ဒီဇင်ဘာ ၄ရက် ဘီဘီစီထိပ်တန်းရောက်သတင်းစုစည်းချက်။

ရေးသားခဲ့သည်။

 ရခိုင်မှာ အပစ်ရပ်ပြီး မိုင်းအန္တရာယ်ဆက်တိုက်ကြုံနေရ

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်တိုက်ပွဲတွေ ရပ်စဲသွားပြီဖြစ်ပေမဲ့ ဒေသခံတွေကတော့ မြေမြှုပ်မိုင်းအန္တရာယ်တွေနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေ့နေကြရတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မွတ်ဆလင်လူငယ်တစ်ဦးဟာ ရွာအနီးတောင်ပေါ်ကို နွားရှာသွားရာမှ မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

အဲ့ဒီမွတ်ဆလင်လူငယ်ဟာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် ဘူးသီးတောင်ဆေးရုံကနေ မောင်တောခရိုင်ဆေးရုံသို့ ပို့ဆောင်ကုမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ် ဝက်ကျိန်းရွာသစ်က အသက် ၁၈ နှစ်ရွယ်မြိုလူငယ်တစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

သူဟာ မင်းကြီးရွာနဲ့ ဝက်ကျိန်းရွာအကြားမှာရှိတဲ့ ဝက်ကျိန်းဘုရားအနီးက တောင်ပေါက်ကို ကျေးရွာသားတွေနဲ့ သစ်ခုတ်ဖို့သွားစဉ် တောင်ပေါ်မှာ မိုင်းနင်းမိခဲ့တာလို့သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် သူ့ရဲ့ခြေတစ်ဖက်ဟာ ခြေချင်းဝတ်နေရာက ပြတ်ထွက်သွားပြီး မောင်တောခရိုင်ဆေးရုံကို ပို့ဆောင်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းက ဂူတာပြင်ကျေးရွာနဲ့ မောင်တောမြို့နယ်အတွင်းက ဝက်ကျိန်းကျေးရွာအနီးဝန်းကျင်နေရာတွေဟာ စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန်စစ်ပွဲအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်။

 ဒါဟာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နိုဝင်ဘာ ၂၆ ရက်နေ့ကစလို့ အပစ်ခတ်ရပ်လိုက်ပြီးနောက်ပိုင်းမှာ ဒေသခံကျေးရွာသားတွေ မြေမြှုပ်မိုင်းအန္တရာယ်တွေကို ဆက်တိုက်ကြုံတွေ့လာရတာဖြစ်ပါတယ်။

 

ကျွန်းလှ၊ ကန့်ဘလူနယ်ဒေသတွေမှာ ရပ်ရွာလုံခြုံရေးဆိုကာ ဖိအားပေးစစ်သင်တန်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေပြော

စစ်ကိုင်းတိုင်းအထက်ပိုင်းက ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်တွေက ကျေးရွာတွေမှာ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ‌ဒေသအခေါ်ပျူစောထီးအဖွဲ့တွေက ဒေသခံတွေကို မဖြစ်မနေစစ်သင်တန်းတက်ရောက်ခိုင်းတာတွေရှိနေတယ်လို့ ပြောလာပါတယ်။

"တစ်မိသားစုကို တစ်ယောက်နှုန်းတက်ရမယ်လို့ပြောတယ်၊ တချို့ကျ မဲနှိုက်ရပြီး ကျတဲ့အိမ်က တက်ပေါ့။ အဲ့လိုတွေမတက်ချင်ရင် လစဉ် ပိုက်ဆံသောင်းဂဏန်းပေးရတယ်။ အသက်သိပ်ကြီးသူတွေကလွဲပြီး အမျိုးသားရော အမျိုးသမီးတွေပါ တက်ရတယ်။ ပျူစောထီးမှာ စိတ်ဆန္ဒအရပါနေသူတွေရှိသလို အခုလိုဖိအားပေးလို့ ဝင်နေရတဲ့သူတွေလည်းရှိနေတယ်" လို့ ‌ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို ဖိအားပေးသင်တန်းတက်ခိုင်းမှုတွေကြောင့် ကျွန်းလှနဲ့ ကန့်ဘလူက ကျေးရွာအများစုမှာ ရွာအလိုက် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့တွေရှိလာတယ်လို့ ကန့်ဘလူဒေသကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကန့်ဘလူနဲ့ ကျွန်းလှနယ်အစပ်မှာတေ့ မနေ့ ဒီဇင်ဘာ ၃ရက်က ချောင်းကြားရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်‌ရောက်မီးရှို့တာရှိခဲ့သလို လက်နက်ကြီးကြောင့်ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။

ဒေသခံတွေအပြောအရ ဒီလိုစစ်ကောင်စီဘက်ကစစ်ကြောင်းထိုးသွားလာတဲ့ ဖြစ်စဉ်တွေမှာ ပျူစောထီးတွေပါဝင်တာရှိတယ်လို့ပြောကြပြီး ဖိအားပေးစစ်သင်တန်းတက်ရောက်ရသူတွေပါဝင်မှုရှိ ၊မရှိကိုတော့သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်းတွေမှာ ပျူစောထီးတွေပါဝင်တယ်ဆိုတဲ့‌ ဒေသခံအချို့ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့လည်း စစ်ကောင်စီကိုမေးမြန်းဖို့ကြိုးစားနေပါတယ်။

စစ်ကောင်စီဘက်ကတော့ ပျူစောထီးဆိုတာမရှိဘဲ ပြည်သူ့စစ်ဖွဲ့စည်းတာတွေရှိတယ်လို့သာ ကနဦး‌အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားပါတယ်။

ဒီပဲယင်းညောင်လှရွာမှာ ဘုန်းကြီးကျောင်းအပါအဝင်နေအိမ် အလုံး ၆၀ကျော်မီးရှို့ခံရ

စစ်ရှောင်ကြရင်း ဝဲကြီးယာယီ တံတားကျိုးကျလို့ ရေထဲမျောပါသူအချို့ရှိခဲ့

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနဲ့ ရွှေဘိုနယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တဲ့ ဒီဇင်ဘာ ၁ရက်ကနေ ဒီကနေ့ ဒီဇင်ဘာ ၄ရက်အထိ ၄ရက်အတွင်း ထွက်ပြေးရတဲ့ စစ်ရှောင်ပြည်သူ တစ်သောင်းကျော်ရှိပြီလို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကပြောပါတယ်။

ဒီဇင်ဘာ ၁ရက်မှာ ဒီပဲယင်းနယ်ထဲက ပျော်ဘွယ်နဲ့ မစိုးရိမ်ရွာတွေကို စတင်မီးရှို့ခဲ့ပြီးနောက် ဒီဇင်ဘာ ၂ရက်နဲ့ ၃ရက်မှာ ညောင်လှရွာကိုဆက်လက်ဝင်ရောက်မီးရှို့လို့ ‌ညောင်လှရွာက ဘုန်းကြီးကျောင်း၊သီလရှင်ကျောင်းဆောင်အပါအဝင် နေအိမ် ၆၅လုံး မီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကနေ့မှာ နများကျေးရွာ၊ ယဥ်ကျေးရွာတွေကို‌ရောက်ရှိပြီး ပစ်ခတ်မီးရှို့တာတွေကိုလုပ်သလို နေ့လယ်ပိုင်းမှာတော့ မူးရိုးကုန်းကျေးရွာကို ဝင်ရောက်နေတယ်လို့သိရပါတယ်။

ရွှေဘိုနယ်ထဲကဆင်အင်းရွာအပြင်ရွာအချို့ အပြင် ၊ ဒီပဲယင်းအရှေ့ခြမ်းရွာတွေထဲ ညောင်လှ၊မရကန်၊သပြေသာ၊သရက်တော၊ဝဲကြီး၊ကုန်းကြီး၊ဘန့်ဘွေး(ပန်းမွှေး)၊ နများ၊ယဉ်ကျေး၊ မူးရိုးကုန်း၊ပေါက်ရင်း၊မစိုးရိမ်နဲ့ မြို့ကြီး စတဲ့ရွာတွေ က ဒေသခံ ထောင်ချီထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

မနေ့က ဒီဇင်ဘာ ၃ရက် မနက်ပိုင်းကလည်း စစ်ရှောင်ကြတဲ့ ဒီပဲယင်းဒေသခံအချို့ဟာ စစ်ရှောင်ဖို့ ဝဲကြီး -မူးမြစ်ကူး သစ်သားနဲ့ဝါးအသုံးပြုယာယီတံတား ကို ဖြတ်ကူးချိန် တံတားကျိုးကျလို့ ဒေသခံလေးဦး ရေထဲမျောပါခဲ့ပြီး ကယ်တင်လိုက်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေဟာ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ဒီပဲယင်းနဲ့ ယင်းမာပင်ခရိုင်တွေက ကျေးရွာ တွေကိုဆက်တိုက်စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ သိရပါတယ်။

လက်နက်ကြီးကျတာကြောင့် နေအိမ် ၄လုံးပျက်စီးတယ်လို့ KNU ထုတ်ပြန်

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ရက်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ရဲ့ ကျိုက်ထို မြို့နယ်အတွင်းကို စစ်ကောင်စီရဲ့ သိမ်ဇရပ်အခြေစိုက်တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကျောက်ဖျာနဲ့ ဇီးပြောင်းရွာတွေက နေအိမ် ၄လုံးပျက်စီးခဲ့တယ်လို့ KNU က ဒီကနေ့ ဒီဇင်ဘာ ၄ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ၂ရက် ည ၉နာရီဝန်းကျင်မှာ ကျောက်ဖျာရွာထဲကို လက်နက်ကြီး ၇လုံးပစ်ခတ်ခဲ့သလို ဇီးပြောင်းရွာထဲကိုလည်း လက်နက်ကြီး ၉လုံး ပစ်ခတ်ခဲ့ရာကနေ အခုလိုပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဒီလိုလက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံ ၄၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဖော်ပြပါတယ်။

ဒါ့အပြင် မနေ့ဒီဇင်ဘာ ၃ရက်မနက်မှာလည်း ပျဉ်းကတိုးကုန်းရွာဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေသလို လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်ရှိနေတယ်လို့ ‌KNU က ပြောပါတယ်။

ရခိုင်ကတိုက်ပွဲပြင်းထန်ခဲ့တဲ့ဒေသတွေမှာ နေ့စဥ်လိုလို ဒေသခံတွေ မြေမြှုပ်မိုင်းနင်းမိနေ

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား နိုဝင်ဘာ ၂၆ ရက်ကစလို့ အပစ်ခတ်ရပ်စဲထားပေမဲ့ ဒေသခံတွေကတော့ နေ့စဥ် ဆိုသလို မြေမြှုပ်မိုင်းအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ပြောကြပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မွတ်ဆလင်လူငယ်တစ်ဦးဟာ ရွာအနီးတောင်ပေါ်ကို နွားရှာသွားရာမှာ မြေမြှုပ်မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

အဲ့ဒီမွတ်ဆလင်လူငယ်ဟာ မိုင်းပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အတွက် ဘူးသီးတောင်ဆေးရုံကနေ မောင်တောခရိုင်ဆေးရုံကို ပို့ဆောင်ကုမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း မောင်တောမြို့နယ်၊ ဝက်ကျိန်းရွာသစ် က အသက် ၁၈ နှစ်ရွယ် မြိုလူငယ်တစ်ဦးဟာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

သူဟာ မင်းကြီးရွာနဲ့ ဝက်ကျိန်းရွာအကြားမှာရှိတဲ့ ဝက်ကျိန်းဘုရားအနီးက တောင်ပေါက်ကို ကျေးရွာသားတွေနဲ့ သစ်ခုတ်ဖို့သွားချိန် တောင်ပေါ်မှာ မိုင်းနင်းမိခဲ့တာလို့သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် သူ့ရဲ့ခြေတစ်‌ဖက်ဟာ ခြေချင်းဝတ်နေရာက ပြတ်ထွက်သွားပြီး မောင်တောခရိုင်ဆေးရုံကို ပို့ဆောင်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းက ဂူတာပြင်ကျေးရွာနဲ့ မောင်တောမြို့နယ်အတွင်းက ဝက်ကျိန်းကျေးရွာအနီးဝန်းကျင်နေရာတွေဟာ စစ်ကောင်စီနဲ့ အေအေတို့အကြား တစ်ကျော့ပြန်စစ်ပွဲအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်။

ထီးချိုင့်မှာ တိုက်ပွဲဆက်ဖြစ်နေ

ဒီကနေ့ ဒီဇင်ဘာ ၄ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကနေ ထီးချိုင့်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

"ကသာဘက်ကလာတဲ့ စစ်ကြောင်းနဲ့ တောက်လျှောက်တိုက်ပွဲဖြစ်လို့ ဒီစစ်ကြောင်းတောင်ရိုးပေါ် ပြန်တက်သွားရုံပဲရှိသေးတယ်၊ အင်းတော်ဘက်ကနေ ထပ်ပြီး စစ်ကြောင်းဝင်လာတာပါ။ သုံးမြို့နယ်ဆုံရာတဝိုက်ရွာတွေက ဒေသခံတွေအကုန်ထွက်ပြေးနေရပြီ" လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၃ရက်၊ ညနေ ၆နာရီဝန်းကျင်‌လောက်မှာ သခွတ်ချောင်ရွာက နေအိမ်တွေ မီးရှို့ခံရတာကြောင့် ‌သခွပ်ချောင်ရွာခံတွေအပြင် အနီးရွာကဒေသခံတွေပါ စစ်တိမ်း‌ရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါကြောင့် နိုဝင်ဘာလကုန်ကနေ အခုရက်ပိုင်းအတွင်း ထီးချိုင့်ကျေးရွာ ၇ရွာလောက်က ‌နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးထားပြီလို့ ဒေသခံတွေကပြောပါတယ်။

တစ်ရက်တည်းမှာ ဆယ်ကြိမ်ထက်မနည်းလေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီးမော့ဆိုကာကွယ်ရေးအဖွဲ့တွေ ပြော

မနေ့ ဒီဇင်ဘာ ၃ရက်တုန်းက ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကြာဖူးဒေါကျေးရွာတဝိုက်ကို စစ်ကောင်စီဘက်က စစ်ကြောင်း သုံးကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ‌ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ တနေကုန်နီးပါးတိုက်ပွဲရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကြာဖူးဒေါတိုက်ပွဲကို ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်ရင်းနဲ့ အမတ (၃၅၆) တပ်ရင်းက နေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ကူပေးခဲ့သလို တိုက်လေယာဉ်တွေနဲ့ လည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်(DMO- Local PDF) က သတင်းထုတ်ပြန်ထားပါတယ်။

"ညနေ ၄နာရီမှာ တိုက်လေယာဉ် ၂စီးနဲ့ ၈ကြိမ်၊ ညနေ ၅နာရီမှာတော့ ၃ကြိမ်ဗုံးလာကြဲတယ်။ မနေ့ည ၈နာရီပိုင်းမှာလည်း တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ရက်က သူတို့တပ်ဆုတ်ပြေးလိုက်ရတဲ့ သေးဆူလဲ၊ ကုန်းသာ ဒီစခန်းတွေကို ပြန်လိုချင်လို့ အခုလို ထိုးစစ်ဆင်လာတာလို့ ယူဆပါတယ်" လို့ DMO- Local PDFရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၄ရက်မနက်ပိုင်းအထိ တိုက်ပွဲပြန်လည်ဖြစ်ပွားတာမရှိသေးပေမဲ့ စစ်ရေးတင်းမာနေတဲ့ အနေအထားလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်ထဲက စစ်ကောင်စီထိန်းချုပ်ထားတဲ့ တပ်စခန်းတွေကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပြန်လည်ရယူကာ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေပြီး ‌‌စစ်ကောင်စီဘက်က မြှုပ်နှံထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့်လည်း ကာကွယ်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရွာတွေ ကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေပြော

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း က နများကျေးရွာအပါအဝင် ကျေးရွာအချို့ကို ဒီကနေ့ ဒီဇင်ဘာ ၄ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့လို့ ဒေသခံတွေထွက်ပြေးနေရတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့က ထုတ်ပြန်ပါတယ်။ ကျေးရွာတွေ နီးကပ်ပြီး ရွာချင်းဆက်နေတဲ့အတွက် မီးလောင်မှုဟာ စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနေ့က ဒီဇင်ဘာ ၃ရက်မှာ ဒီပဲယင်းမြို့နယ်ထဲက ညောင်လှကျေးရွာ တောင်ပိုင်း၊မြောက်ပိုင်း နှစ်နေရာကို မီးရှို့ပြီးနောက် ဒီကနေ့မှာ နများကျေးရွာကို ဝင်ရောက်မီးရှို့သလို ယဉ်ကျေးရွာကိုပစ်ခတ်ဝင်ရောက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွာတွေဟာ အကြိမ်ကြိမ်စစ်ကြောင်းထိုးခံရလို့ မကြာခဏတိမ်းရှောင်ထွက်ပြေးရတဲ့ရွာတွေဖြစ်ပြီး လက်ရှိမှာ ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ထဲက စစ်ရှောင်အရေအတွက်များနေတဲ့အတွက် ကူညီရေးတွေမှာ အခက်အခဲတွေဖြစ်နေရတယ်လို့လည်း ဒီပဲယင်းညီနောင်များအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာ ၃၂ ရွာက နေအိမ်ပေါင်း ထောင်ကျော်မီးလောင်ဆုံးရှုံးခဲ့ရပြီး ညောင်လှကျေးရွာဟာ ပထမအကြိမ် နေအိမ် ၄၈ လုံး မီးရှို့ဖျက်ဆီးခံထားရလို့ နေထိုင်စားသောက်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တမူးမြို့မှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးနေ

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ တမူးမြို့က အမျိုးသမီးတစ်ဦး လမ်းပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဘီဘီစီကိုပြောပါတယ်။

NUGကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦးစုံစမ်းစစ်ဆေးမှုတွေနဲ့အတူ လူ့အခွင့်အရေးဝန်ကြီးဌာန၊ တရားရေးဌာနတို့ကပါ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ဖို့နဲ့ အပြစ်ပေးအရေးယူဖို့အထိလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကျုးလွန်သူတွေဟာ ဘယ်တပ်ရင်းတပ်ဖွဲ့ကလည်းဆိုတာကို ကနဦးစုံစမ်းနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ခဲ့တယ်ဆိုရင်တော့ စစ်ရေးကျင့်ဝတ်အရ အရေးယူမှုတွေလုပ်ဆောင်မယ်လို့ ပြောပါတယ်။

ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သေဆုံးခဲ့သူအမျိုးသမီးကိုရိုက်နှက်စစ်မေးချိန်မှာ ပြောက်ကျားဝတ်စုံဝတ်ထားတဲ့လက်နက်ကိုင်ထားတဲ့အမျိုးသားတချို့က ဘေးမှာ ရပ်ကြည့်နေပြီး နောက်ထပ်အမျိုးသားတချို့နဲ့ အမျိုးသမီးတဦးအဖွဲ့ဝင်တွေကရိုက်နှက်မေးမြန်းတာတွေကိုလုပ်‌တာကိုတွေ့ရပါတယ်။ အဲဒီနောက် ဒူးထောက်ခိုင်းပြီး သေနတ်နဲ့နောက်ကနေ ‌ပစ်သတ်ခဲ့တာတွေ့ရပါတယ်။

အဲဒီဖြစ်စဥ်ဟာ စစ်ကိုင်းတိုင်း တမူးမြို့နယ် အာရှလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာလို့ ပြောဆိုမှုတွေရှိနေပေမဲ့ ဖြစ်ပွားခဲ့တဲ့နေရာ၊ရိုက်နှက်သူတွေ နဲ့ရိုက်နှက်ခံရလို့သေဆုံးသူတွေနဲ့ပတ်သက်လို့ ဘီဘီစီက အဲဒီဒေသက နယ်မြေတပ်ရင်းတပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းနေဆဲဖြစ်လို့ အဲဒီအချက်တွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေပါတယ်။

ဒီရုပ်သံဖိုင်ဟာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာ စတင်ပျံ့နှံ့လာရာကနေ လူသုံးများတဲ့ ဖေ့ဘုတ်စ်လူမှုကွန်ရက်စာမျက်နှာပေါ်တွေကိုပါ ရောက်လာခဲ့သလို သတင်းဌာနတွေရဲ့ မှတ်ချက်ပေးကွန်မန့်နေရာတွေမှာလည်း ဝင်ရောက်ရေးသားလာကြတာဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့တမူးအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ကတော့ လွန်ခဲ့တဲ့ ၆ လခန့်က ဗီဒီယိုဖိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းခြောက်ခုကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းချိန်တုန်းက သိမ်းဆည်းခံလိုက်ရတဲ့ လက်ကိုင်ဖုန်းထဲမှာ ပါဝင်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဖိုင်ဖြစ်ပြီး အခုလို အင်တာနက်ပေါ် ပျံ့ နှံ့လာတာလို့ ဆိုပါတယ်။

'' ဒီတော်လှန်ရေးကာလမှာ တခါတလေခံစားချက်ကြောင့်ဦးစားပေးပြီး လျင်လျင်မြန်မြန်လုပ်ဆောင်ခဲ့လို့ဖြစ်တဲ့ အဖြစ်အပျက်လေးတွေရှိပါတယ်။ ဒါပေမဲ့သာမန်သေးငယ်တဲ့အပိုင်းတွေဖြစ်ပြီး အရေးယူမှုအပိုင်းတွေရှိတယ်။ အရေးယူခဲ့တာတွေရှိပါတယ်။အရေးယူမှုမှာလည်း တာဝန်ကနေ နေရာရွှေ့ပြောင်းတာ၊ စခန်းတွင်းသတိပေးတာ။ တပ်ရင်း၊တပ်ဖွဲ့အတွင်းထိုက်သင့်တဲ့ပြစ်ဒဏ်ပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာတွေရော ကျင့်ဝတ်တွေကိုရော ကျူးလွန်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက် တကယ်ကိုကျူးလွန်တာမှန်ရင်တော့ ပိုပြီးထိရောက်တဲ့ အရေးယူဆောင်ရွက်မှုကတော့မဖြစ်မနေလိုအပ်ပါလိမ့်မယ်'' လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်သည်တော်ကျင့်ဝတ် Code of Conduct တွေကို လိုက်နာဖို့ အားနည်းတဲ့အဖွဲ့အချို့ရှိနေသေးတာကိုဝန်ခံပြီး ဒါကို တိတိကျကျသိရှိပြီးလိုက်နာဖို့ ဆက်လက်လုပ်ဆောင်မှာဖြစ်သလို တာဝန်ရှိတဲ့သူတွေကိုယ်တိုင်က မဖြစ်ခင်တားဆီးတာနဲ့လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ဆောင်ဖို့အတွက် စောင့်ကြည့်မှုတွေနဲ့ ဖြစ်လာချိန်မှာလည်း ခိုင်လုံတဲ့မှတ်တမ်းနဲ့ အရေးယူဆောင်ရွက်ဖို့တွေက တပ်ဖွဲ့တိုင်းလိုက်နာဖို့လိုတယ်လို့ ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ရက်ကတော့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်ဖွဲ့ချင်းပွတ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး NUGတရားရေးဌာနကနေ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေကြောင်းပြောထားသလို ယင်းမာပင်မြို့နယ် ကပိုင်ရွာမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ဖြစ်ခဲ့တဲ့ လူ ၁၀ ဦးကျော် အသတ်ခံရတဲ့ လူသတ်မှုဖြစ်စဥ်ဟာ အထင်ပေါ်ဆုံးကိုင်တွယ်ဖြေရှင်းနေတဲ့အမှုလို့ ပြောထားပါတယ်။ ဒါ့အပြင် မောက်မာစွာဆက်ဆံတာနဲ့ ရာဇဝတ်မှုတွေကျူးလွန်တာရှိမယ်ဆိုရင်ကာကွယ်ရေးဝန်ကြီးဌာနဗဟို စုံစမ်းစစ်ဆေးရေးဌာနကော်မရှင်က ကိုင်တွယ်ဆောင်ရွက်တယ်လို့ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ‌အနေနဲ့ စစ်ကိုင်း ၊မကွေးတို့မှာနယ်မြေစိုးမိုးထားနိုင်သလို ၊ ချင်းပြည်နယ်မှာဆိုရင် ၇၀ရာခိုင်နှုန်းနယ်မြေစိုးမိုးထားနိုင်ပြီး အလားတူကယားပြည်နယ်မှာလည်းစိုးမိုးမှုရှိနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကပြောထားသလို လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ခန့်ရှိပြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်း ၂၅၀ကျော်ရှိတယ်လို့ ဆိုပါတယ်။