ဇန်နဝါရီ ၁၅ ရက်ထိပ်တန်းသတင်းများ - နမ့်ဖတ်ကာ ခလရ ၁၂၃ ကို KIA ထိုးစစ်ဆင်နေ

ရေးသားခဲ့သည်။

ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း - ခလရ ၁၂၃ ကို ကချင်လွတ်လပ်ရေးတပ် KIA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်ဆဲလို့ ‌ကေအိုင်အေပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

မြေပြင်အခြေအနေသိရှိသူဒေသခံအချို့ကတော့ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ အဲဒီတပ်ရင်းခလရ ၁၂၃ ကို ‌ကေအိုင်အေက သိမ်းပိုက်လိုက်ပြီလို့ ပြောပါတယ်။ စစ်တပ်ကလည်း အဲဒီတပ်ရင်းကို မပေးရရေး လေကြောင်းကနေဗုံးကြဲတာတွေရှိခဲ့တယ်လို့ ‌‌ဆိုပါတယ်။

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ခလရ ၁၂၃ ကို KIA တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်ကတည်းက ထိုးစစ်ဆင်တိုက်နေတာဖြစ်ပြီး ၁၆ ရက်ကျော်တိုက်ခိုက်ခဲ့ပြီးနောက် မနေ့ဇန်နဝါရီ ၁၄ ရက်က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတပ်ရင်းရရေးတိုက်ပွဲပြင်းထန်နေတယ်လို့သာသိထားပြီး တပ်ဖွဲ့တွေနဲ့အဆက်အသွယ်ရဖို့ခက်နေတယ်လို့ ဘီဘီစီကိုဖြေပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

ဒါ့အပြင် နမ့်ဖတ်ကာရွာထဲက ရပ်ကွက် ၁ နဲ့ ၂ က နေအိမ်အများစု မီးလောင်ပျက်စီးခဲ့ပြီး နမ့်ဖတ်ကာအနီးမှာရှိတဲ့ ပန်ဂျရောပ့် ဘုန်းကြီးကျောင်းလည်း မီးရှို့ခံထားရတယ်လို့ဒေသခံအချို့ကလည်းပြောပါတယ်။

လက်ရှိမှာနမ့်ဖတ်ကာမြို့ရဲ့ အဝင်အထွက်ကို ကေအိုင်အေက ပိတ်ထားပြီး ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းတွေလည်းဖြတ်တောက်ခံထားရတာပါ။ လက်ရှိမှာ စစ်တပ်ရဲ့ MEC ဖုန်းလိုင်းတစ်မျိုးရနေတာဖြစ်ပါတယ်။

မြို့ခံအများစုကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လားရှိုးမြို့ပေါ်နဲ့ နီးစပ်ရာ ကျေးရွာတွေဘက် ထွက်ပြေးတိမ်းရှောင်နေရပြီး အိမ်စောင့်တွေလောက်သာ ထားခဲ့ကြတာဖြစ်ပါတယ်။

သိန္နီ-မူဆယ် ပြည်ထောင်စု လမ်းမကြီးရှိ ၁၀၅ မိုင်၊ သိန္နီနဲ့ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးနီးပါးကိုလည်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားပါတယ်။

လက်ရှိမှာ သိန္နီ-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်မှာ နမ့်ဖတ်ကာက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုသာ ကျန်တာဖြစ်ပါတယ်။

ကိုးကန့်မှာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို MNDAA ပယ်ဖျက်

ကိုးကန့်ဒေသမှာ စစ်ကောင်စီက ကြေညာခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်လိုက်ပြီလို့ ကိုးကန့် စစ်ရေးအုပ်ချုပ်မှုကော်မတီ က ဇန်နဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ရှမ်းမြောက်က ကိုးကန့်ဒေသမှာ ကိုးကန့်တပ်(MNDAA)ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သီတင်း ၂ ပတ်နီးပါးအကြာ၊ နိုဝင်ဘာလ ၁၃ ရက်မှာ ကိုးကန့်ဒေသထဲက ကုန်းကြမ်းနဲ့လောက်ကိုင်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တာပါ။

အခုတော့ လောက်ကိုင်ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်အဖွဲ့ရဲ့ စစ်ရေးအုပ်ချုပ်မှု ကော်မတီက ဒီအမိန့်ကို ပယ်ဖျက်လိုက်တဲ့အကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

‘‘အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့လက်အောက် ရုပ်သေးရုပ် ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်၊ ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်လိုက်ကြောင်းနဲ့ လိုအပ်တာတွေကို သက်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်’’လို့ ကိုးကန့် စစ်ရေးအုပ်ချုပ်မှု ကော်မတီကြေညာချက်က ဆိုပါတယ်။

လောက်ကိုင်မြို့မှာတော့ ကိုးကန့်တပ်(MNDAA)တပ်ဖွဲ့ဝင်တွေ နေရာတိုင်းမှာ ရှိနေပြီး ကိုးကန့်တပ်ဟာ မြို့တွင်းမှာ အုပ်ချုပ်ရေး ယန္တရား ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတယ်လို့ လောက်ကိုင်မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပြပါတယ်။

ရှမ်းပြည်နယ် အထူးဒေသ ၁ ကို ပြန်လည်ထူထောင်မယ်ဆိုပြီး ကိုးကန့်တပ်(MNDAA)ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တဲရင်က သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောထားပါတယ်။

၁၉၈၉ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွန့်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ချိန် ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အတွက် ကိုးကန့်၊ ချင်းရွှေဟော်၊ မုန်းကိုး၊ လောက်ကိုင်စတဲ့ဒေသတွေကို ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ ၁ အဖြစ် သတ်မှတ်ပေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအရ လက်နက်ကိုင်အဖွဲ့တွေအကုန်လုံး နယ်ခြားစောင့်တပ်(BGF) အဖြစ်အသွင်ပြောင်းပြီး တပ်မတော်အောက်ရောက်ရမယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုတဲ့အခါ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)လည်း BGF အဖြစ်အသွင်ပြောင်းဖို့ ဖိအားပေးခံရပါတယ်။

ဒါပေမဲ့ ဒါကို တင်းခံနေတဲ့ MNDAA အဖွဲ့ကို တိုက်ထုတ်ဖို့ဆိုပြီး အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှာ ကိုးကန့်ဒေသကို စေလွှတ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ အာဏာသိမ်း စစ်ခေါင်းဆောင်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်ယူပြီး ကိုးကန့်ထိုးစစ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲနဲ့အတူ ဦးဖုန်ကြားရှင်ကို ဖယ်ရှားခဲ့ပြီးတဲ့နောက် ကိုးကန့်ဒေသကို စစ်တပ်က ထိန်းချုပ်ပြီးသူ့ကို သြဇာခံသူတွေကို အာဏာပေးခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးဖုန်ကြားရှင် ခေတ်လွန်ကိုးကန့်ကို အုပ်ချုပ်ရတဲ့ ဦးပယ်စောက်ချိန် ကစလို့ လက်ရှိ ဥက္ကဋ္ဌ ဦးမြင့်ဆွေလို့သိကြတဲ့ ဦးလီကျိန်းဖူအထိ စစ်တပ်ရဲ့ သြဇာခံတွေဖြစ်ခဲ့ကြပါတယ်။

ပလက်ဝမြို့ တစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီလို့ အေအေ ကြေညာ

ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက်မှာ ပလက်ဝမြို့တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးယန္တရားကိုထိန်းချုပ်လိုက်ပြီလို့ ရက္ခိုင့် တပ်တော်- အေအေ က ကြေညာပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ဆက်စပ်ပြီး ရက္ခိုင့်တပ်တော် အေအေ က နိုဝင်ဘာ ၁၃ ရက်ကစပြီး ပေါက်တောမြို့မှာ စစ်ကောင်စီရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာကနေ ရခိုင်ပြည်နယ်တွင်း နဲ့ ပလက်ဝမြို့တွင်း တတိယအကြိမ် တကျော့ပြန်တိုက်ပွဲ ရက်ပေါင်း ၆၀ ကျော်မှာ အေအေ က အခုလို မြို့တစ်ခုကိုသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ပလက်ဝ-ကျောက်တော်မြိုနယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက် မှာ အပြီးသတ်သိမ်းပိုက်ခဲ့သလို "မီးဝဗျူဟာ"စခန်းကုန်းကြီးကုန်းမှာလည်း လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ဒါအပြင် ပလက်ဝမြို့ပေါ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်ဗျူဟာမှူးတစ်ဦးကို အေအေဘက်က ဖမ်းဆီးနိုင်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေက အလံဖြူထောင် လက်နက်ချခဲ့ကြတာဖြစ်တယ်လို့ အခြေအနေကို သိရှိတဲ့ မြို့ခံတစ်ဦးကအစောပိုင်းကတည်းက ဘီဘီစီကိုပြောထားပါတယ်။

ဗျူဟာစခန်းကုန်းကြီးကို ၂၀၂၀ ခုနှစ်တုန်းက ဖေဖော်ဝါရီလ(၄) ရက်ကနေ မတ်လ(၁၇) ရက်အထိ ရက်ပေါင်း (၄၂) ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပေမဲ့ အဲဒီအချိန်က အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့တာမရှိတဲ့ ဗျူဟာစခန်းတစ်ခုလို့ ဆိုပါတယ်။ နှစ်နှစ်နီးပါးအကြာ အခုတိုက်ပွဲမှာတော့ လေးရက်တာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းယူလိုက်တာလို့ဆိုပါတယ်။

“မီးဝဗျူဟာ” နဲ့ “နှမဒါ” ဗျူဟာကုန်းတွေကိုသိမ်းပိုက်ပြီးနောက်မှာ ကျောက်တော်မြိုနယ်အတွင်းရှိ အမြောက်တပ် စခန်း “အမတ (၃၇၇) စခန်း” ၊ ရသေ့တောင်မြိုနယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” တို့ကို ဇန်နဝါရီ ၁၄ ရက်တွေမှာ ဆက်ပြီးသိမ်းပိုက်ထားနိုင်တယ်လို့လည်း‌ထုတ်ပြန်ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်ဘက်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တွေအတွင်းမှာလည်း တိုက်ပွဲတွေပြင်းထန် နေပြီး ကျောက်တော်နဲ့ မင်းပြားမြို့တွေမှာတော့ တပ်ရင်း ဌာနချုပ်တွေကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်က ခြေကုပ်စခန်းတွေလက်မလွှတ်ရရေး လက်နက်ကြီးနဲ့ ပစ်ကူမှုတွေကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တွေအတွင်းမှာတော့ အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေသလို နေအိမ်မီးလောင်ကျွမ်းမှုတွေလည်း အများအပြားရှိနေတယ်လို့မြို့ခံတွေကပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ ရက္ခိုင့်တပ်တော်အေအေရဲ့ တတိယအကြိမ်တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း လူနေအိမ် ၇၀၀ ထက်မနည်းပျက်စီးခဲ့ရပြီးဖြစ်သလိုအရပ်သား ၈၀ နီးပါးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၂၀၀ ကျော်ခန့်ရှိနေပါတယ်။