ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ်လ ၁၉ ရက်ထိပ်တန်းသတင်းများ - လန်ချန်းနယ်စပ်စီးပွားဇုန်ထူထောင်ဖို့ စစ်ကောင်စီဝန်ကြီးတွေ တရုတ်မှာ ဆွေးနွေး
စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံ့မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကိုရောက်ရှိနေကြပြီး မဟာမဲခေါင်ဒေသခွဲ (GMS) အဖွဲ့ဝင်နိုင်ငံတွေကြား စီးပွားရေးစင်္ကြံဆိုင်ရာ အစည်းအဝေးကို တက်ရောက်နေကြတာဖြစ်ပါတယ်။
သြဂုတ်လ ၁၇ ရက်နဲ့ ၁၈ ရက်အစည်းအဝေးတွေအကြောင်း နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရ လန်ချန်းနယ်စပ်ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ထူထောင်တာဟာ အခု GMS အဖွဲ့ဝင်နိုင်ငံတွေကြား စီးပွာရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ဖို့ ရည်ရွယ်နေကြတာပါ။
တရုတ်ရဲ့ ပံ့ပိုးမှုနဲ့အကောင်အထည်ဖော်နေတဲ့ ကွမ်းလုံတံတားတည်ဆောက်ရေးစီမံကိန်းပြီးစီးရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်တွေဟာ တရုတ်ကို အလွယ်တကူတင်ပို့နိုင်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် အကျိုးရှိတယ်လို့ ပြောပါတယ်။
သြဂုတ် ၁၇ ရက်အစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီး ဒေါက်တာကံဇော်က မိန့်ခွန်းပြောခဲ့ပြီး GMS နိုင်ငံတွေကြား အတူတကွပူးပေါင်းဆောင်ရွက်နိုင်မယ့်အစီအစဉ်တွေ ရှာဖွေဖော်ထုတ်ရမယ့်အချိန်ကာလဖြစ်တယ်လို့ ထည့်ပြောခဲ့ပါတယ်။
ဒီအစည်းအဝေးကို စစ်ကောင်စီရဲ့ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီတိုင်းတို့က စီးပွားရေးရာဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။
အခု ၂၀၂၃ ခုနှစ်မှာ ပြုလုပ်မယ့် ၂၆ ကြိမ်မြောက် GMS ဝန်ကြီးအဆင့်အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး အဲဒီအစည်းအဝေးကို လာမယ့် ဒီဇင်ဘာမှာ နေပြည်တော်မှာ လက်ခံကျင်းပမယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒီဇင်ဘာမှာလုပ်မယ့် ဝန်ကြီးအဆင့်အစည်းအဝေးကနေ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်ရေးအပါအဝင် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင်စတဲ့ အကြောင်းအရာတွေ ဆွေးနွေးဖလှယ်နိုင်မယ်လို့ စစ်ကောင်စီက ယုံကြည်ထားပါတယ်။
တခါ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းကလည်း သြဂုတ် ၁၇ ရက်မှာ ကူမင်းမြို့က တရုတ်အမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့အစည်း၊ ယူနန်မီဒီယာအုပ်စုတို့နဲ့ တွေ့ဆုံကာ မီဒီယာကဏ္ဍပူးပေါင်းဖို့ဆွေးနွေးခဲ့ပါတယ်။
စစ်ကောင်စီသတင်းစာမှာဖော်ပြချက်အရ မြန်မာနိုင်ငံထဲ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၈၆၃ ဘီလီယံပမာဏရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၅၉၇ ခုရှိနေပြီး မြန်မာ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိတာလည်းဖြစ်ပါတယ်။
ဖားကန့်၊ နန့်ပုတ်ရွာစျေးတန်းထဲ လက်နက်ကြီးကျလို့ ဒေသခံ ၇ ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်ထဲက နန့်ပုတ်ရွာစျေးတန်းထဲကို မနေ့ နေ့လယ်ပိုင်းတုန်းက လက်နက်ကြီးကျခဲ့တာကြောင့် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ဒဏ်ရာတွေက လက်တွေခြေတွေထိကျတာပေါ့ဗျာ။ အဓိကက SNA (ရှမ်းနီအမျိုးသားများတပ်) တပ်စွဲထားတဲ့ သံယောဇဉ်ကုန်းပေါ်ကနေ လက်နက်ကြီးပစ်လိုက်တာ" လို့ မြေပြင်အခြေအနေသိရှိသူ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါဟာ ရှမ်းနီတပ်က အခွန်ကောက်ခံဖို့နဲ့ပတ်သက်ပြီး ရွာခေါင်းဆောင်တွေကို အစည်းအဝေးခေါ်ယူနေပေမဲ့ မလာရောက်တာကြောင့် အခုလိုပစ်ခတ်တာလို့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရှမ်းနီတပ်ဘက်ကို မေးမြန်းအတည်ပြုနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
နန့်ပုတ်ရွာဟာ ဖားကန့်မြို့နဲ့ မိုင် ၄၀ ကျော်ကွာဝေးပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာဖြစ်တာကြောင့် ကချင်လွတ်မြောက်ရေးတပ် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF စတဲ့ပူးပေါင်းအဖွဲ့တွေအပြင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ် KA သာမက ပြည်သူ့စစ်အဖွဲ့လို လက်နက်ကိုင်မျိုးစုံရှိနေတဲ့ဒေသလို့ သိရပါတယ်။
နန့်ပုတ်ရွာအနီးက ကသိုင်းတောင်စစ်စခန်းကိုလည်း အခုသြဂုတ်လ ၇ ရက်နေ့မှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်တာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ခဲ့သလို သြဂုတ် ၁၀ ရက်နေ့မှာလည်း ပြည်သူ့စစ်စခန်းကို တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ဒီရက်ပိုင်း စစ်ရေးတင်းမာနေတယ်လို့ ဆယ်ဇင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ပင်လည်ဘူးမှာ ကိုယ်ဝန် ၈ လလွယ်ထားတဲ့ အမျိုး သမီးငယ်အပါ ၄ ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် စင်လောင်ကျေးရွာအုပ်စု မူလဲကျေးရွာက ရွှေလုပ်ကွက်တစ်ခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးငယ် နဲ့ အမျိုးသား ၃ ဦးအပါအဝင် ၄ ဦး ရဲ့ မီးလောင်ထားတဲ့ရုပ်အလောင်းတွေကို တွေ့ရှိရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကတော့ ဒီကိုယ်ဝန်ဆောင်သည်အပါ ၄ ဦးသေဆုံးမှုကို စစ်ကောင်စီစစ်ကြောင်းက လုပ်ခဲ့တာလို့ပြောပြီး စစ်ကြောင်းဝင်ရောက်ချိန်မှာ သတ်ဖြတ်ပြီးမီးရှို့သွားတာလို့ ဆိုပါတယ်။
သေဆုံးသူကိုယ်ဝန်ဆောင်အမျိုးသမီးငယ်ဟာ ၈လသားအရွယ် ကိုယ်ဝန်လွယ်ထားတဲ့ အသက် ၂၁ နှစ်အရွယ် မဝိုင်းဝိုင်း ဖြစ်ပြီး သူ့ဖခင်အပါအဝင် ရွှေလုပ်ကွက်မှာလုပ်နေတဲ့ လူငယ်အမျိုးသား ၂ ဦး သတ်ဖြတ်ခံရတာလို့ ဒေသခံကဘီဘီစီကိုပြောပါတယ်။
အရပ်သား လေးဦးဟာ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း သတ်ဖြတ်ခံရတာဖြစ်ပြီးမီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကိုတော့ နောက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတွေ့ခဲ့တာလို့
ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ကာကွယ်ရေးတပ်နဲ့နီးစပ်သူကတော့ အဲဒီတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ပင်လည်ဘူးမြို့က တခြားဒေသခံအချို့ကိုဖုန်းဆက်သွယ်ပေမဲ့ တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ခံထားရတဲ့ဒေသဖြစ်လို့ ခေါ်ဆိုမရဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေမှာတော့ ပင်လည်ဘူးမြို့နယ်ထဲက လူသေဆုံးမှုနဲ့စစ်ရေးအခြေအနေကိုထုတ်ပြန်တာမတွေ့ရသေးပါဘူး။
လက်ခတ်တောင်စစ်စခန်းပြန်ရဖို့ စစ်ကောင်စီကြိုးစားနေ
ရက် ၂၀ကျော်ကြာလာပြီဖြစ်တဲ့ လက်ခတ်တောင်တိုက်ပွဲ မှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေသုံးနေသလို နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ၇ မိုင်အကွာ ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိနေတဲ့ လက်ခတ်တောင်စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNU/KNLA နဲ့ ပီဒီအက်ဖ် ပူးပေါင်းအဖွဲ့ က ဇူလိုင်လနောက်ဆုံးပတ်က သိမ်းယူခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ရေးဗျူဟာအရ မြဝတီတမြို့လုံးကို ကြည့်နိုင်မြင်နိုင်တဲ့ ဒီတောင်ကုန်းစခန်းကို ပြန်ရဖို့ စစ်ကောင်စီက လေကြောင်း နဲ့ လက်နက်ကြီးအပါ ဒုံးယာဥ်တွေပါသုံးပြီး တောင်ခြေမှာ အနည်းဆုံး ၅ နေရာလောက် ခွဲပြီး စစ်ကြောင်းပြင်နေတယ်လို့စစ်ရေးအခြေအနေသိရှိသူကပြောပါတယ်။
သြဂုတ် ၁၈ ရက်က ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက လေယာဉ်ဗုံးကြဲလို့ သာသနာပိုင်အဆောက်အဦတွေပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
'' မနေ့ကတုန်းကတော့ လေယာဥ် ၃ ခါ ဝဲတယ်။ လေယာဥ် နှစ်စီးက ဗုံး ၂ခါ ကြဲတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေထိတာတော့မရှိဘူး။ တောင်ပေါ်က ဘုရားတွေ၊ အဆောက်အဦတွေ ကိုဗုံးထိတယ်'' လို့ မြေပြင်အခြေအနေသိရှိထားသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေက လက်ခတ်တောင် တောင်ခြေက BGF စခန်းရှိတဲ့ မေတ္တာလင်းမြိုင်ရွာ၊ ကျောက်လုံးကြီးနဲ့ မဲကနယ်ဘက်တွေမှာ အခြေချပြီး စစ်ကြောင်းပြင်နေတာလို့ ဆိုပါတယ်။
ကော်ဘရာစစ်ကြောင်းရဲ့ သြဂုတ် ၁၆ ရက်ထုတ်ပြန်ချက်မှာတော့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိအဆင့် ၂ ဦးအပါအဝင် ၁၅ ဦးသေဆုံးထားပြီး ၂၀ ကျော်ဒဏ်ရာရတယ်လို့ဖော်ပြပြီး ကာကွယ်ရေးတပ်တွေဘက် ၂ ဦးသေဆုံးတယ်လို့ဖော်ပြထားပါတယ်။
ဒါအပြင် စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနဲ့ ကျည်ဘောက်တွေအပါ ဗုံးသီးတွေသိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ထုတ်ပြန်ထားပါတယ်။
အခုနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ လက်ခတ်တောင်ဟာ စစ်အာဏာမသိမ်းခင်ကာလဒေသခံ လည်ပတ်စရာနေရာဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာတော့ စစ်စခန်း အခြေချခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာက လေးကေ့ကော်ကို ပစ်ခတ်ရှင်းလင်းချိန်မှာ အဓိက စစ်စခန်းနေရာဖြစ်ခဲ့တာပါ။
စစ်ကောင်စီဘက်ကတော့ လက်ခတ်တောင်တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီးမော့ဆို - ဖရူဆိုတိုက်ပွဲကနေ စစ်ကောင်စီရဲ့လက်နက်တွေသိမ်းဆည်းမိခဲ့တယ်လို့ PDF ပြော
ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့ဘက်ကို သွားတဲ့ ပြည်ထောင်စုလမ်းမကြီးတဝိုက် နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီရဲ့လက်နက်တွေသိမ်းဆည်းရမိတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေက သြဂုတ် ၂ ရက်နေ့ကစလို့ စစ်ကြောင်းထိုးခဲ့တာကြောင့် နှစ်ပတ်တာ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်နက်ငယ်အစုံ ၁၅ လက်၊ လက်နက်ကြီး ၁ လက်အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်တွေကို ရရှိခဲ့တာလို့ ဓာတ်ပုံနဲ့တကွ ဖော်ပြလာပါတယ်။
ဒါဟာ ဒီးမော့ဆို - ဖရူဆိုပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၂၊ ခလရ ၃ တပ်တွေကို ကရင်နီတပ်မတော် KA အပါအဝင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။
သြဂုတ် ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ငွေတောင်ရွာသစ်၊ ထီးသော်ကူးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပြီး သေဆုံးအရေအတွက်ကို ဘီဘီစီက သီးခြားထပ်မံအတည်မပြနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း ဒီကနေ့ နေ့လယ်ပိုင်းအထိ တစုံတရာ ထုတ်ပြန်လာတာမတွေ့ရပါဘူး။
ကရင်နီပူးပေါင်းအဖွဲ့တွေဘက်ကလည်း နှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေပြီး လတ်တလော ကရင်နီပြည်နယ်မှာ စစ်ရေးအရှိန်မြင့်လာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရဲစစ်ဆေးနေ
ယူကေဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ လန်ဒန်မြို့က သံတမန်နေအိမ်ကို ပိုင်နက်ကျူးလွန်တယ်လို့ဆိုပြီး ဗြိတိန်ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဦးကျော်စွာမင်းအနေနဲ့ ဒီသံတမန်နေအိမ်ကနေ ထွက်ခွာပေးဖို့ စစ်အာဏာသိမ်းပြီး လပိုင်းအကြာကစလို့ ဖိအားပေးခံနေရတာလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဦးကျော်စွာမင်းက တောင်းဆိုခဲ့တာကြောင့် အဲဒီနှစ် ဧပြီလမှာပဲ စစ်ကောင်စီက ရာထူးက ထုတ်ပယ်ခဲ့တာပါ။ ရာထူးကနေ ဖယ်ရှားခံရပြီးကတည်းက သံရုံးထဲ ပြန်မဝင်ရတော့တာဘဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လန်ဒန်အနောက်မြောက်ပိုင်းမှာရှိတဲ့ သံဆူးကြိုးတွေ၊ စီစီတီဗီကင်မရာတွေ ဝန်းရံထားတဲ့ သံအမတ်နေအိမ်မှာ ဦးကျော်စွာမင်းက ဆက်လက်နေထိုင်နေဆဲဖြစ်ပါတယ်။
ဦးကျော်စွာမင်းဆီကို ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတစ်ယောက်က မနှစ်မတ်လ ၄ ရက်တုန်းက ပေးခဲ့တဲ့စာမှာ " မြန်မာသံအမတ်ကြီးနေအိမ်မှာ ဦးကျော်စွာမင်း နေထိုင်နေတာကို ဖြေရှင်းပေးဖို့ စစ်ကောင်စီဘက်က အတော်ဖိအားပေးလာတဲ့ အခြေအနေမှာ ရှိနေတယ် "လို့ ရိုက်တာကဖော်ပြခဲ့ပါတယ်။
ပေးစာတွေအရ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလကတည်းက ဦးကျော်စွာမင်းကို နေအိမ်ကနေ ထွက်ခွာပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းနေတာ ဖြစ်ပြီး သူနေထိုင်နေတာက ယူကေ အတွက် ဥပဒေကြောင်းအရ ပြဿနာ ဖြစ်စေပြီး မြန်မာနိုင်ငံထဲက ယူကေဘက်က ဝန်ထမ်းတွေအတွက် အန္တရာယ် ရှိစေတယ်လို့ ဆိုပါတယ်။
ဦးကျော်စွာမင်းကတော့ အခုလက်ရှိအချိန်မှာ တရားမဝင်အစိုးရရဲ့ ကိုယ်စားလှယ်တွေဦးစီးလုပ်ဆောင်နေတာကြောင့် ဒီမြန်မာသံအမတ်နေအိမ်ကို သံရုံးဘက်ပြန်လွှဲပေးဖို့ ငြင်းဆိုထားပြီး တရားဝင်အစိုးရဆီကိုပဲ နေအိမ်ပြန်လွှဲပြောင်းပေးမယ်လို့ ပြောထားတဲ့အကြောင်း ရိုက်တာက ဖော်ပြထားပါတယ်။
ဗုဒ္ဓဘာသာကို ညှိုးနွမ်းစေတာကြောင့်ဆိုပြီး အသက် ၁၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၁၄ ဦးကို ဖမ်းဆီး
ပြီးခဲ့တဲ့ဇူလိုင်လက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့တဲ့ "ဘာမှမမျှော်လင့်ပါနဲ့" (Don't Expect Anything) ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းဟာ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်တွေကို ထိခိုက်စေတယ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတွေကိုလည်း ညှိုးနွမ်းစေတယ်လို့ဆိုပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ရဲ့ ဓာတ်ပုံကိုပါ ဖမ်းဆီးရမိမှု အခြေပြဇယားမှာ စစ်ကောင်စီက ထည့်သွင်းဖော်ပြခဲ့ပြီး မိန်းကလေးငယ်အပါအဝင် လူ ၁၁ ဦးကို ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာတာပါ။ ထုတ်ပြန်စာမှာတော့ လူ ၁၄ ဦးကိုဖမ်းဆီးထားတယ်လို့ ဖော်ပြထားကာ ဓာတ်ပုံဖော်ပြချက်မှာတော့ ၁၁ ဦးသာပါဝင်ပြီး ၃ ဦးပျောက်ဆုံးနေတာကိုတွေ့ရပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်းရေး၊ ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer အပါအဝင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မိန်းကလေးငယ်၊ ဦးဇင်းဇာနိန္ဒစတဲ့ ၁၄ ဦးကို သြဂုတ် ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဥပဒေအရ အရေးယူမယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အခုဇာတ်လမ်းကို ဆွစ်ဇာလန်နိုင်ငံသားက ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်တွေရဲ့ သိက္ခာ၊ ကိုယ်ကျင့်တရားတွေကို ထိခိုက်ကျဆင်းစေတဲ့ စကားလုံးတွေကို ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးတည်းဖြတ်ကာ ယူကျု့စာမျက်နှာမှာ ဖော်ပြခဲ့တာလို့ ပြောပါတယ်။
စစ်ကောင်စီတရားစွဲဆိုမယ်ဆိုတဲ့ နှစ်နာရီကြာ ကြာမြင့်တဲ့ ရုပ်သံဇာတ်လမ်းမှာ လူဝင်စားမိန်းကလေးငယ်တစ်ဦးက ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဓလေ့ထုံးတမ်းတွေအပါအဝင် လူမှုဆက်ဆံရေးပုံစံတွေကို မေးခွန်းထုတ် တုံ့ပြန်ပြောဆိုလေ့ရှိတဲ့ပုံစံ ဇာတ်လမ်းရေးသားကာ ရိုက်ကူးထားတာကိုတွေ့ရပါတယ်။