ဒီဇင်ဘာ ၄ ရက် ထိပ်တန်းသတင်းများ - မိကျောင်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြီး လေပြင်းတိုက်ခတ်နိုင်

ရေးသားခဲ့သည်။

အိန္ဒိယကို ဦးတည်နေတဲ့ အားကောင်းမယ့် မိကျောင်း အမည်ရှိဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မိုးထစ်ချုန်းရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ မုန်တိုင်း မိကျောင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြေမရှိတာကြောင့် အဝါရောင်အဆင့်သာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

မုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးထစ်ချုန်းရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တာကြောင့်ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ကမ်းနီး၊ကမ်းဝေးငါးဖမ်း ရေယာဉ်တွေနဲ့ သင်္ဘောတွေအနေနဲ့ ကြိုတင် သတိပြုဖို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ညနေပိုင်းတိုင်းတာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းလွန်နဲ့ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေ တို့မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိကျောင်း”(MICHAUNG)ဟာ ပိုမိုအားကောင်းလာတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်ဘက် ရေမိုင် (၇၂၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun) အနောက်-အနောက်တောင်ဘက် ရေမိုင် (၇၉၀)မိုင်ခန့် အကွာအဝေးမှာရှိနေပြီး အိန္ဒိယနိုင်ငံနိုင်ငံ ဘက်ခြမ်းမှာတော့ ရေမိုင် ၅၀ နဲ့ ရေမိုင် ၁၅၀ ကြားမှာ ရှိနေတာကြောင့် အိန္ဒိယဘက်ကို မုန်တိုင်းလမ်းကြောင်း ဦးတည်နေတယ်လို့ဆိုပါတယ်။

မုန်တိုင်း‌အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး ရေပြင်/မြေပြင်လေဟာ တစ်နာရီ မှာ မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်ကလည်း (၆)ပေကနေ (၉)ပေခန့် ရှိနိုင်တယ်လို့ အသိ‌ပေးထားပါတယ်။

မြောက်ဦးမှာ စစ်ကောင်စီမော်တော်ယာဉ် ၉ စီးကို အေအေ သိမ်းယူ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီရုံးနဲ့ဌာနပိုင်မော်တော်ယာဉ် ၉ စီးကို ရက္ခိုင့်တပ်တော်(အေအေ)က အခုသီတင်းပတ်တွေအတွင်းမှာ သိမ်းယူသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။

မြောက်ဦးမြို့မှာရှိတဲ့ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက မော်တော်ယာဉ် ၂ စီး၊ ရှေးဟောင်းသုတေသနဌာနပိုင် မော်တော်ယာဉ် ၃ စီး၊ မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနပိုင် မော်တော်ယာဉ် ၂ စီး၊ ခရိုင်သာသနာရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ၁ စီး၊ ခရိုင်ရွေးကောက်ပွဲရုံးပိုင် မော်တော်ယာဉ် ၁ စီး စုစုပေါင်း ၉ စီးကို အေအေက သိမ်းယူခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အေအေအဖွဲ့ဟာ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်တုန်းကလည်း ကျောက်တော်-ပလက်ဝ ပြေးဆွဲတဲ့ မြစ်ကူးရေယာဥ် ၂ စီးကို သိမ်းယူခဲ့တယ်ပါတယ်။

ဒါပေမဲ့ မြောက်ဦးက မော်တော်ယာဉ်တွေကို သိမ်းယူတာနဲ့ပတ်သက်ပြီး အေအေ ဘက်က တစုံတရာသတင်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

မြောက်ဦးမြို့ပေါ်မှာတော့ စစ်တပ်နဲ့ အေအေကြား တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာနဲ့ လက်နက်ကြီးကျည် ကျရောက်မှုတွေတော့ ရှိနေတယ်လို့ မြောက်ဦးမြို့ခံတွေက ဘီဘီစီကို ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ပြောထားပါတယ်။

မနေ့ မနက်ပိုင်းတုန်းက မြောက်ဦးမြို့အစွန်က မြို့ဦးကုန်းဘက်ကို လက်နက်ကြီး ကျရောက်ခဲ့သလို မနေ့ညပိုင်းတုန်းကလည်း ထမ္မရိတ်ရွာအနီးကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ထားဝယ်ထောင်အသစ်လုပ်ငန်းခွင်က အလုပ်သမားတွေအဖမ်းခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဇီးကျကျေးရွာအနီးမှာ အသစ်ဆောက်နေတဲ့ ထားဝယ်ထောင်သစ် လုပ်ငန်းခွင်က အလုပ်သမား ၆ ဦးနဲ့ လုပ်ငန်းခွင်သုံးကားတစ်စီး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်နက်ကိုင်ဆောင်ထားသူ အယောက် ၅၀ ခန့်ဟာ ထားဝယ်ထောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို မနေ့ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ရောက်လာပြီး အလုပ်သမားတွေကို ဖမ်းဆီးသွားတာဖြစ်သလို ထပ်မံလုပ်ဆောင်တာမျိုး မလုပ်ဖို့ ခြိမ်းခြောက် သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ထားဝယ်မြို့တွင်းက အကျဥ်းထောင်ထက် ၅ ဆနီးပါးကြီးမားတဲ့ အကျဥ်းထောင်သစ်ကို ထားဝယ်နည်းပညာတက္ကသိုလ်အနီးတစ်မိုင်ခန့်အကွာ ဇီးကျရွာ အနီးက မီအုံးတောင်အနီးမှာ ဆောက်လုပ်နေတာလို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

ထောင်အသစ်ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေကို အခုတစ်ကြိမ်ဖမ်းဆီးတာကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းကတော့ ရေး-ထားဝယ် ကားလမ်းပေါ်မှာ အကျဥ်းဦးစီး ဝန်ထမ်း ၂ ဦးနဲ့ အကျဥ်းသား ၅ ဦးကို လိုက်ပါလာတဲ့ကားတစ်စီးကို ထားဝယ် ပ.က.ဖ(DGRF) အဖွဲ့က ဖမ်းဆီးခဲ့ပြီး အကျဥ်းသားတွေကို လွှတ်ပေးခဲ့ပေမဲ့ ဝန်ထမ်း ၂ ဦးကိုတော့ ရှင်းလင်းခဲ့တယ်လို့ အဲဒီ အဖွဲ့က သတင်းထုတ်ပြန်ဖူးပါတယ်။

စစ်ကောင်စီဟာ ထားဝယ်အကျဥ်းထောင်သစ်ကို အခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ဖို့ ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်အထိ သုံးဖို့ လျာထားပြီး မြေရှင်းလင်းတာတွေ ပြုလုပ်နေတယ်လို့ Dawei Watch သတင်းဌာန သတင်းဖော်ပြထားပါတယ်။

ထားဝယ်မြို့တွင်းက ထားဝယ်အကျဥ်းထောင်ကတော့ လက်ရှိမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေအများစုအပါအဝင် နိုင်ငံရေးအကျဥ်းသား ရာချီကို ထိန်းသိမ်းထားတဲ့ထောင်ဖြစ်ပါတယ်။

မြန်မာစစ်ရှောင်တွေကို လက်ခံဖို့အသင့်လို့ ထိုင်းပြော

ထိုင်း-မြန်မာနယ်စပ်အနီးက တိုက်ပွဲတွေကြောင့် မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ဆီကို ထွက်ပြေးလာတဲ့ မြန်မာစစ်ရှောင်တွေကို လက်ခံဖို့ အသင့်ပဲလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မြန်မာပြည်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါ ဒုက္ခသည်တွေကိုလက်ခံဖို့ နယ်စပ်တစ်လျှောက်မှာ ယာယီခိုလှုံရေးစခန်းတွေ ဆောက်ပေးဖို့ ထိုင်းအစိုးရဘက်က အသင့်ပြင်ထားတယ်လို့လည်း ဝန်ကြီးက ပြောတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

‘‘လက်ရှိ အခြေအနေအရ ဒုက္ခသည်တွေ ပြုံဝင်လာတာမျိုးတော့မရှိသေးပါဘူး။ ဒါပေမဲ့ တိုက်ခိုက်မှုတွေ ပိုဆိုးလာမယ်ဆိုရင်တော့ ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံထဲကိုမှ မဟုတ်ပါဘူး။ အရပ်လေးမျက်နှာမှာ ပေါ်လာမှာပါပဲ'' လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့နယ်အတွင်းမှာ စနေနေ့တုန်းက တိုက်ပွဲပြင်းထန်ခဲ့အပြီးမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလိုပြောဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာဘက်ခြမ်းမှာဖြစ်နေတဲ့တိုက်ပွဲတွေဟာ ထိုင်းဘက်ကို သက်ရောက်မှု မရှိသေးပေမဲ့ ဒုက္ခသည်တွေရောက်လာမယ်ဆိုရင် လူသားချင်းစာနာမှုအကူအညီပေးမှာဖြစ်သလို နယ်စပ်တစ်လျှောက်မှာလည်း ထိုင်းစစ်တပ်က လုံခြုံ‌ရေးတိုးမြှင့်ထားတယ်လို့ ထိုင်းစစ်ဘက်အရာရှိတွေက ပြောထားတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။