အပူချိန်မြင့်လို့ အတတ်နိုင်ဆုံး အပြင်မထွက်ဖို့ ထိုင်းမှာသတိပေး- ဧပြီ ၂၂ ညနေခင်း နိုင်ငံတကာ သတင်းများ

ရေးသားခဲ့သည်။

ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့အပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ မြင့်မားလာတဲ့ အပူကြောင့် တတ်နိုင်သမျှ အပြင်ထွက်တာကို ရှောင်ရှားဖို့ တာဝန်ရှိသူတွေက သတိပေး ထားပါတယ်။

အပူချိန်က ၄ဝဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်လာနေပြီး ပိုမို ပူလာနိုင်တာကြောင့် သတိပေးချက်တွေ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်အပါအဝင်တခြား အာရှတိုက်က နိုင်ငံတွေမှာလည်း သာမန်ထက် ပိုပူနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေက လယ်သမားတွေက တောင်ယာစိုက်ခင်းတွေကို မီးရှို့တာကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူတွေက မီးခိုးတွေကြောင့် လေထုညစ်ညမ်းမှုဒဏ်ကို ခံနေရပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုကြောင့် တရုတ်နဲ့ တခြားဆက်ဆံရေး မထိခိုက်ဘူးလို့ ဖိလစ်ပိုင်ပြော

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုကြောင့် သူတို့ရဲ့ ဆက်ဆံရေး တခုလုံးကို အနှောင့်အယှက် အဟန့်အတား မဖြစ်စေဖို့ ဖိလစ်ပိုင်က တရုတ်ကို ပြောပါတယ်။

မနီလာကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အန်နရီကေး မာနာလိုတို့ တွေ့ဆုံရာမှာ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ချင်က ဒေသတွင်း အခြေအနေက ရှုပ်ထွေးပြီး ပြောင်းလဲနိုင်တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်က အမေရိကန်ဘက်ကို ယိမ်းခဲ့ပြီးတဲ့နောက် တရုတ်နဲ့ ဆက်ဆံရေးက အေးစက်နေပါတယ်။

လက်ရှိ အမေရိကန်နဲ့ ဖိလစ်ပိုင် တပ်ဖွဲ့တွေက အကြီးဆုံး စစ်ရေး လေ့ကျင့်မှုကို ပြုလုပ်နေကြပါတယ်။

ဒါဝင်ရဲ့ သီအိုရီကို အလယ်တန်းသင်ရိုးမှာ ပြန်ထည့်ဖို့ အိန္ဒိယမှာ ဆရာနဲ့ သိပ္ပံပညာရှင်တွေ တောင်းဆို

အိန္ဒိယနိုင်ငံ အလယ်တန်း သင်ရိုးစာအုပ်မှာ ချားလ်စ်ဒါဝင်ရဲ့ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲ ပြောင်းလဲခြင်း သီအိုရီ အခန်းတွေကို ပြန်လည် ထည့်သွင်းဖို့ တာဝန်ရှိသူတွေကို နိုင်ငံ တဝန်းမှာရှိတဲ့ ရာနဲ့ချီတဲ့ သိပ္ပံပညာရှင်နဲ့ ဆရာတွေက တောင်းဆိုနေပါတယ်။

သိပ္ပံဆိုင်ရာ အသိပညာအတွက် အခြေခံအနေနဲ့ရော ကမ္ဘာ့ရဲ့ ကျိုးကြောင်းဆက်စပ်နိုင်တဲ့ အမြင်တွေ အတွက် ဆင့်ကဲဖြစ်စဉ်တွေကို နားလည်ဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

ဒီအခန်းပါအကြောင်းအရာတွေကို ဆန်းစစ်ဖို့အတွက် ချန်လှပ်ထားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာရ ဘီဂျေပီ ပါတီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒနဲ့ လိုက်လျောညီထွေ ဖြစ်စေဖို့ ကျောင်းသင်ရိုးတွေကို ပြောင်းလဲနေတယ်လို့ ပညာရေးဝန်ထမ်းတွေက စွပ်စွဲခံနေရပါတယ်။ အစိုးရကတော့ ဒီစွပ်စွဲချက် အားလုံးကို ငြင်းဆန်ထားပါတယ်။

အိန္ဒိယရဲ့ အလယ်တန်း ပညာရေး ကြီးကြပ်ရေးအဖွဲ့ရဲ့ အောက်မှာ သန်းနဲ့ချီတဲ့ ကျောင်းသားတွေက ဒီစာအုပ်တွေကို လေ့လာနေတာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေကြေးဆိုင်ရာစည်းကမ်းကို ချိုးဖောက်တယ်လို့ အိန္ဒိယ ပတ်ဝန်းကျင်အရေး ရှေ့နေ စွပ်စွဲခံရ

အိန္ဒိယနိုင်ငံမှာ နိုင်ငံခြား ရန်ပုံငွေဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ သဘာဝပတ်ဝန်းကျင်အရေးဆိုင်ရာ ထင်ရှားတဲ့ ရှေ့နေကို ဖက်ဒရယ် စစ်ဆေးရေး ဌာနက စုံစမ်း စစ်ဆေးနေပါတယ်။

ပတ်ဝန်းကျင် တောတောင်တွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်မယူတဲ့ Legal Initiative for Forest and Environment (LIFE)အဖွဲ့ကို ရစ်ဝစ် ဒူတာ (Ritwick Dutta) ဦးစီးလုပ်ကိုင်နေပါတယ်။

ဗဟို စုံစမ်းစစ်ဆေးရေး ဗျူရိုက သူဟာ အမေရိကန် အခြေစိုက် Earth Justiceအဖွဲ့ ကနေ ငွေကြေးတွေ ရယူပြီး ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းတွေကို ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

မစ္စတာ ဒူတာက နှစ်ပေါင်းများစွာ သတ္တု တူးဖော်လို့ ထိခိုက်ခံရတဲ့ ပတ်ဝန်းကျင်နဲ့ လူ့အသိုင်းအဝန်းတွေကို ကာကွယ်ဖို့ လှုပ်ရှားဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

၂ဝ၂၁ ခုနှစ်မှာ နိုဗယ်လ်ဆုနဲ့ ခိုင်းနှိုင်းခံထားရတဲ့ 'Right Livelihood Award' ဆုကို သူ့ရဲ့ အဖွဲ့က ရရှိထားပါတယ်။

ဒုတိယကမ္ဘာစစ်က ဂျပန်ပို့ဆောင်ရေးသင်္ဘော ဖိလစ်ပိုင် ကမ်းလွန်မှာတွေ့

ဖိလစ်ပိုင်ကမ်းလွန်မှာ ၁၉၄၂ ခုနှစ်က အမေရိကန် ရေတပ်က နှစ်မြုပ်လိုက်တဲ့ ဒုတိယ ကမ္ဘာစစ်က ဂျပန် ပို့ဆောင်ရေး သင်္ဘောပျက်ကို ပင်လယ်ရေနက်ပိုင်းမှာ ရှာဖွေသူတွေက တွေ့ရှိခဲ့ပါတယ်။

အမေရိကန် ရေငုပ်သင်္ဘောက တော်ပီဒိုနဲ့ သင်္ဘောကို ပစ်ခတ်လိုက်ပြီး ဒီသင်္ဘောပေါ်မှာ ပါပူအာ နယူးဂီနီမှာ ဖမ်းဆီးရမိခဲ့တဲ့ မဟာမိတ် စစ်သားတွေနဲ့ အရပ်သားတွေ ပါလာတယ်ဆိုတာကို သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီသင်္ဘောနစ်မြုပ်လို့ ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီး ဒီအထဲမှာ ရာနဲ့ချီတဲ့ သြစတြေးလျ စစ်သုံ့ပန်းတွေလည်း ပါဝင်ပါတယ်။

သြစတြေးလျ လက်ထောက် ဝန်ကြီးချုပ် ရစ်ချက် မာလေးစ်က ဒီတွေ့ရှိချက်က သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် တစုံတရာ အထောက်အကူ ဖြစ်မယ်လို့ ပြောပါတယ်။

‘အက်စ်အက်စ် မောင်တီဗီဒီယို မာရူးကို တွေ့ပြီလို့ အတည်ပြုနိုင်ပါတယ်၊ သြစတြေးလျ အဏ္ဏဝါသမိုင်းကြောင်းမှာ ကြေကွဲစရာအကောင်းဆုံး စာမျက်နှာကို အဆုံးသတ်နိုင်ပါတယ်၊ ဒီဝမ်းနည်းစရာဖြစ်ရပ်က သမိုင်းမှာ သြစတြေးလျသားတွေ ပင်လယ်မှာ အများဆုံး အသက်ဆုံးရှုံးတာကို မြင်ခဲ့ရပါတယ်၊ ဒီနောက်မှာတော့ မောင်တီဗီဒီယိုရဲ့ တည်နေရာကို မပြောနိုင်တာက သေဆုံးခဲ့တဲ့သူတွေရဲ့ မိသားစုတွေအတွက် မပြီးဆုံးနိုင်သေးတဲ့ ကိစ္စတခုလို ဖြစ်နေပါတယ်’လို့ သူက ပြောသွားပါတယ်။

တောင်တရုတ်ပင်လယ်ထဲက ရေအောက် ၄ ကီလိုမီတာမှာ သင်္ဘောပျက်ကို လူမပါတဲ့ ရေအောက်ယာဉ်ကနေ ထောက်လှမ်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။