ရှမ်းပြည်နယ် ပွဲတော်ရာသီမှာ လောင်းကစားဝိုင်းတွေ ပိုကျယ်ပြန့်လာတယ်လို့ဆို

ရေးသားခဲ့သည်။

ရှမ်းပြည်နယ်က ပွဲတော်ရာသီကာလ တပေါင်းပွဲတော်နဲ့ သီပေါမြို့က ဘော်ကြိုဘုရားပွဲတော်တွေမှာ လောင်းကစားဝိုင်းတွေအရင်ကထက် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းလာကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အရင်နှစ်တွေက လောင်းကစားဝိုင်းတွေကို ပွဲတော်ကျင်းပရာနဲ့ အဝေးနေရာတွေမှာ ဖွင့်လှစ်ကြတာ အနည်းငယ်ရှိပေမဲ့ လက်ရှိမှာတော့ ပွဲတော် ဧရိယာအတွင်းမှာပဲ လောင်းကစားဝိုင်းမျိုးစုံကို စည်စည်ကားကား ဖွင့်လှစ်လာကြတယ်လို့ ဆိုပါတယ်။

အရင်က ဆယ်စုနှစ် တစ်ခုကျော်ကြာ ခွင့်မပြုထားတဲ့ လောင်းကစားဝိုင်းမျိုးစုံကို အခုအခါ ထည့်သွင်းလာကြတာဖြစ်တယ်လို့ ‌ဒေသခံတွေက ပြောကြပါတယ်။

လောင်းကစားဝိုင်းတွေကတော့ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ ကာစီနို ၊ ၃၆ ကောင် ၊ ဖဲ ၊ အံစာ စတဲ့ လောင်းကစားအမျိုးအစားတွေ ဖြစ်ပြီး လောင်းကစားဝိုင်းပေါင်း ၆၀ ကျော် လောက် ထည့်သွင်းကျင်းပနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘော်ကြိုဘုရားပွဲမှာ လောင်းကစားဝိုင်းတွေ ထည့်သွင်းတာက စော်ဘွားခေတ်ကတည်းက ရှိခဲ့ပြီး တော်လှန်ရေးကောင်စီတက်တဲ့အချိန်အထိလည်း ရှိနေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်း လောင်းကစားဝိုင်းတွေ ရပ်သွားခဲ့ပြီး ကြားမှာ ကြိုကြားကြိုကြား ပြန်ထည့်သွင်းတာတွေ ရှိခဲ့ပေမဲ့ အခု စစ်ကောင်စီ အာဏာသိမ်းပြီးမှ တစ်ကျော့ပြန် ပေါ်ပေါ်ထင်ထင် ကျင်းပတာမျိုး ပြန်ရှိလာတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဘော်ကြိုဘုရားပွဲထဲ ရောက်ရှိနေသူ သီပေါ ဒေသခံတစ်ဦးကတော့ ဘုရားပွဲတော်တင် မဟုတ်ဘဲ ရှမ်းပြည်က နေရာအနှံ့မှာ လောင်းကစားဝိုင်းတွေ ပြန်လည် ပေါ် လာတယ်လို့ အခုလို ပြောပါတယ်။

“အခု စစ်အစိုးရ ပေါ်လာတဲ့ အချိန်မှာကျတော့ လောင်းကစားဝိုင်းတွေက တောက်လျှောက် ပေါ်လာတာ။ သူတို့က ဝါတွင်း၊ဝါပဆိုတာ မသိတော့ဘူး။ လောင်းကစားဒိုင်လုပ်တဲ့သူတွေကတော့ ရှိတဲ့နေရာ၊ လုပ်ခွင့်ရတဲ့နေရမှာ ရှမ်းပြည်ကြီး တစ်ခုလုံးမှာ လုပ်တာ။”

“အရင်တုန်းကတော့ အထင်ကရ ဘုရားပွဲတွေမှာပဲ ပါလေ့ရှိတာ။ အခုကတော့ တောက်လျှောက်ကို ရှိနေတာပါ။”

ဘုရားပွဲတော် ပြုလုပ်တဲ့ ကာလက မတ်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ဖြစ်ပေမဲ့ ဖေဖော်ဝါရီလကုန် ပိုင်းလောက်ကနေ မတ်လ ၉ ရက်နေ့ လောက်အထိ ၁၀ ရက်ကျော်ကြာ လောင်းကစားဝိုင်းတွေကို ခွင့်ပြုထားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အခုလို လောင်းကစားဝိုင်းတွေ ပေါ် ပေါ် ထင်ထင် ပြုလုပ် ခွင့်ပေးလိုက်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ အရှုံးများတဲ့ လောင်းကစားကြောင့် ခိုးမှုတွေ၊ လုယက်မှုတွေ၊ ဓားပြမှုတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

အကျပ်အတည်းကြားမှာလည်း လောင်းကစားကနေ ထပ်အရှုံးပေါ်တာကြောင့် အိမ် ၊ ကား ၊ ဆိုင်ကယ်၊ ဖုန်း စတာတွေကို ရောင်းချ ပေါင်နှံသူတွေကို ပွဲတော် ပြုလုပ်ကာစ ရက်ပိုင်းအတွင်းမှာပဲ တွေ့လာရပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

တချို့ လောင်းကစားဝိုင်းတွေမှာတော့ လက်နက်ကိုင် အဖွဲ့တချို့က သေနတ်တွေကိုင်ပြီး လုံခြုံရေး ယူထားတာလည်း တွေ့ရတယ်လို့ သိရပါတယ်။

ငါးပစ်ဂိမ်းတွေရော၊ လေးကောင်ဂျင်တွေရော၊ ခြောက်ကောင်တွေရော အများကြီးပဲ။ တချို့တွေဆို ရှုံးပြီးတော့မှ အိမ်ပေါင်၊ အိမ်ရောင်း၊ ခိုးတာတွေလည်း အရမ်းများလာတယ် လို့ သိန္နီဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို အထင်ကရ ပွဲတော်တွေမှာ လောင်းကစားဝိုင်းတွေ ထည့်သွင်းခွင့်ပြုလိုက်တာနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်အတွင်းမှာ လောင်းကစားနဲ့ ဆက်စပ်ပြီး မိုဘိုင်းအပလီကေးရှင်းတွေကနေတစ်ဆင့် အွန်လိုင်းဂိမ်း လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၇၀ ကျော်ကိုတော့ ရန်ကုန်မြို့မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဖမ်းဆီးရမိတာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။