အစ္စရေးပိတ်ဆို့မှုကြောင့် ဂါဇာမှာ အခြေအနေ ပိုဆိုးလာတယ်လို့ ကုလသမဂ္ဂသတိပေး-အောက်တိုဘာလ ၂၇ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

အစ္စရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ထားမှုတွေ ဆက်လုပ်နေရာမှာ ဂါဇာဒေသထဲ ကယ်ဆယ်ရေးအကူအညီတွေ ထပ်မဝင်လာဘူးဆိုရင်တော့ ရိက္ခာ အထောက်အပံ့တွေ အကြီးအကျယ် ပြတ်လပ်ပြီး နောက်ထပ် လူအများအပြား သေဆုံးဖို့ ရှိတယ်လို့ ကုလသမဂ္ဂက သတိပေး ပြောကြားလိုက်ပါတယ်။

UNRWA ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီအဖွဲ့အကြီးအကဲ ဖီလီးပ် လက်ဇာရီနီက ဂါဇာဒေသထဲ လောလောဆယ် အရောက်ပို့ဆောင်နိုင်တဲ့ အထောက်အပံ့က မဆိုစလောက် ပမာဏ လောက်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ လမ်းမတွေပေါ်မှာ မိလ္လာအညစ်အကြေးတွေနဲ့ ပြည့်နှက်နေပြီး အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲကျနေပြီလို့ သူက ပြောပါတယ်။

ဂါဇာဒေသထဲ လောင်စာဆီတွေ နောက်ထပ် ပေးပို့ခွင့် ပြုရေးကိုလည်း ဂျေရုဆလင်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ လက်ဇာရီနီက ထပ်မံ တိုက်တွန်းသွားခဲ့ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦးကလည်း ဆေးရုံတွေမှာ နေရာတိုင်းလိုလို အလောင်းတွေနဲ့ ပြည့်နှက်နေပြီး လူနာတွေကို မေ့ဆေး မပေးဘဲ ခွဲစိတ်ကုသနေရတယ်လို့ ပြောပါတယ်။

စားနပ်ရိက္ခာ၊ လောင်စာဆီနဲ့ လျှပ်စစ်မီး ဖြတ်တောက်ထားမှုတွေဟာ လူအများအပေါ် သိမ်းကျုံးအပြစ်ပေးတာမျိုး ဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနက ပြောပါတယ်။

တရုတ်ဝန်ကြီးချုပ်ဟောင်း လီခချန်း နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်

တရုတ်ဝန်ကြီးချုပ်ဟောင်း လီခချန်း နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် အကြီးအကျယ် ဝမ်းနည်းကြေကွဲနေကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ အသက် ၆၈ နှစ်အရွယ် မစ္စတာလီ ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ် လူထုကို ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ် လက်တွေ့ကျကျ တွေးခေါ်တတ်သူအဖြစ် အများက ရှုမြင်ထားသူလည်း ဖြစ်တဲ့ မစ္စတာ လီဟာ တရုတ်နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တစ်ဦးအဖြစ် တစ်ကြိမ်က သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ သမ္မတ ရှီကျင့်ဖျင်ပြီးရင် ဒုတိယ သြဇာအကြီးဆုံး ကွန်မြူနစ်ပါတီ တာဝန်ရှိပုဂ္ဂိုလ်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ မတ်လတုန်းက သူ့နေရာမှာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးကို အစားထိုးခန့်ထားလိုက်ပြီးနောက်မှာ မစ္စတာလီဟာ အစိုးရဌာနကနေ အငြိမ်းစား ယူသွားခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖျင် အာဏာကို ပိုဆုပ်ကိုင်လာခဲ့ချိန်မှာ မစ္စတာ လီဟာ သူ့အလုပ်သက်တမ်း ပြီးဆုံးကာနီးအထိ တဖြည်းဖြည်း ဘေးဖယ်ခံခဲ့ရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လီခချန်း ကွယ်လွန်သွားမှုနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း ဖော်ပြထားတဲ့ပို့စ်တွေ တရုတ်ဆိုရှယ်မီဒီယာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် တင်ထားကြပြီး အတော်များများက အံ့အားသင့် ယူကြုံးမရ ဖြစ်မိကြောင်း ရေးထားကြပါတယ်။ ဒါပေမဲ့လည်း ပို့စ်အတော်များများက ကန့်သတ် ဖြတ်တောက်မှုတွေ လုပ်ခံထားရပုံ ရပါတယ်။

သက်ဆင်ရဲ့ သမီးအငယ်ဆုံးကို ဖူအာထိုင်းပါတီရဲ့ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်ရဲ့ သမီးအငယ်ဆုံးကို ထိုင်းနိုင်ငံမှာ ဖူအာထိုင်း အာဏာရပါတီက ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

နိုင်ငံရေးလောကထဲ ဝင်ရောက်လာအပြီး အခု ၂ နှစ်အကြာမှာပဲ ပေထုန်တန် ရှင်နဝပ် ကို ခေါင်းဆောင်သစ်အဖြစ် ကန့်ကွက်သူမရှိ ရွေးချယ် တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။

ပါတီရဲ့ ဒုတိယအကြီးအကဲ ဖြစ်သူက မစ်စ် ပေထုန်တန်ကို ပါတီခေါင်းဆောင်သစ်အဖြစ် ထောက်ခံခဲ့တာဟာ သူ့မိသားစုနောက်ခံကြောင့်မဟုတ်ဘဲ သူ့စွမ်းဆောင်နိုင်အားကြောင့် ဖြစ်တယ်လို့ ပါတီ ဒုတိယအကြီးအကဲက ပြောပါတယ်။

ဒါပေမဲ့ မစ္စ ပေထုန်တန်ကို ပါတီခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်တာဟာ သြဇာအရှိန်အဝါ ကြီးတဲ့ သက်ဆင် မိသားစုက ပါတီကို ထိန်းချုပ်ထားတယ်ဆိုတာကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဖူအာထိုင်း ပါတီဟာ ထိုင်းနိုင်ငံရေးလောကမှာ လူတွေအကြား သဘောကွဲလွဲမှုအဖြစ်စေဆုံးနဲ့ သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မစ္စတာ သက်ဆင်နဲ့ နီးစပ်တဲ့ ဆက်နွှယ်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး မစ္စတာ သက်ဆင် ရာထူးကနေ ဖြုတ်ချခံခဲ့ရပါတယ်။ ဒါပေမဲ့ ပြည်ပမှာ ၁၅ နှစ်ကြာ နေထိုင်ခဲ့အပြီး သြဂုတ်လတုန်းက ထိုင်းနိုင်ငံကို ပြန်လာခဲ့ပါတယ်။

မိန်းပြည်နယ်က သေနတ်သမားကို ကနေဒါနယ်စပ်နားအထိ လိုက်ရှာနေ

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း မိန်းပြည်နယ်မှာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခဲ့သူအဖြစ် သံသယရှိနေသူ အမေရိကန် အရန်စစ်သားတစ်ဦးကို ပိုက်စိတ်တိုက် ရှာဖွေနေမှုဟာ နယူးယောက်မြို့ကနေ ကနေဒါနိုင်ငံ နယ်စပ်အထိ ပျံ့နှံ့လာခဲ့ပြီ ဖြစ်ပါတယ်။

ခုချိန်ထိ လက်နက် လက်ဝယ် ရှိနေဆဲလို့ ယူဆရတဲ့ ရောဘတ် ကာ့ဒ် ကို FBI ထောက်လှမ်းရေးအဖွဲ့ရဲ့ အကူအညီနဲ့ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာက လိုက်လံရှာဖွေနေပါတယ်။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းကစလို့ လူဝစ်စ်တန်မြို့နဲ့ အနီးက မြို့အတော်များများမှာ လူတွေကို အိမ်တွင်းမှာပဲ ဆက်နေကြဖို့ ညွှန်ကြားထားပါတယ်။

သေဆုံးသူတွေထဲမှာ ဒေသခံ ဆွံ့အနားမကြား လူမှုအသိုင်းအဝိုင်းက လူ ၄ ဦးလည်း ပါတယ်လို့ သတင်းတွေအရ သိရပါတယ်။