကြား တိုက်ပွဲ ဆက်ရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ် ဝင်ရောက်တာကို သိရှိတဲ့အကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြုပါတယ်။
‘’ကြိုတင်အကြောင်းကြားမှု ရှိခဲ့ပါတယ်’’ လို့ သူက ပြောပေမဲ့ ဘယ်လို သဘောတူညီသတ်မှတ်ချက်တွေနဲ့ အခုလို ဝင်ရောက်ခွင့်ပေးခဲ့တာလဲဆိုတာကိုတော့ ဖြေကြားတာ မရှိပါဘူး။
လားရှိုး ‘ဝ’ ဆက်ဆံရေးရုံးအရာရှိကတော့ လားရှိုးက ‘ဝ’ ဆက်ဆံရေးရုံးနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မနေ့ညတုန်းက လားရှိုးမြို့ထဲ ဝင်ရောက် လာတာလို့ အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။
ဇူလိုင်လကုန်ပိုင်းမှာ စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား ခြောက်ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲရှိတယ်လို့ သတင်းထွက်ပေါ်နေချိန်မှာပဲ ရှမ်းမြောက်က စစ်ပွဲတွေအမြန်ဆုံးရပ်ဖို့ တရုတ်က တိုက်တွန်းထားပါတယ်။
စစ်ကောင်စီကတော့ ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံရဲ့ ပါဝင်မှုကို အလေးထားပြီး လက်ရှိ ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဟိုင်ဂင်ဆွေးနွေးပွဲမှာ ပါဝင်သူအားလုံးထံ အကြောင်းကြားထားတဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရသူက ပြောထားပါတယ်။
ဒါပေမဲ့ ဟိုင်ဂင်ဆွေးနွေးပွဲ ဖြစ်၊ မဖြစ်ကိုတော့ စစ်တပ်ဘက်က အတည်ပြု ပြောဆိုတာ မရှိသေးပါဘူး။
ဒီအတောအတွင်းမှာပဲ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကလည်း ကိုးကန့်တပ်၊ ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) တို့နဲ့အတူပူးပေါင်းပြီး လားရှိုးအခြေစိုက် အမှတ် ၆၈ ခြေလျင်တပ်ရင်းကို မနေ့ညနေပိုင်းတုန်းက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ မြန်မာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ထပ်မံ တိုက်တွန်း
မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းလိုက် ပါတယ်။
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ ဇူလိုင် ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးအဖြေရှာတဲ့နေရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲထားမှာ ဖြစ်ပြီး အကောင်အထည်ဖော်တဲ့လုပ်ငန်းတွေ ပိုမိုထိရောက်ဖို့ သုံးသပ်တာတွေပြန်လုပ်ဆောင်မှာြဖစ်သလို အကြံပြုချက်တွေကို ရှေ့လာမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းဝေးတွေမှာ တင်သွင်းသွားမယ် လို့လည်း ဆိုပါတယ်။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မပြတ်တွေ့ဆုံနိုင်အောင် အားထုတ်နေတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဝန်ကြီးတွေက ပြောထားပါတယ်။
ဒီအတောအတွင်းမှာပဲ အခုတစ်ကြိမ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ အာဆီယံ အလှည့်ကျ ၃ နိုင်ငံက ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘော တိုင်ပင်ဆွေးနွေးမှုကိုလည်း စတင်နိုင်တဲ့ အကြောင်း ဝန်ကြီးတွေက ထည့်သွင်းပြောဆိုထားပါတယ်။
ရှမ်းမြောက်အရေး တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးရေး မူဝါဒကို လိုက်နာမယ်လို့ MNDAA ပြော
မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးရေးမှုဝါဒကို တစိုက်မတ်မတ်လိုက်နာပြီး တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ လားရှိုးလူထုကို ရည်ညွှန်းပြီး ကိုးကန့်တပ်(MNDAA) က ပြီးခဲ့တဲ့နာရီပိုင်းကပဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ ကိုးကန့်တပ်(MNDAA) တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ထဲကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တွေ မနေ့ညပိုင်းတုန်းက ဝင်ရောက်ခဲ့ပြီးနောက်မှာ MNDAA ရဲ့ အခုကြေညာချက် ထွက်လာတာဖြစ်ပါတယ်။
ဇူလိုင် ၂၅ ရက်က လုပ်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို တရုတ်အစိုးရအနေနဲ့ အနီးကပ်စောင့်ကြည့်နေပြီး အပစ်ရပ်ညှိနှိုင်း ရေးဆွေးနွေးဖို့ တိုက်တွန်းတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောထားပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ လားရှိုးမြို့ထဲမှာရှိနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းအပါအဝင် ဆိုင်ဘာမှုခင်းလုပ်ငန်းတွေကို တိုက်ဖျက်သွားမှာဖြစ်ပြီး တရုတ်နိုင်ငံသား ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိခဲ့ရင် တရုတ်နိုင်ငံကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့ MNDAA က ပြောပါတယ်။
ဒါအပြင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက် ကိုးကန့်တပ် MNDAA က လားရှိုးမြို့ ကို ထိန်းချုပ်ထားနိုင်ပြီလို့ထုတ်ပြန်ထားသလို လားရှိုးမြို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို အပြည့်အဝ ထိန်းချုပ်ကိုင်တွယ်သွားမယ်လို့လည်း MNDAA က ပြောထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒါဟာ MNDAA ရဲ့ ဝါဒဖြန့်မှုသာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
တရုတ်က ကမကထပြုလုပ်ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမတစ်ပိုင်း ရပ်နားတဲ့အထိ ဦးတည်ခဲ့တဲ့ စစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကြား ဟိုင်ဂင်ဆွေးနွေးပွဲဟာ အခုလကုန်ပိုင်းမှာ ခြောက်ကြိမ်မြောက် ပြုလုပ်ဖို့ရှိတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
အာဆီယံ -တရုတ် ဆွေးနွေးပွဲမှာ စစ်ကောင်စီကိုယ်စားလှယ် ပူးတွဲသဘာပတိ အဖြစ်ပါဝင်
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲရဲ့ အာဆီယံ-တရုတ် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီနဲ့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့က ပူးတွဲ သဘာပတိလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ အာဆီယံနဲ့ ဆွေးနွေးဖက် နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဥရောပသမ္ဂ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ရုရှား၊ ဗြိတိန်နိုင်ငံတွေနဲ့ သီးခြားလုပ်ခဲ့ တဲ့ အစည်းအဝေးတွေမှာလည်းတက်ရောက် ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တရုတ်-အာဆီယံ ဆွေးနွေးပွဲအတွင်းမှာ တရုတ်နိုင်ငံနဲ့ အာဆီယံဒေသမှာနေထိုင်ကြတဲ့ လူဦးရေ ၂ ဘီလျံ အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေမယ့်လုပ်ငန်းတွေလုပ်ဆောင်သွားမယ်လို့ တရုတ်အစိုးရက ဇူလိုင် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ စီးပွားရေးတိုးတက်အောင်လုပ်တာတွေနဲ့ ယဥ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီက ပြောပါတယ်။
ဇူလိုင် ၂၄ ရက်ကနေ ၂၇ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးတွေနဲ့ ဆက်စပ် အစည်းအဝေးတွေကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးနဲ့ အကြီးတန်းအရာရှိကြီးတွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲတွေမှာ မြန်မာစစ်ကောင်စီ ထိပ်ပိုင်း ခေါင်းဆောင်တွေကို တက်ခွင့်မပေးတဲ့ အာဆီယံရဲ့ မူကို ထပ်ပြီး ထောက်ခံတယ်လို့ အမေရိကန် နိုင်ငံက ပြောထားတာဖြစ်ပါတယ်။
အာဆီယံအစည်းအဝေးပွဲတွေမှာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
မြို့ကြီး ၁၂ မြို့ ထက်မနည်း ရေဘေးသင့်နေ
ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင် စတဲ့မြစ်တွေမှာ မြစ်ရေကြီးနေလို့ မြစ်ဘေးနားက မြို့ကြီး ၁၂ မြို့ထက်မနည်းမှာ ရေကြီးနေတယ်လို့ စစ်ကောင်စီ မိုးဇလက ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ပါတယ်။
စစ်တောင်းမြစ်နဲ့ သံလွင်မြစ်ရေ ကြီးလို့ မဒေါက်မြို့နဲ့ ဘားအံမြို့တွေရဲ့ စိုးရိမ်ရေမှတ်ထက် ၆ ခွဲအထိ မြင့်တက်နေလို့လည်း ထုတ်ပြန်ပါတယ်။
“ဘားအံမြို့ဟာ အရေးအပေါ်အခြေအနေကျရောက်နေပြီ” လို့ ဒေသခံ ပရဟိတ အဖွဲ့တွေက ဘီဘီစီကို ပြောပါတယ်။
ဧရာဝတီမြစ်ရေကြီးနေလို့ မြစ်ဘေးနားက ဟင်္သာတ၊ ဆိပ်သာ၊ ဇလွန်မြို့တွေရဲ့ စိုးရိမ်ရေအမှတ်ထက် ၁ ပေကနေ ၂ ပေခွဲအထိ တက်နေတယ်လို့လည်း မိုးဇလက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ သောင်းရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေတယ်လို့ လည်း မိုးဇလကပြောပါတယ်။
ဒါအပြင် ဧရာဝတီတိုင်းထဲက ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း၊ သာပေါင်းနဲ့ ပုသိမ်မြို့တွေရဲ့ စိုးရိမ် ရေမှတ်ထက် ၂ ပေကနေ ၃ ပေအထိ ကျော်လွန်နေတယ်လို့ လည်း မိုးဇလက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲက သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တွေမှာလည်း ရေကြီးနေတာ ပြန်မကျသေးဘူးလို့ မြေပြင် ပရဟိတအဖွဲ့တွေက ပြောပါတယ်။
သံတွဲမြို့က သူဌေးချောင်းဆည်ရေဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ထက် ကျော်လွန်နေတာ ကြောင့် ဆည်ကျရေစီးကြောင်းတစ်လျှောက်က ရွာတွေမှာ နေထိုင်ကြတဲ့ဒေသခံတွေ ချက်ချင်း ပြောင်းကြဖို့ အာရက္ခတပ်တော် (အေအေ) က ဇူလိုင် ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့မှာလည်း ဇူလိုင် (၂၇) ရက် က မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ ရေကြီးရေလျှံတာတွေဖြစ်ခဲ့သလို မြေပြိုကျတာတွေပါရှိခဲ့ပါတယ်။
ဒါအပြင် မနေ့ကဆိုရင် ရန်ကုန်တိုင်းအတွင်းက ကွမ်းခြံကုန်းမြို့နယ်ဘက်မှာလည်း လေဆင်နှာမောင်းတိုက်တာတွေအထိ ရာသီဥတု ပြင်းထန်ခဲ့ပါတယ်။
မိုးကုတ်တိုက်ပွဲအတွင်း နိုင်ကျဥ်း ၁၄ ဦး လွတ်မြောက်လာ
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာပြုလုပ်တဲ့ စစ်ဆင်ရေးအတွက် မိုးကုတ်ထောင်ထဲက နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသား ၁၄ ဦး လွတ်မြောက်လာတယ်လို့ မိုးကုတ်ဗျူဟာ ဘက်က သတင်းထုတ်ပြန်လာပါတယ်။
အဲဒီနိုင်ငံရေး အကျဥ်းသူ အကျဥ်းသားတွေကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) က လွှဲပြောင်း လက်ခံယူခဲ့တယ်လို့လည်း မိုးကုတ်ဗျူဟာက ဇူလိုင် ၂၈ ရက်မှာ ပြောပါတယ်။
အဲဒီအမျိုးသား အမျိုးသမီးတွေကို အကျဥ်းထောင်ထဲကနေ ဘယ်လို ကယ်ဆယ်ခဲ့လဲဆိုတာ မပြောထားပေမဲ့ တအာင်းတပ်(TNLA)က မိုးကုတ်ဗျူဟာကို လွှဲပြောင်းပေးခဲ့တာလို့ နားလည်ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ မိုးကုတ်အနောက်ပိုင်းမှာ တအာင်းတပ်က ဦးဆောင်ပြီး ဇွန်လ ၂၅ ရက်ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် ၁ လနီးပါးအကြာမှာတော့ မိုးကုတ်မြို့ကို ထိန်းချုပ်နိုင်ပြီဆိုပြီး တအာင်းတပ်ကရော၊ မိုးကုတ် တိုက်ပွဲမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ပါ ပြီးခဲ့တဲ့တစ်ပတ်အတွင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
လားရှိုးမြို့တွင်းမှာ တိုက်ပွဲအတွင်းသေဆုံးရုပ်အလောင်းတွေ မရှင်းလင်းနိုင်သေး
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်(MNDAA)တို့ရဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ကြတဲ့ နှစ်ဖက်တပ်ဖွဲ့ ဝင်တွေ အပါအဝင် ဒေသခံအရပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ရှင်းလင်းရေး မလုပ်နိုင်သေးဘူးလို့ မြေပြင်ပရဟိတ ကူညီရေးအသင်းတွေက ဘီဘီစီကို ပြောပါတယ်။
“မနေ့ညနေ (ဇူလိုင်၂၇ ရက်) ကအထိတော့ ရပ်ကွက်တွေထဲမှာ အလောင်းတွေ အများကြီး ပျံ့ကြဲ နေတယ်။ MNDAA ကတော့ မြို့ထဲမှာကျန်တဲ့သူတချို့ကို မြို့ပြင်ထွက်ခိုင်းနေတယ်။ သူတို့ ရှင်းလင်းရေး လုပ်မယ့်ပုံစံ မျိုးလို့ထင်တာပဲ” လို့ ဒေသခံ အရင်းအမြစ်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
မြို့တွင်းမှာ ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ လားရှိုး ဘူတာဘက်အခြမ်းမှာ ကျန်နေသေးပြီး မြို့ပေါ်ကနေရာ အများစုကိုတော့ MNDAA တပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားတယ်လို့လည်း စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။
“MNDAA လားရှိုးမြို့မှာ နေရာယူထားတဲ့ပုံစံမျိုးက လောက်ကိုင်မြို့ကို သိမ်းတုန်းကပုံစံမျိုးပဲ။ စစ်ကောင်စီက ထွက်ပေါက်မရှိသလိုဖြစ်သွားတယ်။ လက်နက်ချမလား၊ အသေခံမလား ဆိုတာမျိုးဖြစ်သွားတယ်လို့” စစ်ရေးအကဲခတ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လားရှိုးမြို့ထဲမှာ ကျန်နေသေးတဲ့သူတွေကို မြို့ပြင်က ခါးသျှိရွာနားအထိထွက်လာရပြီး အဲဒီကနေတဆင့် ပရဟိတအဖွဲ့တွေရဲ့ အကူအညီနဲ့ ကျေးသီးမြို့နယ်အထိ စစ်ဘေးရှောင်ဖို့ ပို့ဆောင်ပေးနေတယ်လို့လည်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့မှာ စစ်ကောင်စီ နဲ့ ကိုးကန့်တပ် တိုက်ပွဲဆက် ဖြစ်နေသလို ကိုးကန့်တပ် MNDAA က လားရှိုးမြို့ ကို ထိန်းချုပ်ထားနိုင်ပြီလို့ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒါဟာ MNDAA ရဲ့ ဝါဒဖြန့်မှုသာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
ဇူလိုင် ၂ ရက်နေ့က စတင်ခဲ့တဲ့ လားရှိုးတိုက်ပွဲတွေအတွင်း ကလေး ၅ ဦးအပါအဝင် အရပ်သားပြည်သူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ က ဇူလိုင် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။