ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ် ၂ ရက် ထိပ်တန်းသတင်းများ - ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်လျှော့ပေါ့မှု ထိုင်းကြိုဆို
မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်တာကို ကြိုဆိုတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပြောဆိုလာပါတယ်။
ထိုင်းဘက်ကတော့ အပြုသဘောဆောင်တဲ့ဒီအခြေအနေကနေတဆင့် မြန်မာပြည်တွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲပေါ်လာရေး အခြေအနေဖန်တီးပေးနိုင်ဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။
မြန်မာစစ်ကောင်စီဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြစ်ဒဏ်လျှော့ပေါ့လိုက်တယ်လို့ မနေ့က ကြေညာပြီး အကျဥ်းသား ၇၇၀၀ ကျော်ကိုလည်း လွတ်ငြိမ်းခွင့် ပေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ မြန်မာပြည်တွင်း အဓွန့်ရှည်တဲ့တည်ငြိမ်အေးချမ်းရေးရဖို့ ငြိမ်းချမ်းစွာနိုင်ငံရေးအဖြေရှာရာမှာ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံး ပါဝင်ခွင့်ရတာကို မြင်လိုတဲ့ ထိုင်းနိုင်ငံရဲ့ဆန္ဒကို ထပ်လောင်းပြောကြားထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒွန်ပရာမွတ် ဝီနိုင်းဟာ အာဆီယံအစည်းအဝေးပွဲ မတိုင်ခင် ပြီးခဲ့တဲ့လတုန်းက နေပြည်တော်ကို တိတ်တဆိတ် ခရီးသွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းဘက်က သတင်းထုတ်ပြန်ထားဖူးပါတယ်။
အာဏာသိမ်းပြီးကတည်းက ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့အရေးအာဆီယံအထူးသံတမန်တွေက တွေ့ဆုံခွင့်တောင်းခဲ့ချိန် မြန်မာစစ်ကောင်စီဘက်က ငြင်းဆိုခဲ့ပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့တော့ တွေ့ဆုံခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်းကြီးတို့ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ မြန်မာစစ်ကောင်စီဘက်ကရော၊ ထိုင်းဘက်ကပါ အသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။
ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ဘတ်စ်ကားတွေပေါ်အထိ စစ်တပ် စစ်ဆေး
ဒီနေ့မှာ ရန်ကုန်မြို့တွင်းက ဗိုလ်တထောင်၊ ရွှေဂုံတိုင်နဲ့ မရမ်းကုန်းအပါအဝင် နေရာအများစုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနဲ့ရဲပေါင်းပြီး အများပြည်သူသုံးဘတ်စ်ကားနဲ့ တက်စီအငှားယာဥ်တွေပေါ် အထိ တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဘီဘီစီကိုပြောလာပါတယ်။
မေးမြန်းတဲ့မေးခွန်းတွေအရ စစ်ကိုင်းက လူတစ်ဦး ရန်ကုန်ရောက်နေတယ်လို့ ယူဆပြီးရှာနေတာသိရတယ်လို့ ကိုယ်တွေ့ကြုံတဲ့လူငယ်တစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းလယ်အထိတက်နေပြီး ဘတ်စ်ကားတွေကို တားမြစ်ကာ ယာဥ်မောင်းကိုအောက်ဆင်းခိုင်းပြီး ယာဥ်ပေါ်တက်စစ်ဆေးတာလို့ ဆိုပါတယ်။
ယာဥ်ပေါ်ပါလာသူတွေကို နှာခေါင်းစည်းချွတ်ခိုင်းတာ၊ မှတ်ပုံတင်ပြခိုင်းတာနဲ့ စစ်ကိုင်းကလား ဘယ်ဒေသကလဲဆိုတဲ့ မေးခွန်းတွေကို မေးမြန်းပြီး စစ်ဆေးတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
‘‘မက်စ်တပ်ထားတာကို ချွတ်ခိုင်းပြီး မင်း ဘယ်ကလဲဆိုပြီး မေးတယ်။ ဖုန်းကိုစစ်တယ်။ သူတို့မှာပါတဲ့ ဓာတ်ပုံနဲ့တိုက်တယ်။ ယာဥ်မောင်းကို အောက်ဆင်းခိုင်းတယ်’’ လို့ စစ်ဆေးမှုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရန်ကုန်မြို့ခံ တစ်ဦးကပြောပါတယ်။
ဒီကနေ့ အများပြည်သူသုံးယာဥ်ပေါ်အထိ စစ်ဆေးခံရတဲ့ အခြေအနေကြုံခဲ့ရပါသလား။ မှတ်ချက်ပေး မျှဝေဖို့ လေးစားစွာဖိတ်ခေါ်ပါတယ်။
မြန်မာအပါအဝင် လူ့အခွင့်အရေးအလေးထားလုပ်မယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအရေးကိုလည်း အလေးထား လုပ်သွားမယ်လို့ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ်က ပြောပါတယ်။
လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမှာဘာတွေလုပ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့ သြဂုတ်လ ၁ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ သံအမတ်ကြီးက အခုလိုပြောသွားတာပါ။
‘ယူကရိန်းကိုပဲ ကြည့်ကြည့်၊ ယီမင်ကိုပဲ ကြည့်ကြည့်၊ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ဆူဒန်မှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေးခိုးဖောက်မှုတွေကို ကျွန်မ အရမ်းကို စိုးရိမ်မိတယ်။ ဒီလိုချိုးဖောက်မှုတွေကို မြန်မာပြည်မှာလည်း တွေ့နေရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အသံတွေလည်း ကြားရအောင် လုံခြုံရေးကောင်စီမှာ ဆွေးနွေးပါမယ်’’ လို့ သူကပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေအရေးကိုလည်း သိရှိနိုင်ဖို့ အဲဒီက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
လက်ရှိမှာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့တဲ့အလှူရှင်တွေထဲမှာ အမေရိကန်က ပမာဏအများဆုံးထည့်ဝင်ထားတဲ့အလှူရှင်နိုင်ငံဖြစ်တာကြောင့် အလှူငွေပိုမိုရရှိဖို့ ဦးဆောင်သွားဖို့ရှိသလို ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
မုန်တိုင်းငယ်ကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ် မိုးဇလသတိပေး
ဘင်္ဂလားပင်လယ်အော်အတွင်းမှာဖြစ်ပွားနေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့အရှိန်နဲ့ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် နိုင်ငံအနှံ့ မိုးထစ်ချုန်းရွာနိုင်ခြေရှိပြီး ရေကြီးရေလျှံတာနဲ့ မြေပြိုမှု အန္တရာယ်ကို သတိထားကြဖို့ မိုးလေဝသနဲ့ဇလဗေဒဌာနက ဒီနေ့ မနက်ပိုင်းမှာပဲ သတိပေးထုတ်ပြန်လာပါတယ်။
လက်ရှိမှာ အဲဒီမုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်မှာဖြစ်ပေမဲ့ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။
ဒါကြောင့် ကုန်းမြင့်မှာနေထိုင်သူတွေအနေနဲ့ မြေပြိုနိုင်တဲ့အန္တရာယ်၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင်သူတွေအနေနဲ့ ရေကြီး ရေလျှံမှုကို ကြိုတင်သတိပြုဖို့ အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဥ်တွေ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုဖို့ နှိုးဆော်တယ်လို့လည်းဆိုပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာလည်း ဘီးလင်းမြစ်ရေဟာ အဲဒီမြို့ ရဲ့စိုးရိမ်ရေမှတ်ကို ပေဝက်ခန်ကျော်နေပြီး ၂၄ နာရီအတွင်းမှာ ၁ ပေခန့်ပြင့်တက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာနေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ကိုလည်း နှိုးဆော်ထားပါတယ်။