ဖေဖော်ဝါရီ ၁၅ ရက် နိုင်ငံတဝန်းသတင်း အနှစ်ချုပ်- လူကုန်ကူးခံရသူ တစ်ရက်အယောက် ၅၀၀ အထိ လွှဲပြောင်းဖို့ ထိုင်း-မြန်မာ သဘောတူ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၃

ပြည်ထဲရေးဒုဝန်ကြီး မဲဆောက် သွားဖို့ရှိ

အွန်လိုင်း‌ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးနဲ့ လူကုန်ကူးခံရသူတွေလွှဲပြောင်းရေးကိစ္စတွေ အတွက် ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဒီရက်ပိုင်းအတွင်းမှာ မြန်မာ- ထိုင်းနယ်စပ် မဲဆောက်မြို့ကို သွားဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေး အရင်းအမြစ်တွေက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ကျော်ကျော်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကမှ စစ်ဘက်‌ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးလက်အောက်၊ အောက်မြန်မာပြည် ကွပ်ကဲရေးမှူးကနေ ပြည်ထဲရေး ဒုဝန်ကြီးသစ် ဖြစ်လာသူပါ။

ထိုင်း-မြန်မာ နယ်စပ်မှာလည်း လူကုန်ကူးမှုရဲ့ သားကောင်တွေကို ကူညီဖို့နဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ထိုင်းရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး အပါအဝင် ဌာနဆိုင်ရာတွေပါဝင်ပြီး မြန်မာဘက်ကတော့ မြဝတီခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ပြန်ပို့ဆောင်ရေးအတွက် ထိုင်းနဲ့မြန်မာအကြား သဘောတူညီမှု ရရှိပြီး တစ်ရက် အယောက် ၅၀၀ ထိ လက်ခံနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း သိရပါတယ်။

လွှဲပြောင်းရေး အစီအစဉ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်မှာ စတင်နိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးအရ သာတူညီမျှဖို့၊ ထိရောက်မှုရှိဖို့၊ လူကုန်ကူးခံရသူတွေကို သူတို့နေရပ် နိုင်ငံတွေဆီ ဘေးကင်းကင်းနဲ့ ပြန်နိုင်ဖို့တွေအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။

လူကုန်ကူးခံရသူတွေရဲ့ စာရင်းနဲ့ နိုင်ငံသားဆိုင်ရာ အချက်အလက်တွေကို အနည်းဆုံး ၃ ရက်ကနေ ၅ ရက်ကြား ပေးပို့ထားဖို့၊ မြန်မာဘက်ကနေ ထိုင်းဘက်ကို လာချင်တဲ့ နိုင်ငံခြားသားတွေကို စုဆောင်းထားဖို့၊ ထိုင်းဘက်က ရရှိထားတဲ့ သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ သံရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့၊ လွှဲပြောင်းမယ့်သူတွေကို အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကနေ ပို့ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။

တရုတ်ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီဝန်ကြီးတွေက ဖေဖော်ဝါရီ ၁၄ ရက် ဆွေးနွေးချိန်မှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ အွန်လိုင်းလောင်းကစားတွေကို မြန်မာ-တရုတ်- ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ထည့်သွင်းပြောခဲ့ကြပါတယ်။

မြန်မာ- ထိုင်းနယ်စပ် မဲဆောက်မြို့မှာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာကစလို့ ဌာနပေါင်းစုံ စစ်ဆေးရေးတွေက ဆက်တိုက် တင်းတင်းကျပ်ကျပ် လုပ်ကိုင်နေတယ်လို့ မဲဆောက်မြို့က အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ရာဇဝတ်မှု လျော့နည်းရေးအပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေ၊ လူကုန်ကူးသူတွေကို ဆက်တိုက် ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

TNLA နဲ့ မြန်မာစစ်တပ် ကူမင်းမှာ တွေ့မယ်

စစ်ရေးပြဿနာတွေကိုဖြေရှင်းဖို့ တရုတ်နိုင်ငံ၊ကူမင်းမှာ မြန်မာစစ်တပ်နဲ့ မနက်ဖြန်စတင်ဆွေးနွေးမယ် လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး - PSLF/ TNLA က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ဒီဆွေးနွေးပွဲကိုတက်ဖို့ တအာင်းတပ်(TNLA)က ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျား ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ကူမင်းကို ဒီနေ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဘက်က အမှတ်(၁)အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တက်ရောက်မယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးဟာ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဆွေးနွေးမယ့် အချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် TNLA ကို ဘီဘီစီက ဆက်သွယ်နေပေမဲ့ အဆက်အသွယ် မရသေးပါဘူး။

"တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့်သာ စကားပြောကြတာ၊ TNLA က သူတို့ အုပ်ချုပ်ထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်မှု ယန္တရားတွေစနေပြီ။ TNLA နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတယ်၊ ဒါကို TNLA က ရပ်ဖို့ ပြောမှာဖြစ်သလို စစ်ကောင်စီကလည်း မိုးကုတ်လိုမျိုး နေရာကို ပြန်တောင်းမှာပဲ" လို့ စစ်ရေးသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မဟာမိတ်ညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ ဇန်နဝါရီ ၁၈ ရက်မှာ အပစ်အခတ် ရပ်စဲရေး ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မဟာမိတ်ညီနောင်အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတို့ကလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှာ အပစ်အခတ် ရပ်စဲရေး ရရှိခဲ့တယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။

တရုတ်ကိုယ်စားလှယ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံသား ၂၀၀ ကို ပြန်လွှဲဖို့ စီစဉ်

တရုတ်ပြည်သူ့ လုံခြုံရေး လက်ထောက်ဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီးနောက်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာလူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ပြန်လွှဲဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ- ရွှေကုက္ကိုနယ်မြေထဲက ကျားဖြန့်လုပ်ငန်းတွေ၊ အွန်လိုင်းလောင်းကစားတွေ လုပ်ဖို့နဲ့ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၁၉၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်တို့ကို မနေ့က ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးရင် တရုတ်နိုင်ငံကို လွှဲအပ်သွားမယ်လို့ သိရပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပါဝင်ပတ်သက်နေသူတွေ၊ တရားမဝင် နေထိုင်သူတွေကို တိုက်ဖျက်ရေးမှာ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

တရုတ်ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ဝန်ကြီးတွေ တွေ့ဆုံချိန်မှာလည်း တရုတ်-ထိုင်း- မြန်မာ သုံးနိုင်ငံ ပူးပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့နဲ့ မြဝတီမှာ တရားမဝင် ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်နိုင်ရေး ဆောင်ရွက်နေတာတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။

ထိုင်းမှာမြန်မာနိုင်ငံသား တစ်ရာကျော် အဖမ်းခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၀၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတချို့က ဖော်ပြပြီး ဘီဘီစီ သတင်းအရင်းအမြစ် တွေကလည်း ပြောပါတယ်။

မြန်မာကနေ ထိုင်း-မလေးရှားနယ်စပ် ကို သွားမယ့် ကားပေါ်မှာ အမျိုးသား ၄၉ ယောက်နဲ့ အမျိုးသမီး ၄၆ ယောက်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

အဲဒီအပြင် ဖမ်းမိတဲ့အထဲ အသက် ၁၈ နှစ်အောက် ယောက်ျားလေး ၈ ယောက်နဲ့ မိန်းကလေး ၃ ယောက်လည်း ပါဝင်ပါတယ်။

ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုမှုနဲ့ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့လည်း Khaosad သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းကိုဖြတ်ပြီး မလေးရှားကို တရားမဝင် သွားရောက်ဖို့ ကြိုးစားချိန်မှာ ဖမ်းမိကြတာဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

"ကလေးတွေပါတယ်ဆိုတာက သူတို့ကို ပြည်တွင်းမှာ စောင့်ရှောက်မယ့်သူ မရှိဘူးဆိုတာက အကြောင်းတစ်ခုဖြစ်မယ်ဆိုတာထက် ပေါ်တာဆွဲတဲ့အထဲ ပါနိုင်လောက်တဲ့ အရွယ်လေးတွေဖြစ်တော့ သူတို့ကိုပါ ခေါ်လာကြတာတွေများတယ်"လို့ ဦးမိုးကြိုးက ပြောပါတယ်။

စစ်မှုထမ်း နည်းဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်သူ၊ မလေးရှားနိုင်ငံကို တရားမဝင်သွားဖို့ ထိုင်းကို ဖြတ်သွားချိန် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ဇန်နဝါရီ မှာ အယောက် ၇၀၀ ဝန်းကျင်၊ ဖေဖော်ဝါရီ လဝက်မှာ အယောက် ၅၀၀ ဝန်းကျင် ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် တရားဝင် ပြည်ပမှာ အလုပ်လုပ်ခွင့်ရှိတဲ့ MOU စနစ်နဲ့ အလုပ်သမား စေလွှတ်တာတွေကိုလည်း ရပ်ဆိုင်းခံထားရတဲ့အတွက် တရားမဝင် လမ်းကြောင်းကို ဝင်ရောက်လာတာတွေ ပိုများလာတယ်လို့လည်း မှတ်ချက်ပေးပါတယ်။

စစ်ခေါင်းဆောင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ပါ ဖမ်းဝရမ်းထုတ်ခံရ

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်တဲ့စာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ပါ ပါဝင်လာတယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ မှာ ထုတ်ပြန်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ အရပ်သား ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းမထုတ်ဖို့ BROUK ရဲ့တောင်းဆိုချက်ကို တရားရုံးက လက်မခံဘဲ ဝရမ်းထဲထည့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၄ခုနှစ်၊ဇွန်လမှာ အာဂျင်တီးနားအမှုလိုက်ရှေ့နေက အရပ်သားခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထဲထည့်သွင်းဖို့လျှောက်ခဲ့တာဖြစ်ပါတယ်။

BROUK ရဲ့ ပြင်ဆင်ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိ ၂၂ ဦး နဲ့ အရပ်သား ၃ ဦးပါတာတွေ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရချိန်မှာ မြန်မာနိုင်ငံမှာ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရ ဦးဆောင်နေတဲ့ကာလလည်း ဖြစ်ခဲ့ ပါတယ်။

ရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက်တာ၊ နေရပ်ကနေ အတင်းအကျပ် မောင်းထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ရှေ့နေချုပ်က လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။

ကျားဖြန့်တိုက်ဖျက်ရေး တရုတ်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်နေ

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဒုဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာမနေ့ကတွေ့ပြီး အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)တိုက်ဖျက်ရေး ထိထိရောက်ရောက် ကိုင်တွယ်ဖို့ဆွေးနွေးခဲ့ကြပါတယ်။

လက်ထောက်ဝန်ကြီး မစ္စတာ လျှိုကျုံးရီဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့နဲ့ သီးခြားစီ တွေ့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ နဲ့ နယ်စပ်ဒေသက အွန်လိုင်းလောင်းကစား လိမ်လည်မှုကွန်ရက်တွေကို တိုက်ဖျက်ရေးအတွက် မြန်မာ- ထိုင်း- တရုတ်သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ- တရုတ် နယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းရေးကို ပိုမိုမြှင့်တင်ဖို့ ဆက်ပြီးပူးပေါင်းဆောင်ရွက်ဖို့၊ မြဝတီက အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးတွေကို ပူးပေါင်းမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ပါတယ်။

ပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ချိန်မှာ မြန်မာနိုင်ငံမှာ အခက်ခဲတွေ ကြုံတွေ့နေရတာကြောင့် ကူညီကယ်တင်ဖို့ တောင်းဆိုထားတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမှာ တရားမဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်နိုင်ရေး ဆောင်ရွက်နေတာတွေ၊ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မိုင်းရယ်၊ မိုင်းဟဒေသထဲမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးအရေးယူခဲ့တဲ့ အခြေအနေတွေလည်း ဆွေးနွေးချက်တွေထဲမှာ ပါဝင်ပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးလက်ထောက်ဝန်ကြီးဟာ ကျားဖြန့်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်း-မြန်မာနယ်စပ်က မဲဆောက်နဲ့ မယ်ဆိုင်တို့ကို ဇန်နဝါရီနောက်ဆုံးပတ်က သွားရောက်ခဲ့ပါတယ်။