ဂါဇာက နက်ဆာဆေးရုံကို စီးနင်းထားတဲ့ အစ္စရေး WHO ကို ဝင်ခွင့်မပေး - ဖေဖော်ဝါရီ ၁၈ ရက် ညနေခင်း သတင်းများ

ရေးသားခဲ့သည်။

ဂါဇာတောင်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ စီးနင်းမှုကြောင့် အကြီးဆုံး ဆေးရုံကြီးဟာ အခုအခါ လည်ပတ်လို့ မရလောက်အောင် ဖြစ်သွားပြီလို့ ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

လူနာအယောက် နှစ်ရာလောက် အထဲမှာကျန်ရှိနေတဲ့ ဟန်းယူနွတ်စ်မြို့က နက်ဆာ ဆေးရုံထဲကို သူတို့စေလွှတ်ထားတဲ့အဖွဲ့တဖွဲ့ကို ဝင်ခွင့်မပေးဘူးလို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရော့စ်က ပြောပါတယ်။

အစ္စရေး စစ်တပ်ကတော့ ဟားမတ်စ် တိုက်ခိုက်ရေးသမား နှစ်ဆယ်လောက်ကို သတ်ပစ်လိုက်ပြီး ဆေးရုံတဝိုက်ကနေ လက်နက် အတော်များများ သိမ်းဆည်းရမိထားတယ်လို့ ဆိုပါတယ်။

သူတို့ ဓါးစားခံတွေကို နက်ဆာ ဆေးရုံထဲမှာ ဖမ်းထားတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ရခဲ့ပြီးနောက် အစ္စရေး စစ်တပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့က အဲဒီဆေးရုံကို ဝင်စီးခဲ့တာပါ။

ဟားမတ်စ် ထိန်းချုပ်တဲ့ ကျန်းမာရေး ဌာနကတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ ပါလက်စတိုင်း အယောက် ၁၂ဝ သေဆုံးသွားတယ်လို့ ပြောပါတယ်။

ယူကရိန်းရဲ့ Avdiivka မြို့ သူတို့လက်ထဲ အလုံးစုံ ကျသွားပြီလို့ ရုရှား ကြေညာ

ယူကရိန်းက အက်ဗ်ဒီဗ်ခါမြို့မှာ အင်အားမမျှတာကြောင့် ယူကရိန်းတပ်တွေ ဆုတ်ခွာသွားပြီနောက်မှာ သူတို့ရဲ့ ထိုးစစ်ဆင်မှု ပြီးဆုံးသွားပြီလို့ ရုရှားက ပြောပါတယ်။

ယူကရိန်းတပ်တွေရဲ့ အင်အားပြင်း ခံစစ်အောက်မှာ ရှိခဲ့တဲ့ ၊ ဒွန်းညက်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အက်ဗ်ဒီဗ်ခါမြို့ဟာ ရုရှား ဗိုလ်ချုပ်ကြီး အန်ဒရေ မိုဗီချော့ဗ် ရဲ့ ထိန်းချုပ်မှုအောက် အလုံးစုံ ကျရောက်သွားပြီ ဖြစ်ကြောင်းနဲ့ ၃၂ စတုရန်းမီတာ ကျယ်တဲ့ အဲဒီမြို့ဟာ ယူကရိန်းအောက်ကနေ လွတ်မြောက်လာတဲ့ နယ်မြေ ဖြစ်သွားပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက အီဂေါ ခိုနက်ရှန်နော့ဗ်က ပြောပါတယ်။

ဒါပေမယ့် ယူကရိန်းတပ်တွေဟာ အပြင်းထန်ဆုံး တိုက်ပွဲတရပ် ဆင်နွှဲပြီးနောက် ဆိုဗီယက်ခေတ်တုန်းက ကုတ်ခ် အချိုရည် စက်ရုံထဲမှာ ဆက်ရှိနေတုန်းဘဲလို့ ရုရှားဘက်က ပြောပါတယ်။

အက်ဗ်ဒီဗ်ခါမြို့ ကျသွားတာဟာ မနှစ်မေလတုန်းက ယူကရိန်းရဲ့ ဘာ့ခ်မုမြို့ကို သိမ်းယူပြီးနောက်ပိုင်း ရုရှားတို့အတွက် အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတာ နှစ်နှစ်နီးပါး ရှိလာချိန်မှာ ရုရှား သမ္မတ ပူတင်ဟာ ယူကရိန်းကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ဖို့ အမိန့်ထုတ် ထားပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ အခုလို စစ်ပွဲမှာ အရေးနိမ့်ရတာဟာ ယူကရိန်းကို လက်နက် အပြည့်အဝ ထောက်ပံ့ပေးဖို့ အမေရိကန် က လွှတ်တော်အမတ်တွေရဲ့ ပျက်ကွက်မှုကြောင့်လို့ ထောက်ပြ ပြစ်တင်ထားပါတယ်။

ထိုင်ဝမ်ကျွန်းငယ်တွေနားတဝိုက် တရုတ်ကင်းလှည့်မှု ပိုတိုးလုပ်မယ်လို့ ဆိုပြီ

ထိုင်ဝမ်က ထိန်းချုပ်ထားတဲ့ ကျွန်းငယ်လေးတွေ တဝိုက်မှာ ကင်းလှည့်မှုတွေ ပိုတိုးလုပ်ဆောင်သွားမယ်လို့ တရုတ်က ပြောပါတယ်။

တရုတ် စပိဘုတ် တစင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တိမ်းမှောက်မှု ဖြစ်ခဲ့ပြီးနောက် လှေပေါ်က ငါးဖမ်းသမား နှစ်ယောက် သေဆုံးခဲ့တဲ့အပေါ် အငြင်းပွားနေရာက အခုလို တရုတ်အစိုးရ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ် ပြည်မကြီးအနားမှာ ရှိတဲ့ ကင်န်မန်း ကျွန်းနားက ထိုင်ဝမ်ကမ်းစောင့်တပ် သင်္ဘောကို တရုတ် ငါးဖမ်းသမားတွေ ပါတဲ့ စပိဘုတ်က ရှောင်ပြေးရင်း အခင်းဖြစ်ခဲ့တာပါ။

ထိုင်ဝမ်ဘက်ကတော့ ငါးဖမ်းသမားတွေဟာ တားမြစ်ရေပိုင်နက်ထဲက အဖိုးတန် ငါးတွေကို လာဖမ်းဖို့ ကြိုးစားခဲ့တာလို့ ပြောပါတယ်။

တရုတ်ကတော့ ဒီဖြစ်ရပ်ကို ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်လို့ ဆိုပြီး ငါးဖမ်းသမားတွေနဲ့ သူတို့ပိုင်ပစ္စည်းတွေ လုံခြုံရေး အတွက် ကင်းလှည့်မှုတွေ ပိုတိုး လုပ်ဆောင်သွားမယ်လို့ တရုတ်ကမ်းစောင့်တပ်က ပြောပါတယ်။

တောင်ကိုရီးယားမှာ ဆရာဝန်တွေ အလုပ်မထွက်ဖို့ ဝန်ကြီးချုပ် ပန်ကြား

တောင်ကိုရီးယားမှာ အလုပ်သင် ဆရာဝန်တွေ အနေနဲ့ သူတို့စီစဉ်ထားတဲ့အတိုင်း အလုပ်မထွက်ကြဖို့ ဝန်ကြီးချုပ် Han Duck-soo က ပန်ကြားလိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ လူထုကျန်းမာရေးကို ဓါးစားခံအဖြစ် အသုံးချသလိုဘဲ လို့ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယားမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အရေအတွက် တိုးမြှင့်ပေးတဲ့ အစီအစဉ်ကို ဆန္ဒပြတဲ့ အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဆရာဝန် ခုနစ်ရာကျော်က အလုပ်ထွက်မယ် ပြောကြားထားတာပါ။

တိုင်းပြည်မှာ အသက်အရွယ်ကြီးရင့်သူ များလာတာနဲ့အမျှ ဆရာဝန် လိုအပ်ချက် ရှိလာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အခုလို စီစဉ်ရတာလို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ဒါပေမယ့် အလုပ်သင် ဆရာဝန်တွေကတော့ တောင်ကိုရီးယားမှာ ဆရာဝန် အလုံအလောက် ရှိနေပြီး အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကိုသာ တိုးချဲ့လုပ်ဆောင်ဖို့ ထောက်ပြလျက် ရှိပါတယ်။