ထိုင်ဝမ်သမ္မတကို အမေရိကန်က လက်ခံတွေ့ဆုံအပြီး တရုတ်စစ်ရေးပြင်

ရေးသားခဲ့သည်။

မျှော်လင့်တဲ့အတိုင်း အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင်မက္ကာသီနဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် တို့ တွေ့ဆုံခဲ့ပြီးတဲ့နောက် တရုတ်က စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဒီတွေ့ဆုံမှုကို တုံ့ပြန်ပါတယ်။

နယူးယောက်မှာ ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့ ဂုဏ်ပြုဆုကို မစ္စဆိုင်က လက်ခံရယူအပြီး ဧပြီ ၅ ရက်နေ့က ကယ်လီဖိုးနီးယားမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ လက်တွဲဖော်ဆက်ဆံရေးကို မစ္စဆိုင်က ကြိုဆိုခဲ့ပြီး မစ္စတာ မက္ကာသီက ထိုင်ဝမ်ကို ဆက်လက် လက်နက် ရောင်းချမယ်လို့ ပြောပါတယ်။

ဒီအပေါ်တရုတ်က တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ထိုင်ဝမ်ရေပိုင်နက်အနီးထိ စစ်သင်္ဘော စေလွှတ်ခဲ့ပါတယ်။

တရုတ်၊ အမေရိကန်၊ ထိုင်ဝမ် အန္တရာယ်များလှတဲ့ သုံးပွင့်ဆိုင်အရေးမှာ ထိုင်ဝမ်က အလယ်ဗဟိုမှာ ရှိနေပါတယ်။

တရုတ်အပေါ် အမေရိကန်က ရန်လိုမှုတွေ ပိုမို ကြီးထွားလာချိန်မှာပဲ ထိုင်ဝမ်အပေါ် ထောက်ခံမှုကို ဒီမိုကရက်ရော ရီပတ်ဘလီကင်ကပါ အပြိုင်အဆိုင် ပွင့်ပွင့်လင်းလင်း ပြသလာတာနဲ့ မစ္စဆိုင်ရဲ့ အမေရိကန် ခရီးစဥ်က တိုက်ဆိုင်မှုတခုလို့ ပြောဖို့တော့ ခဲယဥ်းပါတယ်။

ဒါကြောင့်လည်း တရုတ်က ဒေါသတကြီး တုံ့ပြန်နိုင်တယ်ဆိုတဲ့ကြားက အောက်လွှတ်တော် ပြောခွင့်ရ နန်စီပလိုစီ ပြီးခဲ့တဲ့ နွေက ထိုင်ဝမ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ တရုတ်က သူပိုင်တယ်လို့ ပြောဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ထိုင်ဝမ်ကျွန်း အရေးကိစ္စက တရုတ်နဲ့ အမေရိကန် အကြား ပေါက်ကွဲလုဖြစ်နေတဲ့ အကြီးမားဆုံး အကြောင်း အရာ တခု ဖြစ်နေပါတယ်။

"ပုဂ္ဂိုလ်ရေးအရ ပလိုစီရဲ့ ခရီးစဥ်ကို ကျွန်တော် ဆန့်ကျင်ပါတယ်” လို့ ထိုင်ဝမ်မှာရှိတဲ့ အမေရိကန် အင်စတီကျုက ညွှန်ကြားရေးမှူးဟောင်း ပါမောက္ခ ဝီလီယံ စတန်တန်က ပြောပါတယ်။

"အမေရိကန်က အဆင့်မြင့်နိုင်ငံရေးသမားတွေ ဒီကျွန်းကို လာလည်တာက တရုတ်ကို သွားစသလိုပါပဲ၊ အကျိုးဆက်က စိုးရိမ်စရာကောင်းပါတယ်” လို့ သူက ပြောပါတယ်။

တရုတ်ရဲ့ ဒုံးကျည်တွေလည်း ဒီကျွန်းကို ကျော်ပစ်ခတ်ပြီး ကြောက်လန့်စရာဖြစ်အောင် ခြိမ်းခြောက်ခဲ့ကြပါတယ်။

ဒေသတွင်းအစိုးရတွေက တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လာမယ့်အချိန်အတွက် လေးလေးနက်နက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဒီလိုအခြေအနေတွေ ရှိနေပေမဲ့ ဇန်နဝါရီလမှာ လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရပြီးတဲ့နောက် ရီပတ်ဘလီကင်တဦးဖြစ်တဲ့ မစ္စတာမက္ကာသီက မစ္စပလိုစီရဲ့ ခြေလှမ်းကို လိုက်လျှောက်ဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ကောင်းတဲ့ စိတ်ကူးတခုမဟုတ်ဘူးလို့ သမ္မတ ဆိုင်က ဆုံးဖြတ်ခဲ့တယ်လို့လည်း ပါမောက္ခ စတန်တန်က ပြောပါတယ်။

"ကယ်ဗင်မက္ကာသီက ပလိုစီနောက်လိုက်ချင်တယ်ဆိုတာ ရှင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ဆိုင်အင်ဝမ်က ကျေးဇူးတင်ပါတယ် မလုပ်ပါနဲ့လို့ ပြောပြီး ကယ်လီဖိုးနီးယားမှာ လက်ဖက်ရည် အတူသောက်မလားလို့ ပြန်ပြောခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိအချိန်အထိ သမ္မတဆိုင် အနေနဲ့ နောက်ထပ် အငြင်းပွားစရာ ဖြစ်လာနိုင်တဲ့ အမေရိကန် ခေါင်းဆောင်တဦး ထိုင်ဝမ်ကို လာရောက်လည်ပတ်တာ မလိုချင်ပေမဲ့ ထိုင်ပေမှာရှိတဲ့ ဒီမိုကရေစီ နည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရက အင်အားကြီးတဲ့ မဟာမိတ် ဝါရှင်တန်နဲ့ ထိတွေ့ ဆက်ဆံတာကို တရုတ်က ပိတ်ပင်ထားလို့ ရမှာ မဟုတ်ဘူးဆိုတာကို ပြသချင်နေတာလည်း ဖြစ်ပါတယ်။

တရုတ်က အမေရိကန်ကို ထိုင်ဝမ်အရေးဟာ အန္တရာယ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပေမဲ့ ကယ်လီဖိုးနီးယားမှာ မစ္စဆိုင်နဲ့ တွေ့ဆုံခဲ့တာကို ပါတီ နှစ်ရပ်လုံးက တွေ့ဆုံတဲ့ဆိုတဲ့ သဘောမျိုး မစ္စတာ မက္ကာသီက ပြောဆိုခဲ့ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးလိုအပ်တာထက် ပိုတုံ့ပြန်ဖို့ မလိုဘူးလို့လည်း အိမ်ဖြူတော်က တရုတ်ကို ပြောဆိုခဲ့ပါတယ်။

ဒီလို ကူးချည်သန်းချီ သံတမန်ရေးက ထိုင်ဝမ် အတွက် အရေးပါတယ်လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပညာရှင် ဝမ်တီဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက တရုတ်က ထိုင်ဝမ်ရဲ့ မဟာမိတ်တွေကို စည်းရုံး သိမ်းသွင်းနိုင်တာကြောင့် အခုဆိုရင် ထိုင်ဝမ်ကို အသိအမှတ်ပြုတဲ့ နိုင်ငံက ၁၃ နိုင်ငံပဲ ရှိနေပါတယ်။

"ဒီလိုနိုင်ငံတကာက လာရောက်တာက နိုင်ငံတကာအသိအမှတ်ပြုတာကို ရလိုတဲ့ ထိုင်ဝမ် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြုတာ မရှိဘူးဆိုရင် နိုင်ငံတကာရဲ့ ထောက်ခံမှုအတွက် တခြားသော ကိုယ်စားပြုမှုတွေက ထိုင်ဝမ်တွေ အရေးပါ ပါတယ်” လို့ မစ္စတာ ဆန်က ပြောပါတယ်။

တချိန်တည်းမှာပဲ တရုတ်ကလည်း တတ်နိုင်သမျှ ပြန်လည် တုံ့ပြန်ဖို့ ကြိုးစားနေပါတယ်။ ထိုင်ဝမ် သမ္မတဟောင်း မာယင်ဂျိုးကို ပြည်မထဲကို ခေါ်လည်ခဲ့ပါတယ်။

မြို့ ၅ မြို့ကို မစ္စတာမာက သွားရောက်လည်ပတ်ခွင့်ရရှိခဲ့ပြီး ဘိုးဘေးဘီဘင်တွေကို ကန်တော့ခွင့် ရရှိခဲ့ပါတယ်။ တရုတ်ပြည်အလယ်ပိုင်းမှာရှိတဲ့ သူတို့ရဲ့ အုတ်ဂူတွေဆီ သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဥ်ဟာလည်း နိုင်ငံရေးနဲ့ ဆက်နွှယ်နေပါတယ်။

၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ထူထောင်ခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် ထိုင်ဝမ် သမ္မတဟောင်းကို တရုတ်ကို ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

"ထိုင်ဝမ်နဲ့ ပတ်သက်ပြီး တရုတ်က လေသံပျော့လာပါတယ်၊ ၂၀၂၄ သမ္မတ စည်းရုံးလှုပ်ရှားမှုတွေ အတွင်း ထိုင်ဝမ်အမျိုးသားဝါဒကို လျော့ချလိုတဲ့ သဘောပါ” လို့ မစ္စတာ ဆန်က ပြောပါတယ်။

ဒီအတွက် မစ္စတာ မာရဲ့ ခရီးစဥ်က နိုင်ငံရေးအရ အကာအကွယ်လုပ်ဖို့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

နန့်ကျင်းကို ရောက်လာတဲ့ အချိန်မှာ ထိရောက်တဲ့ နိုင်ငံရေးမိန့်ခွန်းကို မစ္စတာ မာက ပြောဆိုခဲ့ပါတယ်။

“ထိုင်ဝမ် ရေလက်ကြားရဲ့ နှစ်ဖက်လုံးမှာ နေတဲ့သူတွေက တရုတ်တွေပဲ ဖြစ်ပါတယ်၊ အားလုံးက ယန်နဲ့ ဟောင် အင်ပါယာကနေ ဆင်းသက်လာကြတာပါ” လို့ သူက ပြောပါတယ်။

"မာယင်ဂျိုးက အလျော့ပေးထားတာကြောင့် သူ့အပေါ်မှာ ဘေဂျင်းက ကောင်းပြနေတာပါ၊ သူက အမြဲ ငါတို့အားလုံးက တရုတ်တွေပါလို့ အမြဲပြောနေပါတယ်၊ ဒါကို သူနဲ့ တရုတ်အကြား သဘောတူပေမဲ့ ထိုင်ဝမ်တွေက သဘောမတူပါဘူး” လို့ ပါမောက္ခ စတန်တန်က သုံးသပ်ပါတယ်။

မစ္စတာမာရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်တမ်းမှာတော့ ထိုင်ဝမ်မှာနေသူ ၆၀ ရာခိုင်နှုန်းက သူတို့တွေဟာ ထိုင်ဝမ်သားတွေလို့ ခံယူပြီး တရုတ်တွေ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒီစစ်တမ်းအရ တရုတ်နဲ့ စစ်ဖြစ်မယ်ဆိုတာကို ထိုင်ဝမ် ၅၀ ရာခိုင်နှုန်းက ယုံကြည်နေပါတယ်။

ကူမင်တန် (KMT) ပါတီကို မဲပေးတဲ့သူတွေကို ဒီစစ်ကို ရှောင်ရှားဖို့ မစ္စတာ မာက ရည်မှန်းထားတယ်လို့ မစ္စတာ ဆန်က သုံးသပ်ပါတယ်။

ထိုင်ဝမ်ရေလက်အကြားမှာ တံတားခင်းပေးဖို့ဆိုတဲ့ အမွေကို သူက ချန်ခဲ့ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ သမ္မတ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှုတွေ စတင်နေပြီး KMTက တရုတ်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဥ်းပေးဖို့ အခိုင်အမာပြောနေပါတယ်။

ဒါပေမဲ့ ဝါရှင်တန်နဲ့ ဘေဂျင်းအကြားဆက်ဆံရေးက ဆိုးရွားလာနေပါတယ်။

၁၉၇၉ ခုနှစ် တရုတ်နဲ့ အမေရိကန် အပြန်အလှန် အသိအမှတ်ပြုပြီးနောက် ဒီကနေ့ ဆက်ဆံရေးက အဆိုးရွားဆုံးလို့ ဂျာမန် မာရှယ် ရံပုံငွေအဖွဲ့က အာရှအစီအစဥ် အကြီးအကဲ ဘိုနီးဂလေစာက သုံးသပ်ပါတယ်။

"ဘေဂျင်းက သမ္မတဘိုင်ဒန် ဒါမှမဟုတ် ပင်တဂွန်က ဖုန်းတွေကို မကိုင်တော့ပါဘူး၊ တရုတ်က ခြိမ်းခြောက်မှု တခုဆိုပြီး ကွန်ကရက်က ကြေညာထားပါတယ်” လို့ သူက ပြောပါတယ်။

ဆယ်စုနှစ်များစွာ ပိုနေမြဲကျားနေမြဲအခြေအနေကို ဝါရှင်တန်က ထိန်းသိမ်းထားပြီး တရုတ်အစိုးရ တခုတည်းရှိတယ်ဆိုတဲ့ ဘေဂျင်းရဲ့ ရပ်တည်ချက်ကို မထောက်ခံပေမဲ့ အသိအမှတ်ပြုတာမျိုး ရှိခဲ့ပါတယ်။

၁၉၇၉ ခုနှစ်ကတည်းက ထိုင်ဝမ်နဲ့ မဟုတ်ဘဲ တရုတ်နဲ့ တရားဝင်ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ ပါတယ်။

ဒါ့အပြင် ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ခွင့်ကို အာမခံ ကူညီပေးတဲ့ မဟာမိတ် အခြေအနေကိုလည်း ထိန်းသိမ်းထားပါတယ်။

အခုတော့ နှစ် ၄၀ နီးပါး ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ ပိုနေမြဲကျားနေမြဲ အခြေအနေကို အမေရိကန်က ပြောင်းဖို့ ကြိုးစားနေတယ်ဆိုတာကို တရုတ်က ယုံကြည်လာတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

"တရုတ်သမ္မတ ရှီကျင့်ဖျင့်ကို ထိုင်ဝမ်အရေးကို လက်နက်လို မသုံးပါဘူးလို့ သမ္မတ ဘိုင်ဒန်က ပြောခဲ့ပါတယ်၊ တရုတ်ကနေ ထိုင်ဝမ်ကို ခွဲထွက်ဖို့ဆိုတာကို သူက မထောက်ခံပါဘူး” လို့ မစ္စ ဂလေဇာက ပြောပါတယ်။

ထိုင်ဝမ်ခေါင်းဆောင်ရဲ့ အငြင်းပွားစရာ ခရီးစဥ်နဲ့ တရားဝင်တွေ့ဆုံမှုတွေကြောင့် ဒီအာမခံကို မထိခိုက်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။