ဂါဇာတောင်ပိုင်းဆေးရုံတွေမှာ လူနာတွေ စုပုံနေ - ဒီဇင်ဘာ ၆ ရက် နိုင်ငံတကာ ထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

ဂါဇာတောင်ပိုင်းမှာ အစ္စရေးစစ်တပ်ဟာ မြေပြင်၊ ဝေဟင် တိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ အတွက် အခုဆိုရင် အဲဒီအရပ်မှာ ရှိတဲ့ အဓိက ဆေးရုံကြီးပေါ်မှာ ထိခိုက် ဒဏ်ရာရသူတွေ စုပုံနေပါတယ်။

ဆေးရုံရဲ့ အဆောင်တိုင်းမှာ လူနာတွေနဲ့ ပြည့်ကျပ်နေတဲ့ အတွက် ခုတင်နေရာ မရသူတွေကို ကြမ်းပြင်တွေပေါ် ဒီအတိုင်း ချထားရတယ်လို့ ဆေးဝန်ထမ်းတွေက ပြောပါတယ်။ နေရာတိုင်းမှာ သွေးတွေနဲ့ စွန်းထင်းနေတယ်လို့လည်း ဆိုပါတယ်။

ဂါဇာထဲ အစ္စရေးတိုက်ခိုက်လာတဲ့ သီတင်း ရှစ်ပတ်အတွင်း သေဆုံးသူ လူပေါင်း တစ်သောင်းခြောက်ထောင် ကျော်သွားပြီလို့ ဟားမတ်စ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံ အပျက်အစီး ပုံကြီးတွေအောက်မှာ လူသေအလောင်းတွေ အများအပြား ရှိနေနိုင်တယ် ဆိုပြီး ယူဆ ထားကြပါတယ်။

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF ရဲ့ ယူကေရုံးကို ဦးဆောင်သူ ဒေါက်တာ နာတာလီရောဘတ်စ် က ဂါဇာထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောတာက ….

“တိုက်ခိုက်မှုတွေ ပြန်စလာခဲ့တဲ့ အခုရက်ပိုင်းတွေအတွင်းမှာကို ခန်းယူနစ်မှာ ရှိတဲ့ MSF ဆေးရုံတွေဆီ လူနာတွေ ရာပေါင်းများစွာ ရောက်လာကြပါတယ်။ ဆေးရုံတွေပေါ်မှာ အရင်ကတည်းက လူနာတွေနဲ့ ပြည့်နှင့်နေပြီး ဖြစ်တဲ့ အတွက် အခုဆိုရင် အခြေအနေဟာ အင်မတန် ဆိုးနေပါတယ်။ ဘယ်လိုမှ နိုင်နင်းအောင် ကုသတာတွေ၊ ပြုစု စောင့်ရှောက်တာတွေ မလုပ်နိုင်တော့ပါဘူး” လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေကို ကြည့်ရင်တော့ အစ္စရေး သံချပ်ကာ အမြောက်ကားတွေဟာ ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရဲ့ အတွင်းပိုင်းနေရာတွေထိ ထိုးဖောက် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ သူတို့ဟာ ဟားမတ်စ်အဖွဲ့နဲ့ တခြား အစ္စလာမ်မစ် လက်နက်ကိုင်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ခန်းယူနစ်ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်ပိုင်းတွေဟာ စစ်မျက်နှာပြင်တွေ ဖြစ်တဲ့ အတွက် အဲဒီနေရာက ဒေသခံတွေ ထွက်သွားကြဖို့ အစ္စရေးစစ်တပ်က ပြောထားပါတယ်။

အမေရိကန်-တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေ ဂါဇာအရေး စကားပြော

ဂါဇာ အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတွေဟာ တယ်လီဖုန်းကနေ တဆင့် ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။

ဂါဇာထဲမှာ တိုက်ခိုက်နေတဲ့ စစ်ပွဲအရှိန်ကို မဖြစ်မနေ လျှော့ချဖို့ လိုတယ်ဆိုတဲ့ အချက်အပေါ် အန်တိုနီဘလင်ကင်နဲ့ ဝမ်ယိတို့ကြား သဘောတူကြပါတယ်။

စစ်ပွဲကို လက်လွတ်စပယ် ပုံစံမျိုး မရောက်အောင် ထိန်းချုပ်သင့်တယ် ဆိုတဲ့ ရှုထောင့်ကနေ မစ္စတာ ဘလင်ကင် ပြောဆိုခဲ့ပါတယ်။

အစ္စရေး အနေနဲ့ ဂါဇာမြောက်ပိုင်းမှာ တိုက်ခိုက်ခဲ့တဲ့ အတိုင်းအတာ ပမာဏမျိုး အထိ ဂါဇာတောင်ပိုင်းမှာ စစ်ရေး မပြုလုပ်ဖို့ အမေရိကန်က အလိုရှိနေပါတယ်။

မစ္စတာဝမ်ကတော့ ဂါဇာထဲ လုံးဝ အပစ်ရပ်ရေး သဘောတူချက် ရရှိလာဖို့ ဆော်ဩခဲ့ပါတယ်။

ရုပ်ကြွင်းလောင်စာကို တကယ်စွန့်ခွာနိုင်မလား နိုင်ငံတကာကြား အငြင်းပွား

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာ ကိုင်တွယ်ရေး COP ထိပ်သီးဆွေးပွဲကို ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှာ ပြုလုပ်နေပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ရေး အတွက် ရည်မှန်းချက် ကြီးကြီးထား လုပ်ဆောင်ရမှာတွေ အပေါ် နိုင်ငံတကာ အနေနဲ့ တစည်းတလုံးတည်း သဘောတူကြဖို့ရာ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြဿနာ ကိုင်တွယ်ရေး အဓိက တာဝန်ယူထားသူ ဆီမွန် စတီးလ်က တိုက်တွန်းပါတယ်။

မစ္စတာစတီးလ် ဦးစားပေး ပြောနေတာကတော့ ရုပ်ကြွင်းလောင်စာတွေ အပေါ် မှီခိုနေရတဲ့ ခေတ်ကြီးကို လုံးဝ အဆုံးသတ်နိုင်ရေး ဆိုတဲ့ အချက် အပေါ် အတိတကျ သဘောတူမှု ရနိုင်ဖို့ ဖြစ်ပါတယ်။

နှစ်ပတ်ကြာ ဒူဘိုင်း COP အစည်းအဝေးမှာ နိုင်ငံတွေကြား အဓိက ကွဲလွဲနေတာကလည်း ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို တဆင့်ချင်း အဆုံးသတ်ဖို့ ဆိုတာ တကယ်တမ်း ဖြစ်နိုင်လား၊ ဘယ်လိုတွေ လုပ်ဆောင်ကြမလဲ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

သမ္မတပူတင်ရဲ့ ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ်

ဒူဘိုင်းမှာ COP ထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် ယူအေအီးကို ရောက်လာမှာ ဖြစ်ပါတယ်။

သမ္မတပူတင်ရဲ့ ဆော်ဒီအာရေဗျနဲ့ ယူအေအီး ခရီးစဉ် ရှိနေကြောင်း ကရင်မလင်ဘက်က အတည်ပြုပေမဲ့၊ COP အစည်းအဝေးကို မစ္စတာ ပူတင် တက်မှာလား ဆိုတာကိုတော့ အတိတကျ ပြောတာမျိုး မလုပ်ပါဘူး။

ဒါဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကနေ မစ္စတာ ပူတင်ကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီးနောက်ပိုင်း မစ္စတာပူတင် အင်မတန် ရှားရှားပါးပါး ပြုလုပ်တဲ့ နိုင်ငံခြား ခရီးစဉ် ဖြစ်ပါတယ်။

COP အစည်းအဝေး ကျင်းပနေတဲ့ အဆောက်အအုံမှာ အလုပ်လုပ်နေတဲ့ ယူကရိန်းနိုင်ငံသူ မာဂရာရီးတာ ဘိုဒါနိုဗာက အခုလို ဆိုပါတယ်။

“စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေ အပေါ် ကမ္ဘာကြီးက ဘယ်လို နေရာပေး ဆက်ဆံနေတယ် ဆိုတာကို မြင်တွေ့ရတာဟာ အင်မတန် ကြေကွဲဖို့ကောင်းပါတယ်။ ကျွန်မတို့ အတွက်တော့ မစ္စတာ ပူတင်ဟာ အကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေကို ပြန်ပေးဆွဲမှုတွေ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်ကောင်ပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောသွားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲက သတ်ဖြတ်မှုတွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ လူ ၄ ဦး သတ်ဖြတ် ခံလိုက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒုက္ခသည် စခန်းတွေထဲ လှုပ်ရှားနေကြတဲ့ ပြိုင်ဘက် အဖွဲ့ ၂ ခုကြား တိုက်ခိုက်ရာကနေ အခုလို သေဆုံး ခဲ့တာလို့လည်း ဆိုပါတယ်။

လူဆိုးဂိုဏ်းတွေဟာ ဒုက္ခသည် စခန်းတွေထဲ လွှမ်းမိုး ထိန်းချုပ်နိုင်ဖို့ရာ အပြိုင်ကြိုးစား နေကြပြီး အခု တစ်ကြိမ်မှာတော့ အရွယ်အစား ပိုငယ်တဲ့ အုပ်စုတစ်ခုက ပြိုင်ဘက် အုပ်စုကြီးကို စိန်ခေါ် တိုက်ခိုက်လာတာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ရဲတွေက ပြောပါတယ်။

အဲဒီလို အုပ်စုကွဲတွေကြား တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေထဲ သေဆုံးသွားကြသူတွေ အခုနှစ်ထဲမှာတင် ဒါဇင်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။

အမ်ဟာရာထဲ အရပ်သားပစ်မှတ်တွေပါ ဒရုန်းနဲ့ တိုက်ခိုက်ခံနေရ

အီသီယိုပီယားနိုင်ငံ အမ်ဟာရာဒေသမှာ လူနာတင်ယာဉ်တစ်စီး ဒရုန်းတိုက်ခိုက် ခံလိုက်တဲ့ အတွက် အနည်းဆုံး လူ ၅ ယောက် သေဆုံးသွားပါတယ်။

သေဆုံးသွားသူတွေထဲ ယာဉ်မောင်း၊ ဆေးဝန်ထမ်း တစ်ဦးနဲ့ ဆောက်လုပ်ရေး အလုပ်သမား နှစ်ဦး ပါဝင်ကြောင်း အတည်ပြုထားနိုင်ပါတယ်။

အမ်ဟာရာဒေသထဲမှာ အီသီယိုပီယား အစိုးရစစ်တပ်နဲ့ ဒေသခံ လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်နေပြီး ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးနေရတဲ့ ပြဿနာ ကြီးမားနေတယ်လို့ ကုလသဂ္ဂကလည်း သတိပေးနေပါတယ်။